စတုတ္ထအာဝင်ဒူးတနင်္ဂနွေနေ့

ဧမာနူအဲလ် - ငါတို့နှင့်အတူရှိတော်မူသောဘုရား . . .

ယနေ့ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်မှာ သံမာတေဦးက ယေဇူးခရစ်တော်၏ မွေးဖွားခြင်းအကြောင်းကို ခြုံငုံပြောပြထားပါတယ်။ သံမာတေဦး၏ အာဘော်ကို အနည်းငယ်ပြန်ပြောရမယ်ဆိုရင်ဖြင့် ကညာစင်မာရိယာဟာ ဖြောင့်မတ်ရိုးသားသူ ဂျိုးဇက်ဆိုသည်နှင့် စေ့စပ်ကြောင်းလမ်းပြီးကာမှ ၀ိညာဉ်တော်အားဖြင့် ပိသနေစွဲခဲ့ရာ ခင်ပွန်းလောင်းဂျိုးဇက်က အကြောင်းရင်းကို မသိခင် ကွာရှင်းဖို့ ကြိုးစားခဲ့သော်လည်း ဖြစ်ကြောင်းကုန်စင်သိခဲ့ရချိန်မှာတော့ ဘုရားသခင်၏စကားကို နားထောင်လျက် ဇနီးလောင်းနှင့် သူငယ်တော်ကိုစောင့်ရှောက်ဖို့ ဆက်ကပ်ခဲ့ပါတော့တယ်။ မာရိယာမှ မွေးဖွားလာမည့် သူငယ်တော်အား ဧမာနူအဲလ်ဟူ၍ အမည်ပေးရမည်ကိုလည်း ဘုရားသခင်မိန့်မှာတော်မူခဲ့ပါတယ်။ ထိုကြောင့် သူငယ်တော်မွေးဖွားလာသောအခါ ဧမာနူအဲလ်ဟု အဓိပာယ်ရသော ယေဇူးအမည်ကို ပေးခဲ့ပါတယ်။

ဧမာနူအဲလ်ဟူသော စကားလုံးကို ဓမ္မဟောင်းကျမ်းတွင်လည်း ပရော်ဖက် Isaiah နှင့် ရှင်ဘုရင် အာဟတ်ဇ်တို့၏ စကားပြောဆိုခန်းတွင် တွေ့ရှိနိုင်ပါတယ်။ ရှင်ဘုရင်အာဟတ်ဇ်အုပ်ချုပ်ချိန် ယုဒေယပြည်ဟာ ပတ်ဝန်းကျင်နိုင်ငံများ၏ အင်အားကြီးမားမားဖြင့် ဘေးကြပ်နံကြပ်နှင့် ကြုံတွေ့နေရချိန်ဖြစ်ပါတယ်။ ထိုအခါ ဘုရားသခင်ဟာ သူ့ကိုအားကိုးဖို့ ပရော်ဖက်အားဖြင့် ရှင်ဘုရင်အား ချည်းကပ်သော်လည်း ထိုဘုရင်ကြီးက မတုန်မလှုပ်ဖြစ်နေသဖြင့် ဘုရားသခင်ကိုယ်တော်တိုင် အဲမာနူအဲလ်အရှင်သခင် စေလွှတ်မည်ဟု မိန့်ဆို ကတိပေးတော်မူပါတယ်။ ဧမာနူအဲလ်ဟူသော အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသော ဘုရား” ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့နှင့်အတူ အမှန်တကယ်ရှိနေပါတယ်။ မျှော်လင့်ချက်မဲ့ချိန် မျှော်လင့်ခြင်းကောင်းတွေ သူပေးတယ်။ လမ်းပျောက်နေတဲ့အချိန် သူလမ်းပြခဲ့တယ်။ အမှန်တရားတွေ မမြင်နိုင်တဲ့အချိန် အမှန်တရားဆီရောက်ဖို့ သူဦးဆောင်တယ်။ ဒါဟာ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရား ဧမာနူအဲလ်ပင် ဖြစ်ပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ဒီနေ့ဒီခေတ် အချိန်ကာလမှာ ဘုရားသခင်ကို ချည်းကပ်တဲ့အချိန် ဘာတွေမျှော်လင့်မိပြီး ထိုမျှော်လင့်ချက်တွေအတွက် ယုံကြည်မှု့ရှိရဲ့လား။ ဒါနဲ့ ကျွန်ုပ်တို့ မျှော်လင့်တဲ့အရာတွေလည်း ခရစ်တော်၏ဧ၀ံဂေလိတရားလမ်းအတိုင်း စစ်မှန်ပါရဲ့လား။ ဘုရားသခင်ကို ကျွန်ုပ်တို့ နားလည်မှု့လွဲပြီး လိုအပ်တာထက် လောဘစိတ်နဲ့ လိုချင်တာတွေကိုပဲ ကျွန်ုပ်တို့ မျှော်လင့်နေပါသလား။ စဉ်းစားစရာပါ။

ကျွန်ုပ်တို့ စဉ်းစားထောက်ရှု့ဖို့ကောင်းဖို့အတွက် အကြောင်းရာလေးတစ်ခုကို သုံးသပ်လိုပါတယ်။ ဒီနေ့ခေတ်ကာလမှာ ခရစ္စမတ်ကာလဆိုတာ ကမ္ဘာအ၀ှမ်း လူတိုင်းသိတဲ့အရာပါ။ သို့ပေမယ့်လည်း သိတာချင်းမတူနိုင်ပါဘူး။ ခရစ်ယာန်ယဉ်ကျေးမှု့တစ်ခု ကမ္ဘာကိုပြန့်နှံ့သွားတယ်ဆိုပါစေ - အဲဒီ ယဉ်ကျေးမှု့ကို ပိုင်ဆိုင်တဲ့ ခရစ်ယာန်တွေပင် ခရစ္စမတ်ကို သိတာချင်းမတူသေးပါဘူး။ ဒီနေ့ဒီခေတ်မှာ ခရစ္စမတ်ဆိုတဲ့ အဓိပ္ပာယ်ပြောင်းလဲလာနေပြီ။ ပြောင်းလဲလာတဲ့ အဓိပ္ပာယ်နဲ့အတူ ခရစ္စမတ်ပွဲတော်ကို ကျင်းပတာတွေလည်း မတူနိုင်ကြတော့ဘူး။ ဥပမာ- ခရစ္စမတ်ပွဲမို့ ကျွန်ုပ်တို့ပတ်ဝန်းကျင်ကို အလှဆင်ကြတယ်။ ရုံးတွေ၊ အိမ်တွေ၊ လမ်းတွေမှာ ခရစ္စမတ်အလှဆင်ထားမှု့တွေက အငွေ့သက်နေပြီ။ ကုန်စည်တွေက ခရစ္စမတ်လျော့ဈေးတဲ့ - စီးပွားရေးကိရိယာတစ်ခုလိုပဲ။ လူတွေကလည်း ခရစ္စမတ်မို့ အလှတွေဆင်ကြတယ် - လက်ဆောင်တွေပေးကြ - ယူကြနဲ့ ပွဲတော်တစ်ခုပါပဲ။ သို့သော်လည်း ခရစ်တော်ပျောက်နေတဲ့ ခရစ္စမတ်ပဲ။ ခရစ္စမတ်၏ အဓိပ္ပာယ်စစ်စစ်ကို ဖာသိဖာသာထားလိုက်ကြပြီ။ ဒီနေ့ ဒီအချိန်မှာ ခရစ္စမတ်ပွဲတော်အတွက် ၀ိညာဉ်ရေးအလှဆင်သူ ရှားပါးလာပြီ။ မျှော်လင့်ချက်တွေက ၀ိညာဉ်ရေး အလှတရားမှာထက် အပြင်ဘမ်းအလှတရားမှာ ပိုနေပြီ။ ခရစ္စမတ်အဓိပ္ပာယ်စစ်စစ်ကို မေ့မှာစိုး၍ ကြုံတုန်း ပြောပါရစေ။

ခရစ္စမတ်ဆိုသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်မှ ဖြစ်ရပ်မှန်ဖြစ်သည့် လူ့အဖြစ်ကိုယူတော်မူသော ယေဇူးခရစ်တော်၏ မွေးနေ့ပွဲတော်ကို အောက်မေ့သတိရလျက် ကျင်းပဂုဏ်ပြုကြခြင်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်ဖြင့် ဒီထက်ပို၍လေးနက်ပါသေးတယ် - ထိုကြောင့် အသင်းတော်၌ ခရစ္စမတ်ပွဲတော် မရောက်ခင်၊ ယေဇူးခရစ်တော်၏မွေးနေ့ပွဲတော် မရောက်ခင် ပြင်ဆင်ဖို့ရန်အတွက် ၎င်း၏၀တ်ပြုကိုးကွယ်ရာ ပြကဒိန်မှာ အာဝင်ဒူးလ်ကာလ ရက်သတ္တပတ်လေးပတ်ကို ထည့်သွင်းပေး၍ ၀ိညာဉ်ရေးရာမှာ ပြင်ဆင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ထိုပြင်ဆင်ခြင်းဟာ ခရစ်တော်၏ဒုတိယအကြိမ် ကြွလာခြင်းထိအောင်ပင် အရေးပါနက်ရှိုင်းပါတယ်။ ထိုကြောင့် အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်ဖြင့် အသက်သွင်းစေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့မျှော်လင့်ချက်ဟာ အနာဂတ်ကာလ၏ ကယ်တင်ခြင်းဖြစ်ပြီး ထိုကယ်တင်ခြင်းတရားကို သမိုင်း၏ဖြစ်ရပ်မှန်ဖြင့် သက်သေတည်ပါတယ်။ ဒါကြောင့် ခရစ္စမတ်ဆိုတာ အောက်မေ့သတိရလျက် ဂုဏ်ပြုရုံမကဘဲ ကျွန်ုပ်တို့၏ အနာဂတ်မျှော်လင့်ချက်တို့ကို အပ်နှံစေပါတယ်။

ကျွန်ုပ်တို့မျှော်လင့်ချက်တွေဟာ ဧ၀ံဂေလိတရားတော်ဖြင့် မှန်ကန်ကိုက်ညီနေပါစေ။ လူ့အဖြစ်ကို ယူတော်မူသော ဧမာနူအဲလ်အရှင်သခင်၏ ဧ၀ံဂေလိတရားတော်သည် ကျွန်ုပ်တို့အားလုံး၏ ခွန်အားနှင့် လမ်းဖြစ်စေ၍ ကမ္ဘာမြေကြီးပေါ်၌လည်း ငြိမ်းချမ်းသာယာခြင်းရှိပါစေ။


ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments