အီစတာပွဲတော်ကြီးနှင့် အီစတာသတင်းကောင်း


ရှင်ပြန်ထမြောက်တော်မူသော ယေဇူးခရစ်တော်၌ ချစ်ခင်လေးစားရပါသော ညီအစ်ကိုမောင်နှမများ အားလုံးကို ၀မ်းမြောက်ပျော်ရွှင်ဖွယ် အီစတာပွဲတော်ပါဟု နှုတ်ခွန်းဆက်ပါရစေ။

သမိုင်း၏သေချာလှတဲ့ အချိန်အခါတစ်ခုမှာ၊ တိကျတဲ့နေရာနှင့် ကြီးကျယ်ထင်ရှားသော ရောမအင်ပါယာကြီးတွင် သမရိုးကျဖြစ်စဉ်တစ်ခုလို ရိုးရှင်းစွာဖြစ်ခဲ့သော်လည်း ထူးဆန်းနက်နဲဖွယ်ရာတို့ဖြင့် လွှမ်းခြုံနေတဲ့ ထိုအဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်ပါတယ်။ အဖြစ်အပျက်တို့က သုံးရက်အတွင်း လျင်မြန်လွန်းစွာဖြစ်ပျက်သွားခဲ့သော်လည်း ထိုအဖြစ်အပျက်လေးကိုတော့ ယနေ့နှစ်ပေါင်း နှစ်ထောင်ကျော်သွားသည့်တိုင် မရိုးနိုင်ဘဲ ပြော၍မဆုံး ဖြစ်နေသလို၊ ၎င်း၏နက်ရှိုင်းမှု့မှာလည်း ယနေ့တိုင် ဓမ္မသဂြိုလ်ပညာရှင်တို့ အပြည့်အ၀ နားမလည်နိုင်ကြသေးဘဲ ဖြစ်နေလျက်ပါ။ ထိုအဖြစ်အပျက်လေးကို ယနေ့မှာတော့ အီစတာပွဲတော်ဟု လူသားတို့သိရှိနေကြပါပြီ။ ထိုအီစတာပွဲတော်မှာ နာဇရက်မြို့သား ယေဇူးခရစ်တော်၏ အသေခံယူခြင်း၊ သင်္ဂြိုလ်ခံယူခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းတို့ပါပဲ။

ခရစ်တော်သခင်ဟာ ငရဲတံခါးတို့ကိုဖြိုခွင်းပြီး ငရဲမှကျေးကျွန်များအားလုံးကို လွတ်မြှောက်ပေးလိုက်ပါပြီ။ သူအရှေ့မှ လူသားတို့သမိုင်းကြွေးများကို ပေးဆပ်လိုက်ပြီ။ မိုးဇယ်၏ဥပဒေအချုပ်အနှောင်မှ လွတ်မြောက်စေပြီး ချစ်ခြင်းမေတ္တာအားဖြင့် သေဆုံးခြင်းမရှိ၊ ထာဝရအသက်နှင့် ဖြောင့်မတ်ခြင်းတရားတို့ တည်ရှိသော ကောင်းကင်နိုင်ငံခရီးလမ်းသို့ ခရစ်တော်ဦးဆောင်ခေါ်နေပါပြီ။ ထို့ကြောင့် ခရစ်တော်၏သေခြင်းတရားမှာ ကျွန်တော်တို့အတူတကွပါဝင်ကြလျှင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းမှာလည်း အတူတကွပါဝင်နိုင်ကြပါလိမ့်မယ် (ရောမ ၆း၈)။ သို့ဖြစ်၍ ကျွန်တော်တို့ ခရစ်ယာန်များဟာ ဆေးကြောခြင်းမင်္ဂလာခံယူစဉ်ကတည်းကစပြီး မိမိတို့၏ဘ၀အဟောင်း၊ အပြစ်များအားလုံးနှင့်အတူ ခရစ်တော်နှင့်အတူတကွ အသေခံခဲ့ကြပြီးဖြစ်၍ ယနေ့ ခရစ်တော်နှင့်အတူ ရှင်သန်နေကြပြီး နောင်တမလွန်မှာလည်း ခရစ်တော်နှင့်အတူတကွ ရှင်ပြန်ထမြောက်ကြမည်ကို ယုံကြည်ကျင့်ကြံစောင့်တည်နေကြသည်မှာ ဧကန်မုချပင် ဖြစ်ပါတယ်။

ခရစ်တော်နှင့်အတူ ကျွန်တော်တို့ခရစ်ယာန်တွေ ဘယ်လိုအသေခံပြီး ဘယ်လိုအသက်ရှင်နေကြပါသလဲ။
တစ်နေ့က ဗုဒ္ဓဘာသာဝင်လူငယ်တစ်ဦးက ကျွန်တော်ရဲ့စာလုံးပေါင်းအမှား ဒုက္ခစရိယာကို ဒုက္ကစရိယာ ရေးမိခြင်းအား ဖတ်မိပြီး ဒုက္ကစရိယာတော့ မဖြစ်နိုင်ဘူး - ဒုက္ကရစရိယာပဲ ဖြစ်ရမယ်လို့ ယူဆပြီး ထိုဝေါဟာရအကြောင်းကို ရှင်းပြပေးခဲ့ပါတယ်။ ဒုက္ကရစရိယာဆိုတာ ဗုဒ္ဓဘာသာမှာ ပြင်းထန် အစွန်းရောက်သည့်လမ်းစဉ်မှားလို့ အနက်ဖွင့်ဆိုပါတယ်တဲ့။ ထို့နောက် ခရစ်ယာန်မှာလည်း ဒုက္ကရစရိယာရှိပါသလားဟု မေးမြန်းပါတယ်။ ကျွန်တော်လည်း ဒုက္ခစရိယာရေးခြင်းဖြစ်၍ ဒုက္ကစရိယာမဟုတ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။ ထို့နောက် ခရစ်ယာန်ဘာသာတရားမှာ ဒုက္ကရစရိယာဟူသော ပြင်းထန်သည့်လမ်းစဉ်မှားဆိုတာလည်း မရှိသလို၊ အခြားသော မဇ္မိပဋိပဌာဆိုသည့် အလယ်လတ်လမ်းစဉ်ဆိုတာလည်း ခွဲမထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုလမ်းစဉ်တွေဆိုတာ ဒဿနတစ်ခုခုသာ ဖြစ်တယ်လို့မြင်ပါတယ်။ အစွန်းရောက်ခြင်းဟာ မကောင်းပါ။ ခရစ်တော်သွန်သင်ချက်မှာတော့ မေတ္တာတရားပါပဲ - ဘုရားသခင်ကို ကိုယ်စိတ်နှလုံးဖြင့် အစွမ်းကုန်ချစ်ရမယ်၊ မိမိနှင့်နီးစပ်သူ တစ်ပါးသူကိုလည်း မိမိကိုယ်ကိုချစ်သကဲ့သို့ ချစ်ခင်ရမယ်၊ ထို့အပြင် ရန်သူကိုပင် ချစ်ခင်ရမယ်ဟူ၍ မေတ္တာတရားမှာ အရင်းတည်ကာ မေတ္တာတရားမှာ အကျဉ်းချုပ်နိုင်သည့် တရားလမ်းစဉ်ပင် ဖြစ်ပါတယ်။

အစွန်းရောက်ခြင်းဟာ ဘာသာတရားတိုင်းမှာလိုလို၊ နိုင်ငံရေးတိုင်းမှာလိုလို၊ အတွေးအခေါ်အယူဝါဒတိုင်းမှာလိုလို ရှိတတ်စမြဲပါ။အကြောင်းရင်းကတော့ တရားကို ညဏ်ဖြင့် တွဲပြီး မကျင့်ကြံဘဲ တစ်ဘက်ဘက်မှာ အယူသန်ပြီး ၀ါဒဆွဲတွေဖြစ်သွား၍ကြောင့်သာ ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့တတွေဟာ အမှန်တရားနှင့်  မေတ္တာတရားကို သက်သေခံကြရမည့်သူများ ဖြစ်ပါတယ်။ ထို့ကြောင့် ခရစ်ယာန်ဟုခေါ်ခံထိုက်ပါတယ်။ 

ထို့ကြောင့်၊ ချစ်စွာသော ခရစ်ယာန်ညီအစ်ကိုမောင်နှမများ၊ ခရစ်တော်နောက်တော်သို့လိုက်နေလျက် ခရစ်တော်၏သွန်သင်ချက်တွေကို မမေ့ကြပါနှင့်။ အထူးသဖြင့် မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာခြင်းကို မမေ့ကြဘဲ ထိုတရားများအား ကမ္ဘာလောကကြီးတစ်ခုလုံးအား ဝေမျှဖို့ တာဝန်ကိုယ်စီ ရှိနေတာကိုလည်း လျစ်လျူရှုထား၍ မဖြစ်ပါ။ 
ဤနေ့ပါစကားပွဲတော်နေ့။ ခရစ်သခင်ဟာ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် လောကသား အားလုံးအတွက် ပျောက်ဆုံးနေသော ကောင်းကင်နိုင်ငံတော်အနာဂတ်မျှော်လင့်ချက်ကို ပေးစွမ်းခဲ့ပါပြီ။ ကျွန်တော်တို့တတွေဟာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းကျေးဇူးတော်များကို  မေတ္တာတရားနှင့် ကျင့်ဆောက်တည်နိုင်ပါပြီ။ ဘ၀ဆိုတာ တစ်ခုခုကို အမြဲရှာဖွေနေခြင်းပါပဲ။ ဘ၀မှာ ရှာဖွေစရာမရှိတော့ဘူး ဆိုတာနဲ့ ကျွန်တော်တို့တတွေဟာ စိတ်လေပြီး ငြီးငွေ့သွားတတ်ကြပါတယ်။ ဒါကြောင့် ဘ၀ကို အမြဲရှင်သန်နေဖို့ ရှာဖွေခြင်းတစ်ခုခုကို အမြဲပြုလုပ်နေရပါလိမ့်မယ်။ 

မာရိယာမာဒလေနားလည်း ကိုယ်တော်ဘုရားကို ရှာဖွေနေပါတယ်။ သူမ၏စိတ်ထဲမှာ ကိုယ်တော်ဘုရားကို အခြားလူတစ်စုက အဝေးတစ်နေရာသို့ ယူဆောင်သွားကြပြီလို့ ထင်မှတ်နေပါတယ်။ သို့သော်လည်း ဘယ်ကို သယ်ဆောင်သွားကြသလဲဆိုတာ သူမ မသိပါ။ ထို့ကြောင့် သူမလည်း ကိုယ်တော်ဘုရား၏အလောင်းတော် သွင်းထားရာ ကျောက်ဂူဝမှာ ထိုင်ငိုနေပါတယ်။ ၎င်းကိုသိ၍ ကိုယ်တော်ဘုရား ကြွလာပြီး သူမအား မည်သူ့ကို ရှာဖွေနေပါသလဲလို့ မေးမြန်းပါတော့တယ်။အမှန်တကယ်တော့ ကိုယ်တော်ဘုရားကို ရှာဖွေဖို့ ကိုယ်တော်ဘုရားကိုယ်တော်တိုင် ပြုလုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤရှာဖွေခြင်းမှာပဲ ကျွန်တော်တို့ဘ၀၏ ရှင်သန်ရာ အကြောင်းအရင်း ဖြစ်နေလို့ပါ။ ဘုရားကို ရှာဖွေတယ်ဆိုတာ ဘ၀မှာ အကြီးမြတ်ဆုံး ရှင်သန်ရာအကြောင်းရင်းပါပဲ။ ကိုယ်တော်ဘုရားကို တွေ့ရှိ သိမှတ်ချိန်မှာတော့ မာရိယာတစ်ယောက် "ရာဘောနီ" ဟုဝမ်းသာအားရဖြင့် ခေါ်ဆိုလိုက်ပါတော့တယ်။ ရာဘောနီဆိုသည်မှာ ဆရာသခင်ဟု ဆိုလိုပါတယ်။ 

မိတ်ဆွေခရစ်ယာန်အပေါင်းတို့၊ ဒီနေ့ ကျွန်တော်တို့တတွေလည်း မာရိယာမာဒလေနားလို ကိုယ်တော်ကို ရှာဖွေနေတဲ့ ဘ၀ခရီးရှာပုံတော်မှ ရှာဖွေနေသူတွေပါပဲ။ ရာဘောနီ (ဆရာသခင်)ကို တွေ့ကြပြီလား။ ထိုဆရာသခင်ကို ဘယ်မှာရှာဖွေနေကြပါသလဲ။ ခရစ်တော်သခင် အသေအချာမှာခဲ့တာတော့ - အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုလျှင် ငါ့ကိုပင် ပြုစုကြပြီ (မာတေဦး ၂၅း၄၀)။ ထို့ကြောင့် ကျွန်တော်တို့တတွေလည်း ကိုယ်တော်သခင် ရာဘောနီ ယေဇူးခရစ်တော်အား အသိမ်ငယ်ဆုံးသော ကျွန်တော်တို့၏ညီအစ်ကိုများဖြစ်သည့် ဆင်းရဲသောသူများ၊ ဒုက္ခရောက်နေသူများ၊ ဝေဒနာခံစားနေရသူများ၊ နာမကျန်းသူများ၊ အစွန့်ပစ်ပယ်ခံရသူများ၊ လူ့အသိုင်းဝိုင်းမှ ပစ်ပယ်ခံရသူများ၊ အကျဉ်းခံနေရသူများ၊ စသည့် အကူအညီလိုအပ်နေသူများကြားမှာ ရှာဖွေရင် ပြီးပြည့်စုံလင်သော ပါစကားပွဲတော်၏ အနှစ်သာရကို ခံစားရရှိကာ ခရစ်တော်ဘုရားအား ဖူးမျှော်နိုင်ပါစေ။ ပါစကားပွဲနေ့သည်လည်း ကျွန်ုပ်တို့နှလုံးသားမှာ အစဉ်ရှင်သန်လျက် လူတိုင်းအား ဝေမျှနိုင်သော ခရစ်ယာန်စစ်စစ်များ ဖြစ်နိုင်ကြပါစေ။ “ကိုယ်တော် ရှင်ပြန်ထမြောက်လေပြီ” အာလေလုယာ . . . 

ဒိုမီနီကန် (ကိုရင်)

Post a Comment

0 Comments