ဂျေရောဗလို ဆုတောင်းပြည့် လုဒ်မယ်တော်ပွဲတော်ကြီး ကျင်းပခြင်း

ဖယ်ခုံ သာသနာလုံးဆိုင်ရာ ဂျေရောဗလို ဆုတောင်းပြည့် လုဒ်မယ်တော်ပွဲတော်ကြီး ကျင်းပခြင်း
 
ဖယ်ခုံ ဂိုဏ်းအုပ်သာသနာ၏ နှစ်စဉ် ကျင်းပလေ့ရှိသော ဂျေရောဗလို ဆုတောင်းပြည့် လုဒ်မယ်တော်ပွဲတော်ကြီးကို ဒီဇင်ဘာလ (၈)နေ့တွင် ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ ပွဲတော်အကြို နိုဗီနာကို နိုဝင်ဘာလ (၂၉)ညနေ ၄း၃၀တွင် ဆရာတော်ပီတာလတ်နှင့် အတူ ဘုန်းတော်ကြီးများ ပါဝင်လျက် မစ္ဆားတရားတော်ဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ မစ္ဆားတရားအပြီးတွင် ဖယ်ခုံဘင်ခရာအဖွဲ့မှ ဦးဆောင်လျက် ဘုန်းတော်ကြီးနှင့် အတူ မယ်တော်အလံကို ပင့်ဆောင်လာကာ မယ်တော်အလံတိုင် အောက်တွင် မယ်တော်အလံကို ကောင်းချီးပေးပြီး ဘုန်းတော်ကြီးမှ အလံတင်ခဲ့ပါသည်။ (၂၉) ရက်နေ့မှ စတင်ကာ မစ္ဆားတရားတော်ကို ညနေ ၄း၃၀ တွင်ကျင်းပခဲ့ပြီး ဖယ်ခုံသာသနာရှိ အသင်းအဖွဲ့ အသီးသီးမှ မစ္ဆားတရားတော်၌ ကွာယာသီဆိုခြင်း၊ ပူဇော်ခြင်း၊ အလှူငွေ ကောက်ခံခြင်းများကို အလှည့်ကျ တာဝန်ယူခဲ့ပါသည်။ ပွဲတော်အကြို နိုဗီနာနေ့များတွင်လည်း ကြွရောက်လာသော ဘုန်းတော်ကြီးများကို အလှူရှင် အသီးသီးမှ ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြသည်။
 
 ပွဲတော်နေ့ကြီးဖြစ်သော အပြစ်မဲ့ သန္ဓေယူတော်မူသော မယ်တော်သခင်မ၏ပွဲ ဒီဇင်ဘာလ (၈) ရက်နေ့တွင် မစ္ဆားတရားတော်ကို တောင်းကြီးဂိုဏ်းချုပ် သာသနာ ဆရာတော် မာတီးယားဦးရွှေနှင့်အတူ လက်ထေက်ဆရာတော် ဘာဆီးလျှို အားသိုက်၊ လွိုင်ကော်ဂိုဏ်းအုပ် သာသနာဆရာတော် စတီးဖင်း၊ ဖယ်ခုံဂိုဏ်းအုပ် သာသနာ ဆရာတော်ကြီး ပီတာလတ်နှင့်အတူ တောင်ကြီး၊ လွိုင်ကော်၊ ဖယ်ခုံတို့ရှိ ဘုန်းတော်ကြီးများ၊ ဒီကင်များ၊ ဘရာသာရ်များ၊ ဂိုဏ်းအသီးသီးမှ သီလရှင်များ၊ အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာကြသော ဘာသာတူ ညီကို မောင်နှမများနှင့်အတူ ကျင်းပ ပူဇော်ခဲ့ပါသည်။ မစ္ဆားတရားတော်၌ ဖယ်ခုံ ဂိုဏ်းအုပ်သာသနာ ဆရာတော်ပီတာလတ်မှ ချစ်သား ချစ်သမီးအပေါင်းတို့ကို တရားရေအေး တိုက်ကျွေးခဲ့ပါသည်။ ပွဲတော်နေ့တွင် ဘာသာတူများ အပြင် မယ်တော်ကို ချစ်သော၊ မယ်တော်ကို ယုံကြည် ကိုးစားသော အခြားသော ဘုရားဖူးများလည်း တက်ရောက် ကြည်ညိုခဲ့ပါသည်။ ညနေ ၃း၃၀ တွင် ကိုယ်တော်မြတ် မင်္ဂလာနှင့်အတူ မယ်တော်ကို ပင့်ဆောင်လျက် ဂျေရောဗလိုတောင်ကုန်းကို ပတ်ကာ စီတန်း လှည့်လည်ခြင်း ပြုလုပ်ခဲ့သည်။ စီတန်း လှည့်လည်ခြင်း အပြီးတွင် မယ်တော်ထံ ကတိက၀တ်ပြုထားသော စာများကို ဖာသာရ်သြဂတ်စတင်းကို့မှ ကောင်းချီးပေးကာ မီးရှို့ ပူဇော်ပေးခဲ့သည်။ ထို့နောက် မယ်တော် တမန်တော်အဖွဲ့မှ သမီးပျိုလေးများမှ မယ်တော်အလံကို ချပေးခဲ့သည်။ မယ်တော် အလံချချိန်တွင် ဖယ်ခုံဘင်ခရာအဖွဲ့မှ မယ်တော်သီချင်း တပုဒ်တီးမှုတ် ပေးခဲ့သည်။ ထို့နောက် မယ်တော်အလံကို ဖယ်ခုံဘင်ခရာအဖွဲ့မှ ဦးဆောင်ကာ ဘုန်းတော်ကြီးနှင့် အတူ မယ်တော်တမန်တော်အဖွဲ့မှ ပင့်ဆောင် သွားလေသည်။
 
ထို့နောက် ညနေပိုင်းတွင် အာရှ ရုပ်ရှင်ပွဲတော်တွင် ဆုတံဆိပ်(၃)ခု ဆွတ်ခူးရရှိခဲ့သော ဒါရိုက်တာ အောင်ကိုလတ်ရိုက် ကူးထားသည့် ကယန်းအလှ ဗွီဒီယိုဇာတ်ကားကို ပရိုဂျက်တာဖြင့် ကြွရောက်လာကြသော အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး သူတော်စင်များကို အခမဲ့ ပြသခဲ့ပါသည်။ ဖယ်ခုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖရန်စစ်ကို မှလည်း ကယန်းအလှ ပြသရခြင်း၏ ရည်ရွယ်ချက်ကို ဧည့်ပရိတ်သတ် အပေါင်းတို့ကို ပြောကြားခဲ့ပါသည်။ ထိုဇာတ်ကား အပြီးတွင် ကက်သလစ် ခရစ်ယာန် အဆိုတော်များအဖွဲ့ (ရန်ကုန်) မှလည်း သီချင်းများဖြင့် ဧည့်ခံ ဖျော်ဖြေခဲ့ကြပါသည်။
 
 ဂျေရောဗလို ဆုတောင်းပြည့် မယ်တော်သည် သမိုင်းဝင်တခုဖြစ်ပြီး ဖယ်ခုံသာသနာ၏ အားကို အားထားရာ မယ်တော်လည်း ဖြစ်လေသည်။ သမိုင်းအရဆိုသော စစ်ပြီးကာလတွင် နယ်စွန် နယ်ဖျားရှိ ဘာသာသူများသည် အဆိုပါ တောင်ကုန်းနား တ၀ိုက်တွင် အခြေချနေထိုင်ရင်း ဘုန်းတော်ကြီး ဂျေရောလမိုမှ မယ်တော်ကို တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ဂျေရောဗလိုဆိုသည်မှာ စုဝေးရာ ဖြစ်သည်ဟု သိရပါသည်။ နောက်ထပ် အဆိုတခုအရ ဆိုသော် ဂျေရောဗလို ဆိုသည်မှ (ဗလို=တောင်ကုန်း) တောင်ကုန်းပေါ်တွင် တည်ထားသော မယ်တော်ဟု ခေါ်ဆိုကြသည်ဟု သိရပါသည်။ ထိုမယ်တော်ပွဲကို နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကျင်းပလျက်ရှိကာ ဈေးပွဲတော်များ၊ ဘုရားဖူး သူတော်စင်များနှင့် အထူး စည်ကားလှသော ပွဲတော်ကြီးဖြစ်ပါသည်။
 
Augustine စည်သူ (စိန်ဂျိုးဇက်-ဖယ်ခုံ)
 

Post a Comment

0 Comments