၁၁ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့


ရှင်မာကု ၄း၂၆-၃၄
ဘုရားသခင်၏နိုင်ငံတော်ကိုမည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း . . .

ယနေ့ဖတ်ရှု့ရသည့် သံမာကုဧ၀ံဂေလိတရားတော်မှာ ယေဇူးခရစ်တော်က ကောင်းကင်နိုင်ငံတော်အကြောင်းကို စတင်ဟောပြောသွန်သင်ပါတယ်။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်မှာ အင်မတန်မှနက်နဲလွန်းလှ၍ တိုက်ရိုက်ဖော်ညွှန်း ဟောပြောလျှင် မည်သည့်လူသားမျှနားမလည်နိုင်ပါဘူး။ ထို့ကြောင့် ခရစ်တော်သခင်က သူ၏တရားနာများနားလည်နိုင်သည့်ပုံဥပမာဖြင့် ခိုင်းနှိုင်းပြပါတယ်။ ယနေ့ ကောင်းကင်နိုင်ငံတော်နှင့် ခိုင်းနှိုင်းပြသသည့်အရာကတော့ မုန်ညှင်းစေ့ငယ်လေးပင်ဖြစ်ပါတယ်။ သိပ်ကိုအံ့အားသင့်ရမှာပါ။

…၎င်းသည်မုန်ညှင်းစေ့နှင့်တူ၏ မုန်ညှင်းစေ့သည် မြေတွင်စိုက်ပျိုးစဉ်အခါက ကမ္ဘာမြေပြင်ပေါ်ရှိသော အစေ့တကာတို့တွင် အသေးငယ်ဆုံးမျိုးစေ့ဖြစ်၏။-သို့သော် ၎င်းသည်အပင်ပေါက်၍ ကြီးထွားလာသောအခါ ဟင်းသီးဟင်းရွက်ပင်အားလုံးတို့တွင် အကြီးဆုံးဖြစ်လာပြီး ကြီးမားသောအကိုင်းအခက်များထွက်လာသဖြင့် မိုးကောင်ကင်ငှက်တို့သည် ၎င်း၏အရိပ်တွင်အသိုက်များပြုလုပ်နေထိုင်ကြ၏။

မိတ်ဆွေ၊ ကျွန်တော်တို့အား ယနေ့ ဤမုန်ညှင်းစေ့ငယ်လေးအားဖြင့် ကောင်းကင်နိုင်ငံနှင့်ပတ်သက်ပြီး ဘာတွေသင်ကြားပေးနေပါသလဲ။ မုန်ညှင်းစေ့ဟာ မျိုးစေ့တကာတို့တွင်အသေးဆုံးဖြစ်သော်လည်း အပင်ဘ၀မှာတော့ အံ့သြဖွယ်ကောင်းလောက်၍ ဆွဲဆောင်မှု့ရှိပြီး အင်မတန်အသုံးဝင်သည့် အပင်တစ်ပင် ဖြစ်လာပါတယ်။ ဘုရားသခင်၏နိုင်ငံတော်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘုရားသခင်၏နိုင်ငံတော်ဟာ တရားတော်ကိုလက်ခံနိုင်သူ တစ်ဦးချင်းစီ၏နှလုံးသားထဲမှာ အသေးငယ်ဆုံးသောမျိုးစေ့ငယ်အဖြစ်စတင်ကာ ကျွန်တော်တို့မမြင်နိုင်သည့်တိုင်အောင် ၎င်းမျိုးစေ့ဟာ အသွင်သာန်ပြောင်းလဲကာ မိမိတို့ကိုယ်တိုင်လည်း ပြောင်းလဲခြင်းများဖြစ်လာသလို၊ အခြားသူတစ်ပါးကိုလည်း ပြောင်းလဲနိုင်စွမ်းရှိလာသည့် တန်ဖိုရှိလာသည့် လူသားအရင်းအမြစ်တို့၏အရင်းအမြစ်လေးတွေ ဖြစ်လာပါတယ်။

