၂၇ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့

ဘုရားသခင်ဖက်စပ်တော်မူသောအရာကို လူသည်မခွဲခွာစေနှင့်။
သံမာကု ၁၀း၂-၁၆။
သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ဒီနေ့ဖတ်ရှု့ရတဲ့ဧ၀ံဂေလိတရားတော်မှာ လက်ထပ်ထိမ်းမြှားခြင်းအကြောင်း ထောက်ပြသွန်သင်ထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့တရားတော်ဟာ လက်ထပ်ထိမ်းမြှားခြင်းဆိုင်ရာသွန်သင်ချက်ထက် ပိုပြီးနက်ရှိုင်းပါတယ်။
ဒီနေ့ဧ၀ံဂေလိတရားတော်အား ဖတ်ရှု့မိတဲ့အခါ ဥပဒေနှင့် တရားတော်ဟူ၍ ကွဲပြားခြားနားစွာတွေ့နိုင်ပါတယ်။ ပထမ ဥပဒေဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား အကန့်အသပ်တစ်ခုထိသာ ဖြောင့်မတ်စေပါတယ်။ ဒါပေမယ့် တရားတော်မူကား လူတစ်ဦးတစ်၏ ဖြောင့်မတ်ခြင်းအား ပြီးပြည့်စုံစေပါတယ်။ ဒါ့ကြောင့်လည်း ခရစ်တော်သခင်ကို ဖာရီဇေဦးတို့က အကောက်ကြံ၍ လင်မယားကွာရှင်းအပ်သလောဟု မေးမြန်းကြရာတွင်ခရစ်တော်က ပထမ မိုးဇယ်ရဲ့ဥပဒေကို ထောက်ပြခဲ့ပါတယ်။ နောက်မှ တရားတော်ကို ညွှန်ပြခဲ့ပါတယ်။
မိုးဇယ်၏ဥပဒေမှာ လင်ယောက်ျားဖြစ်သူမှ အစပြု၍ ဖြတ်စာရေးကာ မိမိမယားအား ကွာရှင်းခွင့်ပြုပါတယ်။ ဒါ့ကြောင့် ဥပဒေအရကြည့်ရင် လင်မယားကွာရှင်းတာ တရားဝင်ပါတယ်။ ကျွန်တော်တို့လူမှု့အသိုင်းအ၀ိုင်းမှာ ဒီလိုသာဓကတွေ အများကြီးပါ။ တရားရုံးမှာ လက်ထပ်၍ တရားဝင်လက်ထပ်ထိမ်းမြှားခြင်းဖြစ်သလို၊ တရားရုံးမှာကွာရှင်း၍လည်း ဥပဒေနဲ့ ညီလျှင် တရားဝင်ပါတယ်။ ဒါပေမယ့်လည်း ဤဥပဒေအရဆိုတာတွေဟာ လူတွေရဲ့နှလုံးသားတွေ မာကြောခြင်းကြောင့်ဖြစ်ရသည်ဟု ခရစ်တော်သခင်က ထောက်ပြခဲ့ပါတယ်။
ခရစ်တော်သခင်၏ တရားတော်မှာတော့ ဘုရားသခင်၏မူလ စီမံကိန်းကိုထောက်ပြခဲ့ပါတယ်။ လူယောက်ျားနှင့် လူမိန်းမတို့ဟာ ဘုရားသခင်ဖန်ဆင်းကတည်းကပင် တစ်ဦးကိုတစ်ဦး ပြည့်စုံစေကြပြီး အပြန်အလှန်မှီခိုကြရင်း နှစ်ဦးသည်တစ်သားတည်းဖြစ်ရပါတယ်။ ဒါ့ကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားဆက်ဆံ၍ သစ္စာရှိရှိဖြင့် တရားတော်နှင့်ညီသော အိမ်ထောင်စု၊ မိသားစု တစ်ခုကိုတည်ထောင်အစပျိုးရင်း လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးထိ တိုးတက်စေရပါတယ်။ လူ့သားအသိုင်းအ၀ိုင်းတစ်ခုလုံး၏ အရင်းအမြစ်ဟာ ဒီမိသားစုလေးက စတင်တာပါ။
ဒီမိသားစုလေးတွေပျက်စီးခြင်းဟာ ၎င်းထက်ကြီးမားတဲ့ လူ့အသိုင်းအ၀ိုင်းကြီးပျက်စီးရာ လမ်းစဖြစ်နေပါလိမ့်မယ်။ ပျက်စီးနေတဲ့ မိသားစုမှ ပေါက်ဖွားလာတဲ့ ကလေးငယ်များဟာလည်း အနာဂတ်မှာ စိတ်ပိုင်းဆိုင်ရာ၊ လူမှု့ရေးဆိုင်ရာ၊ ၀ိညာဉ်ရေးဆိုင်ရာ ခြိုးတဲ့တဲ့ လူငယ်များဖြစ်လာစေပြီး ပတ်ဝန်းကျင်နှင့်အသိုင်းအ၀ိုင်းကို ဆုတ်ယုတ်စေပါတယ်။ ကျန်းမာပျော်ရွှင်တဲ့မိသားစုတစ်ခုဟာ အချင်းချင်းနားလည်ပေးတတ်သည့် မိဘနှစ်ပါး၊ အချင်းချင်း အပြန်အလှန်လေးစားဆက်ဆံတတ်သည့် မိဘနှစ်ပါး၊ အချင်းချင်း တစ်ဦးဟာတစ်ဦးအတွက် အသင့်ရှိနေတတ်သည့် မိဘနှစ်ပါး၊ အချင်းချင်းလက်ချင်းဆက်၍ ဆုတောင်းတတ်တဲ့ မိဘနှစ်ပါးတို့ပေါ်မှာ အများကြီးမူတည်ပါတယ်။ ဆုတောင်းခြင်းမှာ စည်းလုံးတဲ့မိသားစုဟာ အမြဲအတူတကွစည်းလုံးနေပါတယ်။ တရားရှိတဲ့မိသားစုမှာ ဘုရားရှိပါတယ်။ ဘုရားရှိတဲ့မိသားစုမှာ မေတ္တာတရားတို့ရှိပါတယ်။ မေတ္တာတရားရှိတဲ့မိသားစုမှာ ပြည့်စုံတဲ့ဘ၀၊ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀တို့ ရှိနေပါတယ်။
ဒီနေ့ ခေတ်ကာလမှာ ဟိုတရားရုံးက ဥပေဒေထုတ်လိုက်၊ ဒီတရားရုံးက ဥပဒေထုတ်လိုက်နဲ့ ဥပေဒေနှင့်ညီစေသလိုလိုဖြစ်တဲ့ လက်ထပ်ထိမ်းမြှားခြင်းတွေ ကမ္ဘာအနှံ့ပေါ်ပေါက်နေပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေကို ဥပဒေထက် ခပ်မြင့်မြင့် တရားလမ်းစဉ်နဲ့ စဉ်းစားထောက်ရှု့ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့နှလုံးသားတွေလည်း ဥပဒေတစ်ခုရဲ့ အကန့်အသပ်ဖြင့်သာ ဖြောင့်မတ်မှန်ကန်ကြမည်မဟုတ်တော့ဘဲ တရားတော်အရ ဖြောင့်မတ်မှန်ကန်လာကြမှာဖြစ်ပြီး ပြည့်စုံခြင်းသို့ရောက်စေမှာဖြစ်ကြောင်း ဒီနေ့ဧ၀ံဂေလိတရားတော်အား ထောက်ရှု့ဝေငှလိုက်ပါတယ်။
ဒိုမီနီကန်ကိုရင်

Post a Comment

0 Comments