ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား အီစ္စရေးသို့ဖိတ်ခေါ်



၂၀၁၃၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် တမန်တော်ဆိုင်ရာနန်းတော် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်နှင့် သီးသန့်ဧည့်တွေ့ဆုံခိုက်တွင် အီစ္စရေးဝန်ကြီးချုပ် ဘမ်ဂျာမင်နေတန်ရာဟူက ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်အား အီစ္စရေးသို့လာရောက်လည်ပတ်ဖို့ရန် ဖိတ်ခေါ်ခဲ့သည်ဟု သိရှိရပါတယ်။ လည်ပတ်မည့် ရက်ကိုတော့ သတ်မှတ်ခဲ့ခြင်းမရှိခဲ့ပါ။

ပုပ်ရဟန်းမင်းကြီးနှင့် နေတန်ရာဟူတို့၏ သီးသန့်တွေ့ဆုံမှု့ဟာ မိနစ်သုံးဆယ်ခန့်ကြာခဲ့ပြီး အဓိကအားဖြင့် အရှေ့အလယ်ပိုင်း၏နိုင်ငံရေးနှင့် လူမှု့ရေးရှုပ်ထွေးမှု့များကိုပြောဖြစ်ခဲ့ကြပြီး အထူးသဖြင့် အီစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ကြားဝင်ဖြန်ဖြေဆွေးနွေးရေးများကို ပြန်လည်စတင်နိုင်ပြီး နှစ်နိုင်ငံအကြားတွင် တစ်ဦးအခွင့်အရေးတစ်ဦး အပြန်အလှန်လေးစားလျက် ရေရှည်ခိုင်မြဲမည့်ဖြေရှင်းချက် တစ်ခုကို အမြန်ဆုံးရရှိနိုင်ဖို့မျှော်လင့်သည်ဟု ဆိုပါတယ်။

ထို့အပြင် ပါလက်စတိုင်းအား အင်္ဂလိပ်တို့တာဝန်ယူစီမံခန့်ခွဲချိန် ၁၉၂၀မှ အီစ္စရေးနိုင်ငံ စတင်တည်ထောင်ချိန် ၁၉၄၈အတွင်း အသင်းတော်နှင့်ဆိုင်ရာတို့အား သီးသန့်အခွင့်ထူးပေးထားပြီး အထူးသဖြင့် အခွန်ကိစ္စတွေမှာ တရားဝင်အခွင့်အရေးခံစားခွင့် ပေးထားခဲ့ပါတယ်။ ထိုပေါ်လစီနှင့်စပ်လျဉ်း၍ ၂၀၀၃ခုနှစ်တွင် ဗာတီကန်နှင့် အီစ္စရေး လက်မှတ်ရေးထိုးခဲ့ပြီး အီစ္စရေးနိုင်ငံတွင် တရားဝင်အတည်ပြုဖို့အတွက်တော့ အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။ ထို့အပြင် ဗာတီကန်နှင့် အီစ္စရေးအကြား သံတမန်ရေးရာကိုလည်း တည်ထောင်ခဲ့ပါတယ်။

အီစ္စရေးဝန်ကြီးချုပ် နေတန်ရာဟူက သတင်းစာရှင်းလင်းပွဲတွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်အား လာမည့်နွေဦးကာလတွင် အီစ္စရေးသို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ခြင်းကို ထပ်မံအတည်ပြုပြီး သူ၏ဇနီး ဆာရာကလည်း စောင့်မျှော်ကြိုဆိုနေပါ့မယ်ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။
အီစ္စရေးသို့ နောက်ဆုံးလည်ပတ်ခဲ့သည်မှာ ၂၀၀၉ခုနှစ်က ပုပ်ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) ဖြစ်ပြီး၊ အရင် ၂၀၀၀တွင်လည်း ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) လည်ရောက်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည်လည်း ၂၀၁၄ခုနှစ် မေလအတွင်း လည်ပတ်ဖြစ်မည်ဟု အီစ္စရေးမီဒီယာများက ခန့်မှန်းကြပါတယ်။

မနောအောင်

Post a Comment

0 Comments