ဘုရားသခင်၏နိုင်ငံတော်ဆိုတာ ခရစ်တော်၏မူပိုင်သွန်သင်ချက်ပင်ဖြစ်ပါတယ်။ ဓမ္မဟောင်းကာလမှ သွန်သင်ချက်များကိုအတူဆွဲယူကာ ဘုရားသခင်နှင့်လူသားတို့အကြားရှိဆက်နွယ်မှု့ကို မီးမောင်းထိုးပြနေသိလို ကျွန်တော်တို့တွေဟာ ဘုရားသခင်၏သြဇာလွှမ်းမိုးမှု့ခံယူပြီး တရားတော်အတိုင်းရှင်သန်နေထိုင်ဖို့ လောကရှိကွဲပြားခြားနားကြသည့်နိုင်ငံသားတို့နှင့်မတူဘဲ အားလုံးတရားတော်မှာတူညီကြသည့် နိုင်ငံသားစီစစ်ကဒ်ရသူများ တနည်းအားဖြင့်ကောင်းကင်နိုင်ငံသားများအဖြစ်ကို ရရှိကြပါတယ်။ ထို့ကြောင့် ဤကောင်းကင်နိုင်ငံသားအဖြစ်ကိုရရှိဖို့ဟာ ကျွန်တော်တို့လူသားများ၏ အနာဂတ်မျှော်လင့်ချက်ပင် ဖြစ်ပါတယ်။

သို့ဖြစ်လျှင် ဤကောင်းကင်နိုင်ငံသားအဖြစ်ကိုရရှိဖို့ ကျွန်တော်တို့တတွေ ဘယ်လိုအရည်အချင်းတွေ လိုအပ်ပါသလဲ။ ဘယ်လိုကျင့်ကြံအသက်ရှင်ပြီး မျှော်လင့်နေကြမလဲ။

ရောမ ၁၄း၁၇ မှာ ခရစ်တော်က ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်းသောက်ခြင်းမဟုတ်ဘဲ ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းသာယာခြင်းနှင့် ၀ိညာဉ်တော်မြတ်ဝမ်းမြောက်ရွှင်လန်းခြင်းတို့ပင်ဖြစ်၏ ဟုမိန့်ဆိုထားတာပါ။

သံမာတေဦး ၂၅း၃၄-၃၆ မှာတော့ မည်သူတွေကောင်းကင်နိုင်ငံသားဖြစ်မလဲဆိုတာ ဟောပြောမိန့်ဆိုထားပါတယ်။ -ငါသည်ဆာလောင်သောအခါ သင်တို့သည်ငါ့အား စားစရာကိုပေး၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အားသောက်စရာရေကိုပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့အားပျူငှာစွာကြိုဆိုကြ၏။ ငါ၌အ၀တ်မရှိသောအခါ သင်တို့သည်ငါ့ကို အ၀တ်နှင့်လွှမ်းခြုံပေးကြ၏။ ငါသည်ဖျားနာသောအခါ သင်တို့သည်ငါ့ကိုကြည့်ရှု့ကြ၏။ ငါသည်ထောင်ထဲ၌ ရှိနေသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏... အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုလျှင် ငါ့ကိုပင်ပြုစုကြ၏။

ခရစ်တော်၏တရားတော်ဟာ ချစ်ခြင်းမေတ္တာတရားပေါ်အခြေတည်ပြီး ချစ်ခြင်းမေတ္တာအားဖြင့် အနှစ်ချုပ်ယူနိုင်ပါတယ်။ ထို့ကြောင့် ပါရမီအားလုံးထဲမှာ ချစ်ခြင်းမေတ္တာတရားဟာ အကြီးအမြတ်ဆုံးဖြစ်ပြီး ဘုရားသခင်သည်ပင် ချစ်ခြင်းမေတ္တာဖြစ်၏။ အထက်ပါ သံမာတေဦး ၂၅း၃၄-၃၆ဟာလည်း မေတ္တာတရားမပါဘဲ ကျင့်ကြံ၍မရပါဘူး။ ထို့ကြောင့် မေတ္တာတရားဟာ ကျွန်တော်တို့အားလုံးကို ကောင်းကင်နိုင်ငံသားများ ဖြစ်စေမည့်အဓိကအရည်အချင်းပါပဲ။

