ခရစ်တော်ထံမှာ နှလုံးသားတံခါးတွေကို ကျယ်ကျယ်ဖွင့်ကြပါ။ (ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်)
ယခုနှစ် ၂၀၁၅ ဒီဇင်ဘာလ ၈ ရက်နေ့ (မယ်တော်သခင်မ၏အပြစ်မဲ့သန္ဓေယူတော်မူခြင်းပွဲနေ့)မှစ၍ ၂၀၁၆ ခုနှစ်၏၀တ်ပြုကိုးကွယ်ခြင်းပြကဒိန်၏နောက်ဆုံးနေ့ဖြစ်တဲ့ ယေဇူးဘုရင်ပွဲ (နိုဝင်ဘာ ၂၀)အထိကို မဟာဂရုဏာအထူးဂျူဗီလီနှစ်ကြီးအဖြစ် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ ဖွင့်လစ်ပေးပြီး အထူးဆုတောင်းခြင်းနှစ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
ဘာကြောင့် အထူးဂျူဗီလီနှစ်ဟု ခေါ်ရသလဲဆိုတာကတော့ ပုံမှန်ဂျူဗီလီနှစ်မဟုတ်တဲ့ သာမာနှစ်တစ်ခုအား လိုအပ်ချက်တွေကြောင့် ဂျူဗီလီနှစ်အဖြစ်သတ်မှတ်လိုက်ရတဲ့အတွက်ကြောင့်ဟု သာမာန်ဖြေရပါလိမ့်မယ်။ အဓိကအားဖြင့်တော့ ဂျူဗီလီနှစ်ဆိုတာ မူရင်းအားဖြင့် ဓမ္မဟောင်းမှဆင်းသက်လာပြီး ဥပုသ်နှစ် (၇)နှစ်ပတ်လည်၏နောက်ဆုံးနှစ်၊ (သို့) ဥပုသ်နှစ်ကြီး၏ဥပုသ်နှစ်ကို ခေါ်ပါတယ်။ ၎င်းဥပုသ်နှစ်ကြီး၏ဥပုသ်နှစ်ဟာ ၄၉ နှစ်မြောက်နှစ်လော - ဒါမှမဟုတ် ၎င်းနောက်မှတဆက်တည်းနှစ် ၅၀နှစ်မြောက်လောဆိုတာတော့ တတ်အားမပြောနိုင်ကြပါဘူး။ သိုပေမယ့်လည်း ဥပုသ်နှစ်၏အနှစ်အဓိပ္ပာယ်ကတော့ ၀တ်ပြုရာကျမ်း ၂၅း၈-၁၃ အတိုင်း ဘုရားသခင်ရဲ့သနားဂရုဏာခြင်းကိုသက်သေခံရန်အတွက် မိမိအသိုင်းအ၀ိုင်းအတွင်းရှိ အချင်းချင်း သနားဂရုဏာပြသရန် - ကြွေးမှီကြွေးရပ်များလျော်ပေးခြင်း၊ ခွင့်လွတ်ခြင်း၊ အကျဥ်းသားဘ၀တွေမှ လွတ်ငြိမ်းချမ်းသာပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း၊ ကူညီပေးခြင်း စသဖြင့်တွေကို လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။
ထို့ကြောင့် ဂျူဗီလီဆိုတာ သနားဂရုဏာခြင်းနှစ်ပါပဲ။ ထိုရည်ရွယ်ချက်အတိုင်း အသင်းတော်အတွင်း အပြစ်ခွင့်လွတ်ခြင်းများ၊ ပြန်လည်ကြေအေးသင့်မြတ်ခြင်းများ၊ သနားဂရုဏာဝေငှခြင်းများကို ဘုရားသခင်၏ ခွင့်လွတ်ခြင်းနှင့် သနားဂရုဏာတရားများအပေါ်အာရုံပြုကာ ကျွန်တော်တို့အချင်းချင်းအကြား၊ အသင်းတော်အတွင်းမှာ ခမည်းတော်ဘုရားကဲ့သို့သနားဂရုဏာပါဟူသောဆောင်ပုဒ်အားဖြင့် အတုယူကျင့်ကြံဖို့ အထူးနှစ်အဖြစ် တိုက်တွန်းလိုက်ခြင်းလည်းဖြစ်ပါတယ်။
ဤဂျူဗီလီနှစ်၏အထူးလက္ခဏာအဖြင့် သန့်ရှင်းသောတံခါးဖွင့်ခြင်းကို ပြုလုပ်ပါတယ်။ သမိုင်းအရတော့ ဤသို့သန့်ရှင်းသောတံခါးဖွင့်ခြင်းကို ၁၅ ရာစုအတွင်း ပုပ်ရဟန်းမင်းကြီး မာတင် (၅)မှ ၁၄၂၃ တွင် ပထမဆုံးအဖြစ် စိန်ဂျွန်းဘာစီလီကာ (St. John Lateran)တွင် ဖွင့်လစ်ခဲ့ပါတယ်။ ထို့နောက်မှ ၎င်း၏အရိုက်ရာခံ ပုပ်ရဟန်းမင်းကြီးများဟာ ထိုဓလေ့ကိုကျင့်သုံးလာပြီး အထူးသဖြင့် ပုပ်ရဟန်းမင်းကြီး အာလက်ဇင်းဒါး (Pope Alexander VI)ဟာ ၁၉၄၄ ခုနှစ်တွင် အခြားသော အထူးဘာစီလီကာကြီးများဖြစ်တဲ့ စိန်ပီတာ (ဗာတီကန်)၊ စိန်မဟာမေရီ နှင့် စိန်ပေါလ်ကျောင်းကြီးများမှ တံခါးတော်များကိုလည်း ချဲ့ထွင်ဖွင့်လစ်ပေးခဲ့ပါတယ်။
