ဒုတိယအာဝင်ဒူးလ်တနင်္ဂနွေနေ့

ကိုယ်တော်ကြွလာတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့။
ယေဇူးခရစ်တော်၏ကြွလာတော်မူခြင်းကို စောင့်မျှော်သည့်အချိန်ကာလအဖြစ် အသင်းတော်အတွင်း၌ ဒုတိယအာဝင်ဒူးလ်တနင်္ဂနွေနေ့ကို ယေဇူးခရစ်တော်၏နိမိတ်ရှေ့ပြေးဖြစ်တဲ့ သံယောဟန်ဗတ္တိဇံ၏ ဟောပြောချက်ကို ဧ၀ံဂေလိတရားတော်အဖြစ် အသင်းတော်၏၀တ်ပြုကိုးကွယ်ခြင်းမှာ ထည့်သွင်းထားပါတယ်။ သံယောဟန်ဗတ္တိဇံဟာ ရှေးပရောဖက်ဖြစ်တဲ့ Issiah ကြိုတင်ဟောခဲ့သည့်အတိုင်း တောကန္တာရတွင် - နောင်တရကြလော့၊ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ရောက်လုနီးပြီဟူ၍ ဟောပြောသည့်အပြင် သခင်ကြွလာမည့်လမ်းကို ပြင်ဆင်ကြရန်နှင့် နောင်တရသူ များစွာကိုလည်း ဆေးကြောခြင်း မင်္ဂလာပေးနေပါတယ်။ ထိုနောက် ခရစ်တော်အား ရည်ညွှန်း၍ - ငါ့နောက်မှကြွလာမည့်သူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ သူ၏ခြေနင်းတော်ကိုမျှပင် သယ်ဆောင်ခြင်းငှာ ငါမထိုက်။ သူသည် သင်တို့ကို ၀ိညာဉ်တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း ဆေးကြောတော်မူလိမ့်မည် ဟူ၍ ဟောပြောသက်သေခံနေပါတောတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း သံယောဟန်ဗတ္တိဇံ၏ဟောပြောချက်ကို ကြားမိရဲ့လား။ ထိုတရားကိုကော ကျွန်ုပ်တို့ဘယ်လိုတုန့်ပြန်ကြမလဲ။

သခင်ကြွလာမည့်လမ်းကို ပြင်ဆင်ထားဖို့ဆိုသည်မှာ ကျွန်ုပ်တို့တတွေအနေဖြင့် လမ်းတည့်တည့်ကို မျက်နှာမူလျှောက်လှမ်းဖို့ဖြစ်ပါတယ်။ ဒီတော့ သခင်လာမည့်လမ်းတည့်တည့်ကို မျက်နှာမူလျှောက်လှမ်းဖို့ ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ လက်တွေ့မှာသေချာကြုံတွေမိတတ်တာတွေက ကျွန်ုပ်တို့တတွေဟာ ကိုယ်ပိုင်လမ်းတွေဖြစ်တဲ့ ကိုယ့်အစီအစဉ်တွေ၊ ကိုယ့်လိုအပ်ချက်တွေ၊ ကိုယ့်လောဘတွေ၊ ကိုယ့်အကျိုးမြတ်တွေ၊ ကိုယ့်ကောင်းစားရေးတွေ စသဖြင့်သောလမ်းတွေဘက်မှာ မျက်နှာမူနေလျက်သား ဖြစ်နေတတ်ကြပါတယ်။ ထိုကြောင့် သခင့်လမ်းဘက်သို့ မျက်နှာမူလျှောက်လှမ်းဖို့ ပြင်ဆင်ဖို့ ဟောပြောနေရခြင်းဖြစ်ပါတယ်။ သခင့်လမ်းဘက်သို့ မျက်နှာမူလျှောက်လှမ်းခြင်းဟာ ဘုရားသခင်ဖြစ်စေချင်တာကို လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။

ဘုရားသခင်ဖြစ်စေချင်တာ ခရစ်တော်၏တရားတော်အရ အဓိကနှစ်ချက်တည်းသာ ရှိပါတယ်။ ဘုရားသခင်ကို ကိုယ်စွမ်းရှိသမျှ ချစ်ဖို့နှင့် မိမိနှင့်နီးစပ်သူများကို ချစ်ဖို့သာဖြစ်ပါတယ်။ သို့သော်လည်း နှစ်ချက်တည်းသာ ဆိုသော်လည်း ကျွန်ုပ်တို့တတွေအတွက် ယုံကြည်ခြင်းနှင့် ကျေးဇူးတော်မပါပဲ လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ထိုအချက်နှစ်ချက်ဟာ ကျွန်ုပ်တို့ဘ၀ကို တရားတော်နှင့်ပြည့်ဝစေပြီး ဘုရားသခင်၏အသွင်သာန်ကို ပြောင်းလဲစေပါတယ်။ ထိုကြောင့်ပင် ခရစ်တော်လူ့ပြည်ကြွလာချိန်မှာလည်း လူတွေထင်မှတ်ထားသည့် ကယ်တင်ခြင်းမဟုတ်ဘဲ ထိုကဲ့သို့ ဘုရားသခင်၏အသွင်သာန်အဖြစ် ပြောင်းလဲပေးသည့် ကယ်တင်ခြင်းတရားပင်ဖြစ်ပါတယ်။ ထိုကြောင့် သူ၏တရားတော်တွေဟာ ကျွန်ုပ်တို့အတွက် ထိုကဲ့သို့ ဘုရားသခင်၏အသွင်သာန်ပြောင်းလဲပေးသည့် ဆေးများပင် ဖြစ်ပါတယ်။ သူ၏ လူ့အဖြစ်ယူခြင်းနှင့်အတူ၊ အသက်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့အားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခြင်းတရားကို ယခင် လုံးဝမရနိုင်သည့်အခြေအနေမှ ယခု ရယူနိုင်သည့်အခြေအနေသို့ ပြောင်းလဲပေးခဲ့ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်ဆုံးဖြတ်ခွင့်ကို ဘုရားသခင်လေးစားသောကြောင့် ယခင် ပိတ်ထားသည့်ကောင်းကင်နိုင်ငံတံခါ - ယခုစေ့ရုံသာစေ့ထားသည့် ကောင်းကင်နိုင်ငံတံခါးကို သင်နှင့်ကျွန်ုပ် ဆန္ဒရှိလျှင် တွန်းဖွင့်ဝင်လို့ရနေပါပြီ။

ကျွန်ုပ်တို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဆုံးဖြတ်ခွင့်တွေကြောင့် ကယ်တင်ခြင်းတရားဟာ ကျွန်ုပ်တို့အပေါ် ကျရောက်နေသလို ထင်ရသော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို ပစ်မထားပါဘူး။ ဓမ္မဟောင်းသမိုင်း တလျှောက်မှာလည်း ရဟန်းအကြီးအကဲတွေ၊ ပရော်ဖက်တွေ အားဖြင့် လမ်းပြပေးခဲ့သလို နောက်ဆုံး တစ်ပါးတည်းသောသားတော် ခရစ်တော်ကိုစေလွှတ်ပြီးတောင် လမ်းပြပေးခဲ့ပါတယ်။ ခရစ်တော် ကောင်းကင်ဘုံသို့ကြွသွားသည့်တိုင်အောင် အသင်းတော်အားဖြင့်၊ စက္ကရမင်တူးများစွာနှင့် ကျွန်ုပ်တို့အား ဆက်လက်ပြီးလမ်းပြနေတာဖြစ်ပါတယ်။ ထို့အပြင် အကြီးမားဆုံးလမ်းပြအဖြစ် သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို စေလွှတ်ပေးထားပြီး ကျေးဇူးတော်များသည် ကျွန်ုပ်တို့အား အလင်းမှန်မြင်စေတာပါပဲ။

ကျွန်ုပ်တို့တတွေ အလင်းမှန်မြင်လာသည့်နှင့်အမျှ ကိုယ့်အမှားတွေ၊ ကိုယ့်အပြစ်တွေကို သိမြင်လာပါလိမ့်မယ်။ ကိုယ့်အမှားတွေ၊ ကိုယ့်အပြစ်တွေသိမြင်လာသည့်နှင့်အမျှ နောင်တရစိတ်အလိုလို ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ နောင်တရစိတ်ဖြစ်ပေါ်လာသည့်နှင့်အမျှ အပြစ်ခွင့်လွှတ်ချမ်းသာရဖို့ နည်းလမ်းရှာလာကြမှာ ဖြစ်ပါတယ်။ ဒါတွေဟာ အကြောင်းအကျိုးဆက်တွေသာဖြစ်ပါတယ်။ သို့ဖြစ်၍ ကျွန်ုပ်တို့တတွေလည်း ယောဟန်ဗတ္တိဇံဆီမှာ ကိုယ့်အပြစ်များကိုထုတ်ဖော်ဝန်ခံပြီး ဆေးကြောခြင်းခံယူသည့် လူများလို ပြောင်းလဲလာကုန်မှာ ဖြစ်ပါတယ်။ ယနေ့အသင်းတော်အတွင်း ဆေးကြောခြင်းခံယူပြီးသူများအတွက်လည်း အာပတ်ဖြေခြင်းစက္ကရမင်တူးအားဖြင့် သန့်ရှင်းခြင်းကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

ထိုမှသာ ကျွန်ုပ်တို့တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဆုံးဖြတ်ခွင့်အားဖြင့် တရားတော်နှင့်ပြည့်ဝပြီး ဘုရားသခင်၏အသွင်သာန်သို့ ပြောင်းလဲရန် ခရစ်တော်၏လမ်းဘက်သို့ မျက်နှာမူ လျှောက်လှမ်း ကြတော့မှာဖြစ်ပါတယ်။ ဤသည်ပင် ယနေ့ယောဟန်ဗတ္တိဇံမိန့်ဆိုသည့် သခင့်အတွက် လမ်းကို ပြင်ဆင်ခြင်းပင် ဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေ သခင့်လမ်းဘက်သို့ တည့်တည့်ဦးတည်ကာ လျှောက်လှမ်းရင် ထိုလမ်းအတွက် အကောင်းဆုံးပြင်ဆင်နိုင်ရန် ကြိုးစားရင်း သန့်ရှင်းသောဝိညာဉ်တော်အလင်းကျေးဇူးများ ဆက်လက်တောင်းခံသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments