ယနေ့ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်မှာ တပည့်တော်ကြီးများအား ယေဇူးသခင် ထင်ရှာပြတော်မူခြင်းနှင့်အတူ ယုံကြည်ဖို့အင်မတန်ခေါင်းမာသည့် တပည့်တော်ကြီးသောမအား သူဆန္ဒရှိသည့်အတိုင်း ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်တွေကို မျက်တွေ့စေပြီး ထိတွေ့စေခဲ့သည့်အကြောင်း ရေးသားထားပါတယ်။
အကြောက်တရားဖြင့်လွှမ်းမိုးခံနေရသည့် တပည့်တော်ကြီးတွေရှိရာ သော့ခ်ခပ်အလုံပိတ်ထားတဲ့ အခန်းအတွင်းသို့ ရှင်ပြန်ထမြောက်ပြီးသော ခရစ်တော်က အံ့သြစွာဝင်ရောက်လာခဲ့ပါတယ်။ ထို့နောက် “သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသ တည်း” ဟု နှုတ်ခွန်းဆက်လိုက်တယ်။ ထို့အပြင် အရေးအကြီးဆုံးအဖြစ် ၀ိညာဉ်တော်မြတ်ကိုပေး၍ ခံယူစေခဲ့တယ်။ ထိုဝိညာဉ်တော်ကျေးဇူးတော်အားဖြင့် တပည့်တော်ကြီးတွေဟာ အကြောက်တရားမှကင်းလွတ်ပြီး ကောင်းမြတ်မှန်ကန်ရာတွေကို သင်ကြားပို့ချပြီး ကောင်းကင်နိုင်ငံတော်အား ဟောပြောသက်သေခံရင်း သာသနာပြုနိုင်မှာ ဖြစ်ပါတယ်။
အမှန်တော့ ခရစ်တော်ရှင်ပြန်ထမြောက်ကြောင်းကို တနင်္ဂနွေနေ့ နံနက်ခင်းမှာ ကိုယ်တော်၏ ကျောက်ဂူကိုသွားခဲ့ကြတဲ့ အမျိုးသမီးတစ်စုက ပြောပြခဲ့ကြတယ်။ နောက် ဧမာဦးမြို့အသွားမှာ ကြုံတွေ့ခဲ့ရတဲ့ တပည့်တော်ကြီး နှစ်ဦးက ပြောပြခဲ့ကြတယ်။ ကျန်တဲ့သူတွေကတော့ ရှင်ပြန်ထမြောက်ပြီးသော သူတို့ဆရာ ယေဇူးသခင်ကို မတွေ့ကြုံကြရသေးပါဘူး။ အဆိုးဆုံးကတော့ တပည့်ကြီး သောမဟာ အများတကာ ကြုံတွေ့ပြီးတာတောင် သူမတွေ့ကြုံရသေးပါဘူး။ သူဟာ ယုံကြည်ဖို့ အင်မတန်ခေါင်းမာတဲ့သူပါပဲ။ ထို့ကြောင့်လည်း ခရစ်တော်ဟာ သူဆန္ဒရှိသည့်အတိုင်း ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်တွေကို မျက်တွေ့စေခြင်း ဖြစ်ပါတယ်။ သို့မှသာ - "ကျွန်ုပ်၏သခင်၊ ကျွန်ုပ်၏ ဘုရား"ဟူ၍ ကြွေးကြော်နိုင်ပါတော့တယ်။
ယနေ့တရားတော်ဟာ အကြောက်တရားဖြင့်လွှမ်းမိုးခံနေရသည့် ကျွန်တော်တို့ဘ၀ ကိုယ်စီကိုယ်စီကို ပြန်လည်သုံးသပ်စေဖို့ ဖိတ်ခေါ်နေပါတယ်။ကာင်းကင်နိုင်ငံတော်၏သတင်း ကောင်းကို ဟောပြောသက်သေခံဖို့ရန်၊ ဘုရားသခင်၏ အပြစ်ခွင့်လွှတ်ခြင်းကို လက်ဆင့်ကမ်းအသိပေးကြရန်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတွေကို မျှဝေလက်ဆင့်ကမ်းကြဖို့ရန်နှင့် ကယ်တင်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားကြဖို့ သတ္တိတွေ လိုအပ်တယ် - အကြောက်တရားက လွတ်မြောက်နေဖို့ လိုအပ်တယ်။ ဒီနေ့လိုခေတ်ကြီးမှာ - တရားမမျှတမှု့တွေနည်းမျိုးစုံနဲ့ လွှမ်းမိုးနေချိန်၊ မညီမျှမှု့တွေ အလွှာအစုံနဲ့ မြင့်တက်နေချိန်၊ တကိုယ်ကောင်းဆန်ဆန်ဖြင့် အတ္တတို့ပို၍ပို၍ ကြီးစိုးလာချိန်၊ မေတ္တာတရားတို့လည်း နှလုံးသားမှာ နေရာမရှိဖြစ်လာသည့်အချိန်တွေမှာ ကျွန်တော်တို့တတွေရဲ့ အသံတွေ အကြောက်တရားကြောင့် ပျောက်ပျက်နေလား။ နိုင်ငံရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ ဘာသာရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ လူမှု့ရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ အခြားသော နယ်ပယ်တွေမှာပဲ ဖြစ်ဖြစ် မိမိတို့အကူအညီကို လိုအပ်နေသူတွေ၊ ဆင်းရဲသားတွေ၊ အပယ်ခံတွေ၊ ဝေဒနာသည်တွေ၊ နာမကျန်းသူတွေ၊ အကျဉ်းသားတွေအတွက် အမှန်တရား၊ တရားမျှမှု့၊ ညီမျှမှု့၊ မေတ္တာစေတနာတွေ ဖြန့်ကျဲရင်း ကောင်းကင်နိုင်ငံကို သက်သေခံဖို့ ကြောက်ရွံ့နေကြသလား။
ဒေါ်အောင်ဆန်းဆုကြည် Freedom from Fear စာအုပ်ကို အောက်မေ့မိပါတယ်။ သူမပြောသလိုပဲ - “It is not power that corrupts but fear.” တကယ်တော့ ကျွန်တော်တို့ကို ဖျက်စီးတာ အာဏာမဟုတ်ဘဲ အကြောက်တရားသာဖြစ်တယ်လို့ ဆိုလိုပါတယ်။ မှန်ပါတယ် - ကျွန်တော်တို့တတွေဟာ အကြောက်တရားကြောင့်သာ ပျက်စီးခြင်းရဲ့ ပစ်မှတ်ဖြစ်နေရပါတယ်။ အကြောက်တရားကြောင့် မှန်တာတွေကို ကျွန်တော်တို့ မလုပ်ရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ မှန်တာတွေကို မပြောရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ တရားမျှတခြင်းကို မထောက်ခံရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ မေတ္တာတရားမထားရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ အချင်းချင်း မခွင့်လွှတ်ရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ ပြန်လည်ကျေအေးခြင်း မလုပ်ဆောင်ရဲကြဘူး။
ဒီအကြောက်တရားတွေပါပဲ ကျွန်တော်တို့တတွေရဲ့ အပြစ်တွေနှင့်ဆိုင်ရာ လုပ်ရပ်တိုင်းရဲ့ နောက်ခံ အကြောင်းရင်း ဖြစ်နေပါတယ်။ ဒီအကြောက်တရားကြောင့်ပဲ ကျွန်တော်တို့တတွေ လုပ်သင့်လုပ်ထိုက်တာနှင့် ကောင်းတာတွေလုပ်ဆောင်ဖို့ ပျက်ကွက်နေကြရတယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ဖို့ အကြောက်တရားကြောင့် ကျွန်တော်တို့တတွေ ပုန်းအောင်းနေကြတယ်။ နောက်ဆက်တွဲအနေဖြင့် ကျွန်တော်တို့တတွေရဲ့ အခုလို သူရဲဘောင်ကြောင်တဲ့ စိတ်တွေဖြစ်ပေါ်လာစေပြီး ဒီလို သူရဲဘောင်ကြောင်တဲ့ စိတ်တွေကြောင့် ကျွန်တော်တို့တတွေဟာ တနည်းမဟုတ်တနည်းအားဖြင့် သူတစ်ပါးတွေရဲ့ အကျိုးကို ပျက်စီးဆုတ်ယုတ်စေလာပါတယ်။ အဆိုးဆုံးကတော့ မိမိရဲ့ကိုယ်ကျိုးတွေ ပျက်စီးလာစေပြီး ကျွန်တော်တို့တတွေ ဒဏ်ရာတွေရလာတယ် - ဒဏ်ရာတွေလည်း ပြင်းထန်လာတယ် . . . နောက်ဆုံး ကျွန်တော်တို့ဘ၀ အနာတွေနဲ့ ပုန်းအောင်းနေရတယ်။
မိတ်တွေ၊ သင်နှင့်ကျွန်တော်လည်း ဒီအကြောက်တရားကြီးမှာ ပုန်းအောင်းမနေသင့်တော်ပါဘူး။ ကျွန်တော်တို့ ရဲရင့်ဖို့လိုအပ်ပါတယ်။ ဘ၀မှာ လုပ်သင့်လုပ်ထိုက်တာတွေနှင့်  ကောင်းတာတွေလုပ်ဖို့ ကျွန်တော်တို့မှာ သတ္တိတွေ ရှိနေသင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့နောက်မှာ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးသခင်ကိုယ်တော်တိုင် မားမားမတ်မတ်ရပ်တည် ခွန်အားပေးနေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ ဒီခွန်အားတွေ စီးဆင်းရာ စမ်းချောင်းပါပဲ။ ထို့ကြောင့် ကျွန်တော်တို့တတွေရဲ့ ယုံကြည်ခြင်းနှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ခွန်အားသတ္တိများ ရယူကာ ကောင်းကင်နိုင်ငံတော် အကြောင်းကိုဆက်လက်ဟောပြော သက်သေခံသွားကြဖို့ လိုအပ်ပါတယ်။ ဒီယုံကြည်ကြောင့် အကြောက်တရားကို ကျော်လွှားကာ ကျွန်တော်တို့ မှန်တာတွေလုပ်ကြမယ်၊ မှန်တာတွေ ပြောကြမယ်၊ တရားမျှတခြင်းကို အားပေးထောက်ခံသွားမယ်၊ မေတ္တာတရားထားပြလိုက်ကြမယ်၊ အချင်းချင်း ခွင့်လွှတ်သည်းခံကြမယ်၊ အချင်းချင်းပြန်လည်ကျေအေးကာ သဟဇာတကြတဲ့ ကမ္ဘာကြီးကိုတည်ထောင်ပြီး ကောင်းကင်နိုင်ငံတော်၌ဖြစ်သ ကဲသို့ မြေကြီးပေါ်၌လည်း ဖြစ်စေကြမယ်။
ဘယ်လိုလဲ မိတ်ဆွေ၊ အကြောက်တရားက သင့်ကိုလွှမ်းခြုံထားဆဲလား၊ ဒီအကြောက်တရားကို ကျော်လွှားဖို့ လုံလောက်တဲ့ သတ္တိခွန်အား သင့်မှာ ရှိနေပြီလား။ ဆက်လက်စဉ်းစား ကျင့်ကြံနိုင်ကြပါစေ။
သောမအား ယေဇူးခရစ်တော်မိန့်ဆိုခဲ့သော စကားသံလေးကို ပြန်လည်ကြားယောင်မိတယ် . . . “သောမ၊ သင်သည် ငါ့ကိုမြင်ရသောကြောင့် ယုံကြည်သလော။ မမြင်ရဘဲ ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏။” . .
ယေဇူးခရစ်တော်သည် ဧကန်မုချ ရှင်ပြန်ထမြောက်ခဲ့လေပြီ။ အာလေလုယာ. . .
ကိုရင် (ဒိုမီနီကန်)
0 Comments