နှစ် ၂၀၀၀ ဂျူဗီလီကြီးမတိုင်ခင်အထိ စိန်ပီတာဘာစီလီကာမှ သန့်ရှင်းသောတံခါးတော်အား ပုပ်ရဟန်းမင်းကြီးကိုယ်တော်တိုင် ဖွင့်လစ်လေ့ရှိပြီး အခြားသောဘာစီလီကာမှ သန့်ရှင်းသောတံခါးတော်များကိုတော့ ပုပ်ရဟန်းမင်းကြီး၏အထူးကိုယ်စားလှယ်တော်များအားဖြင့် ဖွင့်လစ်စေခဲ့ပါတယ်။ သို့သော်လည်း ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်ကတော့ ဘာစီလီကာကျောင်းကြီးလေးကျောင်းမှ သန့်ရှင်းသောတံခါးတော်များကို ကိုယ်တော်တိုင်ဖွင့်လစ်ပါတယ်။ စိန်ပီတာဘာစီလီကာကျောင်းတော်ကြီး သန့်ရှင်းသောတံခါးတော်ကတော့ ပထမဆုံးဖွင့်လစ်ရမှာဖြစ်ပြီး နောက်ဆုံးမှပိတ်ရမှာဖြစ်ပါတယ်။
ဤသို့ သန့်ရှင်းသောတံခါးတော်ကိုဖွင့်ခြင်း အမှတ်လက္ခဏာဟာ-
(၁) အတွင်းနှင့်အပြင် ခြားနားခြင်းကို မြင်တွေ့စေပြီး အပြစ်နှင့်ကျေးဇူးတော်ကို တွေ့မြင်နိုင်စေပါတယ် (မိခါ ၇း၁၈-၁၉)
(၂) ၎င်းဟာ အ၀င်သစ်၊ နေရာသစ်ကိုဝင်စေခွင့်ပြုပေးပြီး အပြစ်တင်ရှု့ချခြင်းထက် သနားဂရုဏာကို ပိုပြီးပြသပေးပါတယ်။ (မာတေဦး ၉း၁၃)
(၃) ၎င်းဟာအကာအကွယ်ပေးခြင်းကိုဆောင်ပြီး ကယ်တင်ခြင်းတရားကို ကာကွယ်ပေးနေပါတယ် (ယောဟန် ၁၀း၇)
ထို့အပြင် အထူးအမှတ်လက္ခဏာကတော့ ခရစ်တော်ကိုယ်တော်တိုင်ဖြစ်ပြီး သံယောဟန်ကျမ်း ၁၀း၇ မှာ "ငါသည်တံခါးဖြစ်၏" ဟုမိန့်ဆိုထားပါတယ်။ ဘုရားသခင်နှင့်ဆက်နွယ်နေဖို့အတွက် ခရစ်တော်တည်းဟူသော တံခါး၊ ၀င်ပေါက်တစ်ခုတည်းသာရှိပါတယ်။ ဆာလံကျမ်း ၁၁၇း၂၀ အတိုင်းပဲ ၎င်းဟာ ဘုရားသခင်၏တံခါးတော်ပါပဲ - ဤတံခါးတော်အားဖြင့် တရားသောသူတို့ဝင်ကြရလိမ့်မယ်။
ဤသံရှင်းသောတံခါးတော်များအားဖြင့် ဘာသာဝင်အားလုံးဟာ လွတ်လပ်စွာရွေးချယ်ခွင့်ရှိနေရမှာဖြစ်ပြီး တချိန်တည်းမှာလည်း မကောင်းတဲ့အရာ၊အတိတ်ကာလမှ ညစ်ညမ်းမှု့များအားလုံးကို စွန့်လွတ်နိုင်တဲ့ သတ္တိရှိနေရမှာဖြစ်ပါတယ်။ (မာတေဦး ၁၃း၄၄-၄၆ ကိုဖတ်ပါ။)
ဤသန့်ရှင်းသောတံခါးတော်အားဖြတ်သန်းခြင်းအားဖြင့် ကျွန်တော်တို့တတွေဟာ ယေဇူးခရစ်တော်ဟာ အရှင်သခင်ဆိုတာကိုကြွေးကြော်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို ပြန်လည်နိုးကြားစေပြီး ခရစ်တော်ကမ်းလမ်းတဲ့ဘ၀အသစ်ကို လက်ခံခြင်းဖြစ်ပါတယ်။ ခရစ်တော်ထံမှာ နှလုံးသားတံခါးတွေကို ကျယ်ကျယ်ဖွင့်ကြပါ။
ဒိုမီနီကန်ကိုရင်
#Dominicankoyin
0 Comments