ဘုရားသခင်၏နိုင်ငံတော်၏အဓိပ္ပာယ်မှာ ကယ်တင်ခြင်းတရားပင်ဖြစ်ပါတယ်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂)က “ဘုရားသခင်၏နိုင်ငံတော်ဆိုသည်မှာ ဘုရားသခင်၏ကယ်တင်ခြင်းစီမံကိန်းအား  ပြီးပြည့်စုံခြင်းအား ထုတ်ဖော်ပြသခြင်းနှင့် သိမှတ်ခြင်းပင်ဖြစ်ပါတယ်” ဟုမိန့်ဆိုခဲ့ပါတယ်။

ထိုကယ်တင်ခြင်းစီမံကိန်းအား ပြီးပြည့်စုံအောင် ထုတ်ဖော်ပြသခြင်းနှင့် သိမှတ်ခြင်းမှာ အသေးငယ်ဆုံးသောအရာမှ စတင်ခဲ့သည့်အတိုင်း ခရစ်တော်ဟာ တပည့်တော်ကြီး ခုနှစ်ဦးဖြင့် သေးငယ်သော အုပ်စုလေးမှ စတင်ခဲ့သည့် အသင်းတော်ကိုစတင်ပေးခဲ့တယ်။ မုန်ညှင်းစေ့လေးလိုပဲ အသင်းတော်၏မျိုးစေ့ငယ်လေးဟာ အသွင်သာန်ပြောင်းလဲကာ မိမိကိုယ်ကိုလည်း တနေ့တခြင်းအတွင်းပိုင်း ပြောင်းလဲခြင်းနှင့်အတူ အခြားသူများအတွက်လည်း တနေ့တခြားပြောင်းလဲပေးနေပါတယ်။ ခရစ်တော်၏ ဒုတိယအကြိမ်မြောက်ကြွလာသည့်တိုင်အောင် မျှော်လင့်ချက်အပြည့်ဖြင့် ယုံကြည်ခြင်းမျိုးစေ့ငယ်လေးအား တနေ့ထက်တနေ့ရှင်သန်ကြီးထွားစေသည့်အတိုင်း သက်သေခံနေတာပါ။ အခုတော့ ကမ္ဘာပေါ် ဒေသအမျိုးမျိုးမှ အမျိုးမျိုးသောလူမျိုးစုံများ ခိုလိုရာမုန်ညှင်းပင်တစ်ပင် ဖြစ်နေပါတယ်။ သို့သော်လည်း ထိုမုန်ညှင်းပင်၏ ရှင်သန်ကြီးထွားရခြင်းအကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင်ပင်ဖြစ်ပါတယ်။

ဘုရားသခင်၏နိင်ငံတော်ဆိုသည်မှာ နေရာတစ်ခု သီးသန့်ကိုသာ ရည်ညွန်းဖော်ပြခြင်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့
ရဲ့ စိတ်ဝိညာဉ်နှလုံးသာထဲမှာ  ဘုရားသခင်တည်ရှိနေခြင်း၊ ဘုရားသခင်၏တရားတော်များ ဖြင့်အုပ်စိုးခံရခြင်းကို ရည်ညွှန်းမိန့်ဆိုပါတယ်။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာတရားများဖြင့် ကျွန်ုပ်တို့တစ်ဦးရဲ့ နှလုံးသားများကို အုပ်စိုးလာတဲ့အခါ ဤလောကမှာ ကျွန်ုပ်တို့တတွေဟာ ကောင်းကင်နိုင်ငံသားဇာတိများအဖြစ် ရှင်သန်နိုင်လာကြပြီး တနေ့တခြား ထိုရှင်သန်ခြင်းကို တောင်းတလာကြပါတယ်။


ကျွန်တော်တို့အားလုံးလည်း ထို့အတူ ဘုရားသခင်၏တရားတော်များဖြင့် မိမိတို့ရဲ့နှလုံးသားများကို ဘုရားသခင်လွှမ်းမိုးခံစေပြီး ဖြေင့်မတ်ခြင်းလမ်း၊ ငြိမ်းချမ်းခြင်းလမ်းနှင့် မေတ္တာတရားလမ်းတို့မှာ လျှောက်လှမ်း နေ့စဉ်ရှင်သန်မှု့အား ကောင်းကင်နိုင်ငံသားဇာတိဖြင့် ရှင်သန်သွားနိုင်ကြဖို့ ကျေးဇူးတော်များဆက်လက် တောင်းခံရင်း ဆုတောင်းသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments