အပြစ်မဲ့သန္ဓေ ယူတော်မူသော သခင်မပွဲနေ့ကြီး

ဒီဇင်ဘာလ (၈) ရက်နေ့ကို အပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့ကြီးအဖြစ် အသင်းတော်၏ ၀တ်ပြုကိုးကွယ်ခြင်းပြကထိန်မှာ ထည့်သွားထားသောလည်း ယခုနှစ်တွင် ခရစ်တော်ကြွလာတော်မူခြင်းကို စောင့်မျှော်သည့် အာဝင်ဒူးလ်၏ ဒုတိယတနင်္ဂနွေဖြစ်နေသောကြောင့် အချို့နေရာများများတွင် အထူးသဖြင့် အင်္ဂလိပ်စကားပြောနိုင်ငံအများပိုင်းတွင် ထိုမယ်တော်၏ပွဲနေ့ကြီးကို နောက်တစ်ရက်ရွေ့ကာ ဒီဇင်ဘာလ (၉)ရက်နေ့မှ ကျင်းပဖြစ်ပါတယ်။ ထိုကြောင့် ဒီနေ့ဟာ မယ်တော်သခင်မအပြစ်မဲ့သန္ဓေယူတော်မူသော ပွဲနေ့ကြီးဟု ဆိုရပါမယ်။

မယ်တော်သခင်မနှင့်ဆက်စပ်၍ အသင်းတော်အတွင်းမှာ အဓိကယုံကြည်ရာချက်ကြီး (၄)ခုရှိပါတယ်။ ၎င်းတို့မှာ မယ်တော်သခင်မသည် ဘုရား၏မယ်တော် (Theotokos) ၊ မယ်တော်သခင်မသည် ထာဝရ ကညာစင်ဖြစ်ခြင်း၊ မယ်တော်သခင်မသည် အပြစ်မဲ့သနေယူတော်မူခြင်း၊ နှင့် မယ်တော်သခင်မသည် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းတို့ပင်ဖြစ်ပါတယ်။ အခြားသော မယ်တော်နှင့်ဆိုင်ရာ ယုံကြည်ချက်များနှင့် ပွဲတော်များရှိပါသေးတယ်။ သို့သော်လည်း ယုံကြည်ရာအချက်အနေဖြင့် ဤလေးခု သာအသင်းတော်မှ တရားဝင်အသိမှတ်ပြုထားပါတယ်။ မှတ်ချက်အနေဖြင့် အသင်းတော်မှ တရားဝင် အသိပြုခြင်း မပြုခြင်းဟာ ဘာသာဝင်သားသမီးများအတွက် မယ်တော့်အပေါ်အားကိုးချည်းကပ်ခြင်းကို ကန့်သပ်ခြင်းမဟုတ်ပါ။ သို့သော်လည်း အမှန်ကန်ဆုံးသော သင်ကြားချက်ဖြစ်စေဖို့နှင့် အတုအယောင်များမှ ကင်းနိုင်သမျှကင်းဖို့အတွက်သာ ဖြစ်ပါတယ်။

