ပုပ်ရဟန်းမင်းကြီးဆဌမမြောက် ပေါလူး။- ရဟန္တာ (saint)အဖြစ်သို့

လာမည့် တနင်္ဂနွေနေ့အတွက် ဗာတီကန်ရင်ပြင်တော်ကြီးက အဆင်သင့် ဖြစ်နေပါပြီ။ ကမ္ဘာတ၀ှမ်းမှ လူပေါင်းများစွာကလည်း အဲဒီနေ့ကို ၀မ်းမြောက်ဝမ်းသာနဲ့ စောင့်နေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က သူတော်စင် (Blessed) ၆ပါးကို ရဟန္တာ (saint)အဖြစ် ကမ္ဘာတ၀ှမ်းလုံးကို ကြေငြာပေးပါတော့မယ်။ အဲဒီလို ရဟန္တာတင်မြှောက်ခံရမယ့် သူတော်စင်များထဲမှာ ကမ္ဘာကြီးမမေ့နိုင်သေးတဲ့ ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလူးနှင့် လာတင်အမေရိကရှိ ဆာလ်ဗာဒေါနိုင်ငံ၏ သူရဲကောင်း ဆရာတော်ကြီး အောစကာရိုမဲရိုတို့ ပါဝင်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလူးဟာ အသင်းတော်ကြီးရဲ့ ခေတ်သစ်ခြေလှမ်းကြီးဖြစ်တဲ့ ဒုတိယ-ဗာတီကန်ညီလာခံကြီးကို ၁၉၆၃-၁၉၆၅ မှာ ဦးဆောင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။ အသင်းတော်အတွင်း ပြုပြင်ပြောင်းလဲရေးများစွာကို ခေတ်နှင့်အညီ ပြုလုပ်ပေးခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ ညီလာခံကြီးကို အောင်မြင်စွာ ပိတ်ပေးခဲ့တဲ့ အရှင်သူမြတ်ကြီးလည်း ဖြစ်ပါတယ်။
အရှင်သူမြတ်ကြီးကို အပြန်အလှန်နှီးနှောဖလှယ်သူ (Dialogue) ပုပ်ရဟန်းမင်းကြီးလို့ သမုသ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှင်သူမြတ်ကြီးရဲ့Ecclesiam Suam စာချွန်တော်ထဲမှာ အသင်းတော်ကို ကမ္ဘာကြီးနှင့် အပြန်အလှန်နှီးနှောဖလှယ်မှုရှိတဲ့ အသင်းတော်ကြီး ဖြစ်စေချင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီ့အတွက်လည်း အရှင်သူမြတ်ကြီးက အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ပါတယ်။ ကမ္ဘာကြီးနှင့်နှီးနှောဖလှယ်ပေမယ့် အမှန်တရားနှင့် အသင်းတော်ရဲ့သွန်သင်ချက်တွေကတော့ လူ့အလိုလိုက်ပြီး ပြောင်းလဲလို့မရပါ။ ဒီ့အတွက် အတုအပတွေသုံးပြီး သန္ဓေတားခြင်းကိုတော့ လုံးဝဆန့်ကျင့်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်တွင် Humanae Vitae ဆိုတဲ့ အဓိပ္ပာယ်ရှိလှတဲ့ စာချွန်တော်ကို ရေးသားခဲ့ပါတယ်။ တကယ်တော့ အရှင်သူမြတ်ကြီးခေတ်ကာလဟာ အခက်အခဲမျိုးစုံနဲ့ စိန်ခေါ်မှုတွေ ပြင်းထန်လွန်တဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်မိန့်ဆိုသလိုပဲ - ပုပ်ရဟန်းမင်းကြီးဆဌမမြောက်ပေါလူးဟာဆိုရင် အခက်ခဲမျိုးစုံကြားမှာ တရားတော်ကို ဘယ်လိုသက်သေခံရမယ်ဆိုတာ သိတဲ့ပုဂ္ဂိုလ်ကြီးပါပဲ။ ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)ကတော့ အရှင်သူမြတ်ကြီးကို Superhuman ...စူပါလူသားပဲလို့ ချီးကျူးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က အရှင်သူမြတ်ကြီး မိန့်ခဲ့၊ ဟောခဲ့သမျှ ဒီနေ့ဖြစ်ပျက်နေတာပါတယ်။ ဒါ့ကြောင့် အရှင်သူမြတ်ကြီးကို ပရော်ဖက်ကြီးလို့လဲ ခေါ်ဆို သမုသ်ကြပါသေးတယ်။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com

Post a Comment

0 Comments