သံပေတရူးနှင့် သံပေါလူး ပွဲနေ့ကြီး


သံမာတေဦး ၁၆း ၁၃-၁၉
ယနေ့ အသင်းတော်ကြီးတစ်ခုလုံးတွင် သံပေတရူးနှင့် သံပေါလူးပွဲနေ့ကြီးကို အောက်မေ့ကျင်းပနေကြပါတယ်။ ထိုတမန်တော်ကြီးနှစ်ပါးဟာ ခရစ်တော်၏ဧ၀ံဂေလိတရားဒေသနာတော်ကို ဂျူးလူမျိုးများအတွင်း၌သာ မဟုတ်ဘဲ တကမ္ဘာလုံးသို့ ပြန့်ပွားစေရန်နှင့် တကမ္ဘာလုံးကယ်တင်ခြင်းတရားကို ရရှိစေရန် အထူးကြိုးစားခဲ့သူ ဓမ္မအာဇာနည်ကြီးများဖြစ်ပါတယ်။ သံပေတရူးဆိုတာက ခရစ်တော်၏တပည့်တော်ကြီး ၁၂ ပါးထဲမှာ ထင်ထင်ပေါ်ပေါ်ရှိနေတတ်ပြီး အရာရာမှာဦးဆောင်တတ်လေ့ရှိသည့် အနာဂတ်အသင်းတော်၏ခေါင်းဆောင် တစ်ဦးဖြစ်လာခဲ့တဲ့ စီမွန်ပင်ဖြစ်ပါတယ်။ “သင်သည် ခရစ်တော်ဖြစ်သည်”ဟု ၀ိညာဉ်တော်အလင်းကျေးဇူးဖြင့် ယေဇူးသခင်၏ဇာတိကို ထုတ်ဖော်ကြွေးကြော်နိုင်ခဲ့သူဖြစ်၍ ယေဇူးခရစ်တော်က သူ့အား ကျောက်တုံးဟု ခေါ်သမုတ်ပြုကာ ပေတရူးဟုအမည်ပေးခဲ့ပြီး ထိုကျောက်ပေါ်မှာ အသင်းတော်ကို ငရဲတံခါးတို့ပင် မအောင်နိုင်အောင် ခိုင်ခိုင်ခံ့ခံ့တည်ဆောက်မည်ဟု မိန့်ဆိုခဲ့တာဖြစ်ပါတယ်။

အစ္စရေးလူမျိုး ၁၂မျိုးကို ကိုယ်စားပြု၍ တပည့်တော်ကြီး ၁၂ပါးကို ရွေးချယ်ခဲ့ပေမယ့်လည်း အစ္စရေးလူမျိုးမဟုတ်တဲ့ အခြားသောကမ္ဘာလူသားများအားလုံးကိုလည်း ကိုယ်စားပြုဖို့ နောက်ထပ် တပည့်တော်ကြီးတစ်ပါးကိုလည်း ယေဇူးခရစ်တော်က ရွေးချယ်ပေးခဲ့ပါတယ်။ ထိုတပည့်တော်ကြီးကတော့ သံပေါလူးပင်ဖြစ်ပါတယ်။ ပေါလူးဆိုတာကတော့ အမှန်မှာ ဂျူးကျမ်းတတ်ဆရာတစ်ဦးဖြစ်ပြီး ဂျူးလို သူ့နာမည်ကိုတော့ စောလူးလို့ခေါ်ပါတယ်။ ဂျူးကျမ်းတတ်ဆရာကြီးတစ်ဦးဖြစ်သည့်အလျောက် မိုးဇယ်ရဲ့ဥပဒေကျမ်းဟာ သူ့ရဲ့လက်ကိုင်ဖြစ်ခဲ့ပါတယ်။ ထို့ကြောင့်လည်း မိုးဇယ်ဥပဒေနှင့်မညီဘူးဟု ထင်ရတဲ့ ခရစ်တော်နောက်လိုက်တွေကို ညှင်းပမ်းနှိပ်စက်ခဲ့သူကြီးအဖြစ် နာမည်ဆိုးကြီးပင် ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း မိုးဇယ်ဥပဒေကျမ်းကြီးကိုလက်ကိုင်ဆွဲပြီး ဂျူးမျိုးချစ်စိတ်အလွန်ပြင်းထန်တဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ ၀ိညာဉ်တော်အလင်းကျေးဇူးဖြင့် ကယ်တင်ခြင်းတရားဆိုတာ တကမ္ဘာလုံးအတွက်မှန်း သူမြင်လာခဲ့ရတယ်။ ဒါကြောင့်လည်း ဒီဂျူးမျိုးချစ်ကြီးက ဂျူးတွေရဲ့ရှုံ့ချခြင်းကိုပင်ခံယူခဲ့ပြီး အခြားသော ကမ္ဘာလူသားများအတွက် မားမားမတ်မတ်ရပ်တည်ခဲ့သူ - ဂျူးမဟုတ်တဲ့ကမ္ဘာလူသားများအားလုံးအတွက် ခရစ်တော်ရဲ့ ဧ၀ံဂေလိတရားတော်၏ တမန်တော်ကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်။

ဤတမန်တော်ကြီးနှစ်ပါးဟာ တစ်ဦးနှင့်တစ်ဦးခြားနားခြင်းတွေရှိနေပါလိမ့်မယ်။ သို့သော်လည်း သူတို့ဟာ ဧ၀ံဂေလိတရားတော်အတွက်တော့ တစ်ဦးတည်းသာဖြစ်ပါတယ်။ သူတို့နှစ်ဦး သာသနာပြုနည်းလမ်းတွေ တူညီလျှင်မှ တူညီပါလိမ့်မယ်။ သို့ပေမယ့်လည်း သူတို့ဟောပြောတာကို သူတို့ကိုယ်တိုင်သိကြတဲ့အတွက် သက်သေခံဟောပြောခြင်းကတော့ တစ်ခုတည်းသာဖြစ်ပါတယ်။ ထို့ကြောင့် စိန်သြဂုတ်စတင်းက - ထိုဓမ္မအာဇာနည်ကြီးများဟာ သူတို့တွေ့ကြုံပြီးသည့်အရာကို သူတို့ဟောပြောသက်သေခံကြတယ်၊ လို့ဆိုပါတယ်။

ထိုသို့ဆိုလျှင် ထိုတပည့်တော်ကြီးတွေ ဘာကိုတွေ့ကြုံပြီး ဟောပြောသက်သေခံနေကြပါသလဲ။ ကျွန်ုပ်တို့တတွေ စူးစမ်းသိလိုစိတ်တွေ ရှိနေပါတယ်။ သူတို့ဟောတာ ခရစ်တော်အကြောင်းဆိုတာ သိနေပေမယ့်လည်း အမှန်စင်စစ်သူတို့ဟောပြောတဲ့ ခရစ်တော်ဆိုတာ . . .

သံမာတေဦးကျမ်းထဲတွင် ယေဇူးက သူဘယ်လဲဆိုတာ လူတွေကဘယ်လိုပြောလဲလို့ မိန့်ဆိုပါတယ်။ ထိုအခါ တချို့က ယောဟန်ဘတ္တိဇံ၊ တချို့ကလည်း ဧလိယ၊ တချို့ကလည်း ဂျေရမိယ၊ တချို့ကျပြန်တော့လည်း ပရော်ဖက်တစ်ပါးပါးဖြစ်မှာပါလို့ ဖြေဆိုကြပါတယ်။ ထိုအဖြေတွေ မမှန်ခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အဖြေက သံပေတရူးပေးတဲ့အတိုင်း - ကိုယ်တော်ဟာ အသက်ရှင်တော်မူသည့် ဘုရားသခင်၏ သားတော်တည်းဟူသော ယေဇူးခရစ်တော်ဖြစ် ပါတယ်။ အမှန်တော့ ဒီအဖြေကို ပေတရူးကိုယ်တိုင် မသိခဲ့ရပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်၏အလင်းကျေးဇူးကြောင့်သာ သိခဲ့ရခြင်းဖြစ်ပါတယ်။ တကယ်တမ်းကျတော့လည်း ပေတရူးဟာ ကျွန်တော်တို့လို သာမန်ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ပါတယ်။ ယေဇူးသခင်ကို သာမာန်ဆရာတစ်ဆူအဖြစ်၊ သာမာန်လွတ်မြောက်ခြင်းပေးသူအဖြစ်သာ လိုက်ခဲ့သူပါ။ သို့ပေမယ့်လည်း သူမသိလိုက်ခင်မှာဘဲ သူဟာ သာမန်လွတ်မြောက်ခြင်းရသူမဟုတ်ဘဲ ကယ်တင်ခြင်းတရားကို ပိုင်ဆိုင်နိုင်သူ၊ လမ်းညွှန်ပေးနိုင်သူ၊ ဆရာသခင်၏ ဇာတိမှန်ကိုသိရှိသူ ဖြစ်နေပါပြီ။ ထို့ကြောင့်လည်း ခရစ်တော်က ကျောက်ကြီးလို့ တင်စားပြီးအသင်းတော်ကို သူနှင့်တည်ထောင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ အခြားတပည့်တော်ကြီးများလည်း ဤတာဝန်နှင့်မထိုက်တန်ဘူးဟု မဆိုလိုသော်လည်း ပေတရူးကတော့ ခရစ်တော်၏အိမ်တော်၊ ခန္တာတော်၊ အသင်းတော်အတွက် ပြောရေးဆိုခွင့်ရှိသူ၊ ကိုယ်စားပြုကြီး အဖြစ်ရွေးခံခဲ့ရပါတယ်။

အသင်းတော်ဆိုတာ လောကရှိနယ်နိမိတ်စည်းတွေနဲ့ ၀ိုင်းခြားသတ်မှတ်ထားလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်းကင်နိုင်ငံကလည်း လောကနိုင်ငံတွေလို နယ်နိမိတ်စည်းတွေနဲ့ ခြားထားနိုင်ငံ မဟုတ်လို့ပါပဲ။ ကောင်းကင်နိုင်ငံတော်ဟာ ကျွန်တော်တို့လောကနယ်နိမိတ်တွေနဲ့ လုံးဝသက်ဆိုင် ခြားနားခြင်းမရှိဘဲ ကျွန်ုပ်တို့နှလုံးသားကို အုပ်စိုးသည့် တရားသောနိုင်ငံပင် ဖြစ်ပါတယ်။ ထိုသို့ နယ်ခြားစည်းမရှိကြောင်းကို သံပေါလူးအားဖြင့် သက်သေခံပြသနေပါတယ်။ သူဟာ တကယ့်ကို ကောင်းကင်နိုင်ငံအတွက် သာသနာပြုကြီးပါပဲ။ ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် စာနာစိတ်ကြီးစွာ ခရစ်တော်၏နာမတော်ဖြင့် ဧ၀ံဂေလိတရားကို မမောမပမ်းနိုင်အောင် မျှဝေပေးခဲ့သူကြီးပင် ဖြစ်ပါတယ်။ ထိုကြောင့် တချို့သမိုင်းပညာရှင်တွေက သူ့ကို ခရစ်ယာန်တို့၏ဒုတိယတည်ထောင်သူဟု သမုတ်ကြပါတယ်။ အမှန်တကယ်တော့ သူ့ကိုယ်တိုင်လည်း လွတ်မြှောက်ခြင်းကို ပေတရူးလို ရရှိခဲ့သူပါပဲ။ သူမသိ နားမလည်နိုင်ခဲ့တဲ့ ထိုကယ်တင်ခြင်းတရားအစစ်အတွက် ခရစ်တော်က သူ့ကိုရွေးချယ်ခဲ့တာပါပဲ။

ထိုဓမ္မအာဇာနည်ကြီးနှစ်ဦးဟာ ၎င်းတို့အသက်ထက် မက်မောရမယ့်ရတနာကို တွေ့ရှိပြီး လောကမှာ ပိုင်ဆိုင်သမျှကို အရင်းပြုကာ ကောင်းကင်နိုင်ငံဟူသော လယ်မြေ၌ ၀ှက်ထားတဲ့ရတနာကြီးကို ကြိုးစားရယူသွားကြတာပါ။ ထိုကောင်းကင်နိုင်ငံမှာ ချတို့ ပိုးတို့မစားမဖောက်နိုင်တဲ့ ဘာရှိနေလို့ပါပဲ။ ကျွန်ုပ်တို့တတွေလည်း ထိုဓမ္မအာဇာနည်ကြီးများကို အတုယူကာ ယေဇူးသခင်ကို စစ်မှန်သော ခရစ်တော်ဘုရားဖြစ်ကြောင်း သက်သေခံရင်း ကောင်းကင်နိုင်ငံရှိဘာကို ကြိုးစားရယူသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)


Post a Comment

0 Comments