ယနေ့ မယ်တော်သခင်မနှင့်ဆက်စပ်၍ အဓိကယုံကြည်ရာချက်ကြီးထဲမှ တစ်ချက်ဖြစ်သည့် မယ်တော်သခင်၏ အပြစ်မဲ့သနေယူခြင်းပွဲနေ့ကြီးကို ကျင်းပပါပြီ။ မယ်တော်သခင် အပြစ်မဲ့သနေယူခြင်းဆိုတာ မယ်တော်ဟာ အပြစ်ရင်းမပါဘဲ မွေးဖွားခြင်းခံခဲ့ရသည်ကို ဆိုလိုပါတယ်။ ဘုရား၏မယ်တော်ဖြစ်လာမည့်သူ မာရိယာအတွက် ထာဝရဘုရားသခင်ဟာ သူမအား အပြစ်ရင်းမှ ကင်းလွတ်စေဖို့ ပြင်ဆင်တော်မူသည်ဟု ဆိုပါတယ်။ အပြစ်အနာအဆာအားလုံးမှ ကင်းဝေးပြီး အပြစ်နှင့်မအပ်စပ်သူ ခရစ်တော်၏ မိခင်ဖြစ်လာဖို့ ဖြစ်ပါတယ်။ စိန်သောမတ်စ်၏အဆိုအရတော့ လူတစ်ယောက်ဖြစ်လာဖို့ အမိဝမ်းထဲမှာ ပထမအဆင့် Vegetative အဖြစ်၊ ဒုတိယအဆင့် Sentient အဖြစ်နှင့် တတိယအဆင့် Rational အဆင့် ဆိုပြီးဖြစ်ပေါ်လာသည်ဟု ဆိုပါတယ်။ ထိုကြောင့် မယ်တော်သည်လည်း သူမ၏အမိဝမ်းထဲမှာ ထိုဖြစ်စဉ်တွေကို ကြုံတွေ့စဉ် ဘုရားသခင်၏ သန့်ရှင်းစင်ကြယ်ခြင်းကို ခံရကာ မွေးဖွားလာချိန်မှာ အပြစ်အားလုံးမှကင်းစင်လျက် မွေးဖွားလာသည်ဟု ဆိုပါတယ်။ ဘာကြောင့် စိန်သောမတ်စ်အနေဖြင့် ဤသို့စဉ်းစားမိသလဲဆိုရင် သခင်ခရစ်တော်ဟာ လူသားအားလုံးကို ကယ်တင်ဖို့ကြွလာတာကြောင့် မယ်တော်သည်လည်း လူသားထဲက လူသားတစ်ဦးဖြစ်ဖို့ လိုအပ်သည်ဟု ဆိုပါတယ်။ ထိုကြောင့် အမိဝမ်းထဲက ဖြစ်စဉ်တွေထဲမှာ သူမဟာ လူသားတစ်ဦးဖြစ်ခဲ့လို အမိဝမ်းထဲမှာပဲ သူမဟာ သန့်ရှင်းစင်ကြယ်ခံရကာ ကယ်တင်ခြင်းရရှိပါတယ်။
ဖရန်စစ်စကန်အသင်းဂိုဏ်းဝင် ဖရိုင်ရာ ၀ီလျီယံကတော့ မယ်တော်သခင်မကို အပြစ်အနာဆာ ကင်းကင်းဖြင့်မွေးဖွားဖို့ ဘုရားသခင်တတ်နိုင်သည်ဖြစ်၍ ဘုရားသခင်ပြုလုပ်သော အစီအမံဖြစ်သည် ဟုဆိုပါတယ်။ ၀ီလျီယံက Potuit ဘုရားသခင်လုပ်နိုင်ပါတယ်၊ decuit သင့်လျော်တဲ့လုပ်ရပ်ပါ၊ fecit ဘုရားသခင်ပြုလုပ်ခဲ့ပါပြီ ဟု ဆိုပါတယ်။

မယ်တော်သခင်မဟာ ဘုရားသခင်၏သီးသန့်အထူးသာသနာပြုဖို့ ဘုရား၏လူ့အဖြစ်ယူခြင်းမှာ ထိုဘုရားကို ပိသန္ဓေယူဖို့ အတွက် - ဆိုရမည်ဆိုလျှင် ခရစ်တော်ကို အမှီပြု၍သာ သူမဟာမွေးဖွားခြင်းခံခဲရတာပါ။ ထို့အတွက်ပင် သူမ၏မွေးဖွားခြင်းဟာ ထူးခြားပြီး အပြစ်အားလုံးမှကင်းစင်ခဲ့ရပါတယ်။ ဒါတွေဟာ ကမ္ဘာဦးကျမ်းမှာဖော်ပြထားသလိုပဲ - ကမ္ဘာဦးအစကတည်းက ဘုရားသခင်စီမံထားခဲ့သည့် အရာများပင် ဖြစ်ပါတယ်။ မယ်တော်သခင်မဟာ သိကြားတမန်တော်ဂါဗြီအဲလ်နှုတ်ဆက်သလိုပဲ - ဂုဏ်းကျေးဇူးအပေါင်းနှင့် ပြည့်စုံတော်မူသော မိန်းမ ဖြစ်ပြီး မိန်းမတကာတို့ထက် မွန်မြတ်ပါတယ်။

အပြစ်မဲ့သန္ဓေယူတော်မူသော သခင်မ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

ကိုရင် (ဒိုမီနီကန်)



Post a Comment

0 Comments