ဖယ်ခုံသာသနာရှိ ဘော်ဒါကျောင်းသား/သူများအား ခရစ္စမတ်အကြို ပျော်ပွဲရွှင်ပွဲ ကျင်းပပေးခြင်း

ကာနိုးရှင်းအသင်းဂိုဏ်းမှ ဖယ်ခုံသာသနာရှိ ဘော်ဒါ ကျောင်းသား/သူများအား ခရစ္စမတ်အကြို ပျော်ပွဲရွှင်ပွဲ ကျင်းပပေးခြင်း
 
ကာနိုးရှင်း သာသနာပြု အသင်းဂိုဏ်းမှ သီလရှင်များနှင့် အလှူရှင်များသည် ၇.၁၂.၂၀၁၃ ရက်နေ့ စနေနေ့တွင် ဖယ်ခုံဂိုဏ်းအုပ်သာသနာရှိ စိန်ဂျိုးဇက်နှင့် စိန်မက်ဒလင်း ဘော်ဒါ ကျောင်းသား/သူများကို ခရစ္စမတ်အကြို ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခဲ့ပြီး ကျောင်းသား/သူများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့ပါသည်။
 
ရှေးဦးစွာ စိန်ဂျိုးဇက်ဘော်ဒါကျောင်းသို့ ရောက်ရှိလာကြသော ကာနိုးရှင်းသီလရှင်နှင့် အလှူရှင်များကို စိန်ဂျိုးဇက်ကျောင်းသားများ ဘင်ခရာအဖွဲ့မှ ကြိုဆိုနှုတ်ဆက် ဂုဏ်ပြုခဲ့ပြီး အခမ်းအနားကို အဖွင့်ဆုတောင်းမေတ္တာဖြင့် စတင်ခဲ့သည်။ထို့နောက် အခမ်းအနားမှုးအဖြစ် သြဂတ်စတင်းစည်သူဝင်းမှ ဆောင်ရွက်ကာ ဆရာမထရေးဇာမှလည်း ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။ထို့နောက် စိန်ဂျိုးဇက်နှင့် စိန်မက်ဒလင်း ဘော်ဒါကျောင်းသား/သူများမှ အဖွင့်သီချင်းဖြင့် လည်းကောင်း၊စိန်ဂျိုးဇက်အကအဖွဲ့မှ အကတစ်ပုဒ်ဖြင့်လည်းကောင်း၊ စိန်မက်ဒလင်း ကျောင်းသားများမှ ကယန်းရိုးရာအကဖြင့်လည်းကောင်း ကြွရောက်လာကြသော အလှူရှင်များကို သီဆို ဖျော်ဖြေကပြ ခဲ့ကြပါသည်။ကာနိုးရှင်းသီလရှင်တဦးမှလည်း ဤကဲ့သို့ ကလေးသူငယ်များကို
လာရောက်လှူဒါန်းရသည့်အတွက် အလွန်ပင် ၀မ်းသာ ပီတိဖြစ်မိပါကြောင်း၊သူငယ်တော် ယေဇူးလေးမွေးဖွားခြင်းပွဲလေးကို ကလေးသူငယ်များနှင့် ယခုလို ကြိုတင် ကျင်းပခြင်းအ ကြောင်းကို လည်းကောင်း၊ကလေးသူငယ်များအနေဖြင့်လည်း မွေးဖွားလာမည့် ကယ်တင်ရှင်ကို စိတ်သစ် ကိုယ်သစ်နှင့် ကြိုဆိုနိုင်ကြရန် ကြိုးစားဖို့လိုကြောင်းနှင့် ပညာရေးကို ဇွဲလုံ့လအပြည့်နှင့် ကြိုးစားစေချင်ကြောင်းတို့ကိုလည်း ကလေးသူငယ်များကို အားပေး စကား ပြောကြားခဲ့ပါသည်။ထို့နောက် စိန်ဂျိုးဇက်ဘော်ဒါ ကျောင်းအုပ် ဖာသာရ်ဂျော်ကင်းကီနိုမှ ဧည့်သည်တော်များကို နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။မွန်းလွဲပိုင်းတွင် ကာနိုးရှင်းအသင်းဂိုဏ်းမှ ကျောင်းသား/သူများအား ပျော်ပွဲရွင်ပွဲ ကျင်းပပေးကာ ကျောင်းသား/သူများကိုလည်း စာရေးကိရိယာများနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ထို့နောက် စိန်ဂျိုးဇက်နှင့် စိန်မက်ဒလင်းမှ ဘော်ဒါကျောင်းသား/သူများမှလည်း ကျေးဇူးတင် နှုတ်ခွန်းဆက်သလွှာနှင့်အတူ ကယန်းရိုးရာ ချည်ထည်များကိုလည်း ဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်အဖြစ် အသီးသီးပေးအပ်ခဲ့ပါသည်။

သာသနာ၏ အနာဂတ်ကြယ်ပွင့်များ မွေးထုတ်ရာတွင် ဘော်ဒါကျောင်းများသည်လည်း အုတ်တချပ် သဲတပွင့်ကဲ့သို့ ပါဝင်ဆောင်ရွက်လျက်ရှိနေပြီး ဘော်ဒါကျောင်းများအတွက် ယခုကဲ့သို့ လာရောက်လှူဒါန်းသည့် ကျေးဇူးရှင်များအပေါ် ဘုရားသခင် ကောင်းကြီး ပေးပါစေကြောင်း ကျောင်းသား/သူများမှ အသီးသီး ဆုတောင်းမေတ္တာ ပို့သ ပေးခဲ့ကြပါသည်။ ဖယ်ခုံသာသနာ၊ တိုက်နယ်အသီးသီးမှ ကလေးသူများသည် ခရစ်ယာန် ဘော်ဒါကျောင်းများတွင် ပညာသင်ကြားလျက်ရှိပြီး စိန်ဂျိုးဇက် ဘရာသာရ်ကျောင်းတွင် ကျောင်းသားပေါင်း ၂၇ယောက် ၊ စိန်မက်ဒလင်း ကျောင်းတွင် ကျောင်းသား/သူ ၂၃ ယောက် ပညာသင်ကြားလျက်ရှိပါသည်။ ဘော်ဒါကျောင်းများသို့ လှူဒါန်းမှု ပြုချင်ကြသည့် အလှူရှင်များကိုလည်း ဖိတ်ခေါ်လျက်ရှိပါသည်။
 
Augustine စည်သူ (စိန်ဂျိုးဇက်-ဖယ်ခုံ)
 

Post a Comment

0 Comments