သင်သည် ငါနှစ်သက်မြတ်နိုးရာချစ်သားပေတည်း။ (လုကာ ၃း၂၂)
ယနေ့ အသင်းတော်အတွင်း သခင်ခရစ်တော်၏ဆေးကြော်ခြင်းမင်္ဂလာခံယူခြင်းပွဲကို ကျင်းပခြင်းအားဖြင့် ခရစ္စမတ်ကာလကို အဆုံးသပ်တယ်လို့ဆိုရမှာပါ။ ခရစ္စမတ်ပွဲတော်ဟာ ယေဇူးခရစ်တော် (သို့) ဘုရား၏လူ့အဖြစ်ယူခြင်းဖြစ်ပြီး တနည်းအားဖြင့် ဘုရားသခင်၏သဏ္ဍာန်တော်ထုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ ခရစ္စမတ်ပွဲတော်အားဖြင့် ယေဇူးခရစ်တော်ဘုရားဟာ လူ့အဖြစ်ကိုယူပြီး ထာဝရဘုရားသခင်၏ ကျွန်တော်တို့လူသားများမြင်တွေ့ဖူးမျှော်စေပါတယ်။ ဘုရားသခင်၏သဏ္ဍာန်တော်ထုတ်ဖော်ပြခြင်းဟာ လူမျိုးတစ်မျိုးတစ်စုတည်းအတွက်သာမဟုတ်ဘဲ တကမ္ဘာလုံးအတွက်ဖြစ်ကြောင်း မင်းသုံးပါးအားဖြင့် သိမြင်စေပါတယ်။ ထို့အပြင် ဘုရားတစ်ဆူဟာ ပုဂ္ဂိုလ်သုံးပါးဖြစ်ကြောင်း ယနေ့ဆေးကြော်ခြင်းမင်္ဂလာအားဖြင့်လည်း ဖော်ပြနေပါတယ်။ယနေ့ဧ၀ံဂေလိတရားတော်မှာ အပိုင်းနှစ်ပိုင်းကိုခွဲခြားစဉ်းစားထောက်ရှု့စေပါတယ်။ ပထမပိုင်းမှာတော့ သံယောဟန်ဗတ္တိဇံအား ခရစ်တော်အဖြစ်ထင်ယောင်ထင်မှားဖြစ်နေကြတဲ့လူအုပ်ကြီးနှင့် သံယောဟန်ဗတ္တိဇံရဲ့ရိုးသားနိမ့်ချတဲ့ဝန်ခံထွက်ဆိုချက်ကို ကြားနာထောက်ရှု့နိုင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ယေဇူးခရစ်တော်သာလျှင် ခရစ်တော်ဖြစ်ကြောင်း၊ ကယ်တင်ရှင်ဖြစ်ကြောင်း ဖော်ပြသက်သေခံထားပြီး ဘုရားသခင်နှစ်သက်မြတ်နိုးရာတစ်ပါးတည်းသော သားတော်ဖြစ်ကြောင်းကို သက်သေခံထားပါတယ်။
ထိုအချိန်အခါက သံယောဟန်ဗတ္တိဇံဟာ လူများစွာကိုနောင်တ တရားဟောပြောပြီး ဆေးကြော်ခြင်းမင်္ဂလာပေးနေပါတယ်။ တချိန်တည်းမှာပဲ ယောဟန်ရဲ့ကြော်ကြားလာမှု့နှင့်အတူ လူများစွာဟာ သူတို့စောင့်မျှော်နေတဲ့ မက်ဆီးယားသခင်၊ ခရစ်တော်ဟာ ယောဟန်ပဲဟုထင်မှတ်နေကြပါတယ်။ သို့ပေမယ့်လည်း ယောဟန်ကတော့ ရိုးသားဖြောင့်မတ်ပြီးနိမ့်ချတတ်တဲ့သူဖြစ်တဲ့အလျောက် သူဟာခရစ်တော်မဟုတ်ဘဲ သူ့နောက်မှကြွလာမယ့်သူသာလျှင် ခရစ်တော်ဖြစ်ကြောင်းပြန်လည်ဟောပြောသက်သေခံပြီး ခရစ်တော်ရောက်လာချိန်မှာ ဤသူကိုကြည့်လော့ - ဘုရား၏သိုးငယ်တော်ကိုကြည့်လော - ခရစ်တော်သခင်ကို ကြည့်လော့ဆိုပြီး ညွှန်ပြသက်သေခံခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ခရစ်ယာန်တွေ၊ အထူးသဖြင့် တရားဟောပုဂ္ဂိုလ်တွေ အတုယူရမယ့်အချက်ပါပဲ။ ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ်၊ ဘယ်လိုကြော်ကြားမှု့ကြားမှာပဲဖြစ်ဖြစ် ကျွန်တော်တို့တတွေဟာ ခရစ်တော်ကိုသာလျှင် ညွှန်ပြနေသူများဖြစ်တယ်ဆိုတာ မမေ့ဘဲ နိမ့်ချမှန်ကန် ဖြောင့်မတ်တတ်ရပါမယ်။
ဆေးကြောခြင်းမင်္ဂလာခံယူခြင်းဟာ ခရစ်ယာန်တို့၏တထူးတခြား ဓလေ့ထုံးတမ်းဖြစ်ပြီး အသင်းတော်၌ Initial Sacrament အစပျိုးစက္ကရမင်တူးအဖြစ် သွန်သင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤဆေးကြောခြင်း စက္ကရမင်တူးသည် ခရစ်ယာန်ဘ၀အသက်တာကို လက်ခံယုံကြည်ပြီး ခရစ်ယာန်အသိုင်းအ၀ိုင်းသို့ စတင်ဝင်ရောက်သည့်အခါ ခံယူသည့်စက္ကရမင်တူးဖြစ်သလို နောက်ထပ်အခြား စက္ကရမင်တူး ခြောက်ခုကို ခံယူနိုင်ဖို့ ဒီဆေးကြောခြင်းစက္ကရမင်တူးမှ စတင်ရပါတယ်။ ဆေးကြောခြင်းဆိုတာ ဂျူးတို့၏ Tvilah ဟုခေါ်ဆိုသော ရေထဲနှစ်၍ သန့်ရှင်းစင်ကြယ်ခြင်းအခမ်းအနားကို နောက်ခံပြုထားသည်ဟုလည်း ဆိုနိုင်ပါတယ်။ ထိုပွဲတော်နှင့်လည်း ပုံစံတူညီပါတယ်။
ယနေ့ ယေဇူးခရစ်တော်ရဲ့ဆေးကြော်ခြင်းမင်္ဂလာဟာ ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ ဆေးကြော်ခြင်းမင်္ဂလာကို နားလည်နိုင်ဖို့အတွက် အဓိကအချက်ပဲဖြစ်ပါတယ်။ သံယောဟန်ရဲ့ဆေးကြော်ခြင်းမင်္ဂလာကတော့ သာမာန်စင်ကြယ်ခြင်းအမှတ်လက္ခဏာသာဖြစ်ပြီး ယေဇူးခရစ်တော်ရဲ့ဆေးကြော်ခြင်းမင်္ဂလာကတော့ အာမခံချက်အပြည့်ဝပါတဲ့ ကယ်တင်ခြင်းကျေးဇူးတော်ဖြစ်ပါတယ်။ ဒါဆိုလျှင် ခရစ်တော်သည် ဘာကြောင့်ယောဟန်ဗတ္တိဇံထံသွားပြီး ဆေးကြောခြင်းမင်္ဂလာခံယူပါသလဲ ဟုမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အပြစ်သားတွေဟာ နောင်တရလို့ ဆေးကြောခြင်းခံယူပေမယ့် အပြစ်မရှိသည့်ခရစ်တော်ကတော့ နောင်တရစရာမလိုဘဲ ဆေးကြောခြင်းခံယူတာ ဘာကြောင့်ပါလဲဟုလည်း မေးခွန်းထုတ်စရာဖြစ်နေပါလိမ့်မယ်။ ထိုအဖြေကို ဖတ်ရှု့ရမည့် မာတေဦးကျမ်းမှာ “ယောဟန်ကလည်း အကျွန်ုပ်သည်ကိုယ်တော်ထံမှ ဆေးကြောခြင်းကိုခံယူရမည်သူဖြစ်ပါလျက်နှင့် ကိုယ်တော်သည်အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလောဟုဆိုကာ ကိုယ်တော့်အားတားမြစ်လေ၏။ - သို့သော် ယေဇူးက ယခုအခါတွင် ဤသို့ရှိပါစေ။ အကြောင်းမူကား ဖြောင့်မှန်ရာအလုံးစုံတို့ကို ငါတို့လိုက်နာသင့်သည်ဟု မိန့်တော်မူသဖြင့် ယောဟန်လည်း လက်ခံလေ၏”
ခရစ်တော်သခင်အတွက် သံယောဟန်ထံမှ ဆေးကြော်ခြင်းခံယူဖို့မလိုအပ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ကဲ့သို့လူ့အဖြစ်ကိုယူပြီး လူသားထုတရပ်လုံးကို ကိုယ်စားပြု၍ လောကအပြစ်အညစ်ကြေးများမှ သန့်ရှင်းစင်ကြယ်ခြင်းအမှတ်လက္ခဏာကို ပြသခြင်းဖြစ်ပါတယ်။ နာဇီယမ်မြို့မှ စိန်ဂရေဂေါ်ရီကလည်း ဤသို့မှတ်ချက်ပြုပါတယ် - ခရစ်တော်သည် အလင်း၌ဆေးကြော်ခြင်းခံလေပြီ။-တို့တတွေလည်း ခရစ်တော်နှင့်အတူအလင်း၌ ဆေးကြော်ခြင်းခံကြစို့။- ခရစ်တော်သည် အလင်း၌ဆေးကြောသလို တို့တတွေလည်း ခရစ်တော်နှင့်အတူ လိုက်ဆင်းကြစို့။-ဒါမှ တို့တတွေလည်း ခရစ်တော်နှင့်အတူ အမြင့်ကိုတက်ရလိမ့်မယ်။
မိတ်ဆွေ - ဆေးကြောခြင်းမင်္ဂလာခံယူထားသည့် ကျွန်ုပ်တို့တတွေလည်း ပထမ- ယောဟန်တရားလို နောင်တတရားရှိကြပြီး ဘုရားသခင်ထံသို့ပြန်လည်ဦးတည်နေပြီလား။ ဒုတိယ- ခရစ်တော်၏ ဆေးကြောခြင်းစက္ကရမင်တူးအားဖြင့် နောက်ထပ်စက္ကရမင်တူးများကို ရယူသွားနိုင်ဖို့ ကြိုးစားနေကြပြီလား။ စဉ်းစားစရာတွေပါ။ ကျေးဇူးတော်တွေရရှိနိုင်ဖို့ အခြေနေကို ခရစ်တော်ဖန်တီးပေးထားပြီးသော်လည်း ကျွန်ုပ်တို့တတွေ ကျေးဇူးတော်တွေလက်ခံနိုင်ဖို့ အသင့်ရှိနေကြပြီလား။ ထောက်ရှု့စဉ်းစားရင်း လိုအပ်သောကျေးဇူးတော်များတောင်းခံကာ ခရစ်ယာန်ဘ၀အသက်တာကို အပြည့်အ၀ရှင်သန်ကျင့်ကြံနိုင်အောင် ကြိုးစားသွားကြပါစို့။
ဒိုမီနီကန်ကိုရင်
#Dominicankoyin
0 Comments