သူငယ်တော်၏အမည်ကို ပဋိသန္ဓေမစွဲမီကပင် ကောင်းကင်တမန်တော်ပေးထားသည့် ယေဇူးအမည်ဖြင့် မှည့်ခေါ်ကြ၏။ (လုကား ၂း၂၁)ယေဇူးဟူသောအမည်ကို ဟေဗြဲဘာသာစကားတွင် ယရှုဝါဟူသော စကားလုံးမှဆင်းသက်လာပြီး ဘုရားသခင်သည်ကယ်တင်တော်မူပြီဟု အဓိပ္ပာယ်ရပါတယ်။ ထိုနာမတော်အတိုင်း လူသားများကိုကယ်တင်ဖို့အတွက် ဘုရားကိုယ်တော်တိုင် နိမ့်ကျတဲ့လူ့အဖြစ်ကိုယူခဲ့ခြင်းဖြစ်ပါတယ်။ ကယ်တင်ခြင်းလမ်းစဉ်ကိုပြသခဲ့ပါတယ်။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ နှင့် ချစ်ခြင်းမေတ္တာကို အသက်သွင်းပေးခဲ့ပါတယ်။ ယေဇူးခရစ်တော်သခင်ကောင်းကင်ဘုံသို့ တက်သွားပြီးသည့်နောက် တမန်တော်ကြီးများဟာ သူ၏နာမတော်ဖြင့် လူပေါင်းများစွာကို ရောဂါဝေဒနာမှ ပျောက်ကင်းစေခဲ့ပါတယ်။ သူ၏နာမတော်ဖြင့် ကျေးဇူးတော်ရရှိကြပါတယ်။ သူ၏နာမတော်ဖြင့် ကယ်တင်ခြင်းရကြပါတယ်။
ယနေ့ဖတ်ရှု့ရမယ့် ဧ၀ံဂေလိတရားတော်ဟာ သံယောဟန်ကျမ်းရဲ့ နိဒါန်းဖြစ်ပါတယ်။ သံယောဟန်ကျမ်းဟာ အခြားဧ၀ံဂေလိကျမ်းသုံးဆောင်နဲ့မတူဘဲ ခရစ်တော်သခင်ရဲ့ဇာတိကိုဖော်ပြသုံးနှုန်းရာမှာ ခရစ်တော်သခင်ရဲ့ မူလဘုရားဇာတိကို အထူးရည်ညွှန်းပြီးသုံးနှုန်းပါတယ်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားတော်မြတ်ဖြစ်သော ယေဇူးခရစ်တော်ဟာ လူ့အဖြစ်လူ့ဇာတိကိုယူကာ ကျွန်ုပ်တို့အလည်မှာစံပယ်နေကြောင်း မီးမောင်းထိုးပြအလင်းဖွင့်ပေးနေပါတယ်။ ယေဇူးခရစ်တော်ဟာ ဘုရားသခင်ကတိထားတဲ့ တစ်ပါးတည်းသောကယ်တင်ရှင်ဖြစ်ပြီး နှုတ်တော်ထွက်ကျမ်းများကို ဖတ်ရှု့၊ ထောက်ရှု့၊ ကျင့်ကြံနေထိုင်ခြင်းအားဖြင့် ထာဝရအသက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
ယနေ့သံယောဟန်ကျမ်းနိဒါန်းမှာ - အစဦး၌ နှုတ်တော်ထွက်စကားတည်ရှိတော်မူ၏။ နှုတ်တော်ထွက်စကားတော်မြတ်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်တော်ထွက်စကားသည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေလည်း နှုတ်တော်ထွက်စကားတော်မြတ်ဖြစ်တဲ့ ယေဇူးခရစ်တော်အားဖြင့် ဘ၀အလင်းကိုယ်စီရရှိကြပြီး ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ နှင့်ချစ်ခြင်းမေတ္တာအားဖြင့် ဘ၀ကိုကျင့်ကြံနေထိုင်သွားခြင်းအားဖြင့် ယေဇူး၏နာမတော်အားဖြင့် ကယ်တင်ခြင်းကျေးဇူးတော်များကို ရယူသွားကြပါစို့။
ဒိုမီနီကန်ကိုရင်
#Dominicankoyin
0 Comments