သံမာကု ၆း၁-၆ “ပရော်ဖက်သည် မိမိမြို့၊ မိမိအိမ်နှင့် မိမိဆွေမျိုးရှိရာအရပ်မှတပါး အခြားသောအရပ်၌ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ။”
ယနေ့ဧ၀ံဂေလိတရားတော်တွင် ယေဇူးသခင်သည် မိမိဇာတိအရပ်သို့သွား၍ တရားဒေသနာတော် ဟောပြောသောအခါ ဒေသရှိလူများစွာတို့ဟာ ယေဇူးသခင်၏တရားတော်၌ အံ့အားသင့်ခြင်းရှိကြသော်လည်း ယေဇူးသခင်ကို လက်ခံဖို့ထက် ဝေဖန်အတင်းပြောကြသည်ကို ကြုံတွေ့ခဲ့ရကြောင်း သံမာကုမှ မှတ်တမ်းတင်ရေးသားထားပါတယ်။ ထိုသို့တွေ့ကြုံရသောကြောင့် ယေဇူးသခင်က “ပရော်ဖက်သည် မိမိမြို့၊ မိမိအိမ်နှင့် မိမိဆွေမျိုးရှိရာအရပ်မှတပါး အခြားသောအရပ်၌ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ။” ဟုမိန့်ဆိုခဲ့ပါတယ်။ ခရစ်တော်သခင်သည် မိမိအားလက်ခံခြင်းထက် ဝေဖန်အတင်းပြောကြမည်ကို ဘုရားဇာတိညဏ်တော်ဖြင့် သိသော်လည်း ထိုအရပ်သို့ အဘယ်ကြောင့်သွားခဲ့သနည်း။
ပရော်ဖက်အီဇက်ခိယကျမ်းတွင်လည်း အလားတူဖြစ်ရပ်ကို မှတ်တမ်းတင်ထားပါတယ်။ အီစ္စရာအဲလ်လူမျိုးများ ဘုရားသခင်ကို ပုန်ကန်နေကြသည့်အချိန်၊ တရားတော်ကိုလက်ခံဖို့ရန် နှလုံးသားတို့မာကြောနေသည့်အချိန်မှာ ထာဝရဘုရားသခင်က ပရော်ဖက်အီဇက်ခိယကို စေလွှတ်ခဲ့ပါတယ်။ ထိုသို့စေလွှတ်ရခြင်း၏အဓိက အကြောင်းရင်းကတော့ လူသားတို့ဘယ်လောက်ပင်ဆိုးသွမ်းနေပါစေ၊ ပုန်ကန်ပြီး တရားတော်ကို လက်မခံသည့်တိုင်အောင် ဘုရားသခင်ကတော့ ကြီးမားသောမေတ္တာတရားကို ပြသစေရန်၊ မိမိထားရကတိတော်အစဉ်တည်ကြောင်းသက်သေပြုရန်၊ လူတွေကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူသားတို့အကြားမှာ ဘုရားသခင်၏သတင်းကောင်းပြောကြားမည့် ပရော်ဖက်တစ်ပါးတော့ အမြဲတမ်းရှိကြောင်းကို ပြသရန်ဖြစ်ပါတယ်။ သို့သော်လည်း ထိုသို့သော ပုန်ကန်သောင်းကျန်းနေသည့်လူများအကြား၊ တရားတော်ကို မလိုလားသည့်လူများအကြားမှာ ပရော်ဖက်ဖြစ်ရတာဟာ မိမိအသက်ကိုအရင်ဦးဆုံးရင်းထားရတာပါပဲ။ ဒုက္ခဝေဒနာတွေဟာလည်း အများတကာထက်အဆပေါင်းများစွာ ခံရပါတယ်။ ထိုအချိန်မျိုးမှာ စေလွှတ်ခံရသည့်အခါ ပရော်ဖက်ဂျေရမိယလို ငိုကြွေးသောပရောဖက်သာ ဖြစ်ရပါလိမ့်မယ်။
ဒုတိယကျမ်းတွင် သံပေါလူးက ထိုအချင်းရာကို “စာတန်နတ်ဆိုး၏စေတမန်နဲ့တူသော ဆူးညောင့်တစ်ခု” ဟုခိုင်းနှိုင်းပြောဆိုထားပါတယ်။ ထိုဆူးညောင့်ကို ဖယ်ထုတ်ပေးရန် ခရစ်တော်ထံသုံးကြိမ်တိတိ တောင်းဆိုခဲ့သော်လည်း ဖယ်ရှားပေးခဲ့ခြင်းမရှိဘဲ “ငါ၏ကျေးဇူးတော်သည် သင့်အတွက် လုံလောက်သည်” ဟုမိန့်ဆိုခဲ့ပါတယ်။
မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေ ယနေ့တရားတော်အား မည်သို့နားလည်ကြမည်နည်း။ မည်သို့စဉ်းစား ထောက်ရှု့ကြမည်နည်း။ ယနေ့ တရားတော်ဟာ တိုတောင်းသော်လည်း အကြောင်းအရာစုံလင်လှပါတယ်။ သို့သော်လည်း အဓိကအချက်ကို ထောက်ရှု့ရမည်ဆိုလျှင်တော့ အပြစ်သားအခြေအနေမှာ ရောက်နေသည့်တိုင်အောင် ကျွန်ုပ်တို့အကြားမှာ ဘုရားသခင်၏ကမ်းလင့်လက်တစ်စုံ အမြဲရှိနေတယ်ဆိုတာကို ညွှန်းဆိုပြသနေပါတယ်။ ထို့အပြင် ကျွန်ုပ်တို့တတွေဟာ အပြစ်၏ကျေးကျွန်ဘ၀မှာ ရောက်နေရသော်လည်း ဘုရားသခင်၏ကျေးဇူးတော်ဟာ တစ်ဦးတစ်ယောက်စီတိုင်းအတွက် လုံလုံလောက်လောက်ရှိကြောင်း မီးမောင်းထိုးပြကာ မိမိတို့၏အပြစ်သားအခြေအနေမှ သန့်ရှင်းစင်ကြယ်ခြင်းအခြေနေသို့ ရောက်ရှိနိုင်ကြောင်း မီးမောင်းထိုးပြနေတာပါပဲ။
ကျွန်ုပ်တို့တတွေလည်း ယနေ့ ဧ၀ံဂေလိတရားတော်အားဖြင့် ခွန်အားယူကာ မိမိတို့၏အပြစ်သားအခြေနေကို ဘုရားပေးသော လုံလောက်သည့်ကျေးဇူးတော်အားဖြင့် ကျော်လွှားကာ ကောင်းကင်နိုင်ငံရှိ သင်တို့၏ဖခင်သည် သန့်ရှင်းစင်ကြယ်သကဲ့သို့ စင်ကြယ်ကြလောဆိုသည့်အတိုင်း စင်ကြယ်ခြင်းကို ဆောက်တည်ကျင့်ကြံရင်း ကောင်းကင်နိုင်ငံတော်ခရီးအား ဆက်လက်လျှောက်လှမ်းသွားကြပါစို့။
ဒိုမီနီကန် (ကိုရင်)
0 Comments