သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်း


သံယောဟန် ၂၀း၁၉-၂၃

ဝိညာဉ်တော်အလင်းကျေးဇူးတော်ကြောင့် ကျွန်တော်တို့တတွေ တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ဆက်ဆံရေး အရည်အသွေးကို မြင့်တက်စေပါတယ်။

တမန်တော်ဝတ္ထုကျမ်း၌ မှတ်တမ်းတင်ထားသည့်အတိုင်း ယေဇူးခရစ်တော်၏ တပည့်တော်ကြီးများကို သေချာလေ့လာစမ်းစစ်ကြည့်လျှင် အတတ်ပညာရှင်များလည်းမဟုတ်၊ ကျမ်းတတ်ဆရာကြီးများလည်း မဟုတ်၊ သြဇာအာဏာကြီးမားသူများလည်းမဟုတ်ပါဘဲ ၀ိညာဉ်တော်ဘုရား၏ အလင်းကျေးဇူးကြောင့်သာ ကြောက်ရွံ့တုန်လှုပ်နေကြသည့် တပည့်တော်ကြီးများဟာ ကောင်းကင်နိုင်ငံတော်၏ မဟာတမန်တော်ကြီးများ ဖြစ်လာခဲ့ပါတယ်။ ကိုယ့်ဘာသာစကားတစ်ခုတည်းကိုပင် သာမန်အရပ်သားလို ပြောတတ်ဆိုတတ်ရုံ ရှိသော်လည်း ၀ိညာဉ်တော်၏လုပ်ဆောင်မှုဖြင့် ၎င်းတို့ပြောဆိုလိုက်သည့် စကားလုံးများဟာ ကြားသူအမျိုးမျိုးအတွက် မိမိတို့၏ဘာသာစကားဖြင့်ကြားနာရ၍ တန်ခိုးအံ့ဖွယ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီတန်ခိုးအံ့ဖွယ်တွေဟာ သာမန်အညတရ တပည့်တော်ကြီးများ အရည်အချင်းကြောင့်တော့ မဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုတွေသာဖြစ်ပါတယ်။ ၀ိညာဉ်တော်၏ လုပ်ဆောင်မှုမှာ အဓိကတော့ ကျွန်တော်တို့လူသားများအချင်းချင်း ဆက်သွယ်ဆက်ဆံရေး အရည်အသွေးကို မြင့်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့အချင်းချင်းဆက်သွယ်ဆက်ဆံကြတဲ့အခါာဏ်ပညာ၊ နားလည်တတ်မှု၊ အကြာံဏ်၊ အသိပညာ၊ဇွဲလုံလ (စိတ်ရှည်တတ်မှု)တွေနှင့်အတူ ဘုရားသခင်ကိုဗဟိုရ်ပြု၍ ဆက်သွယ်ဆက်ဆံ တတ်လာကြပါတယ်။

ထိုဝိညာဉ်တော်အလင်းကျေးဇူးဖြင့် ကျွန်တော်တို့အချင်းချင်းအကြား ဆက်သွယ်ဆက်ဆံရေး အရည်အသွေးများ မြင့်တက်လာခြင်းနှင့်အတူ သံယောဟန်၏ ဧ၀ံဂေလိကျမ်းအတိုင်း ကျွန်တော်တို့တတွေဟာ ဘုရားသခင်နှင့်စပ်လျဉ်းသည့် အပြစ်ခွင့်လွှတ်ခြင်းအခွင့်အာဏာကို ဒီလောကမှာ လက်ခံရှိပါတယ်။ ထို့ကြောင့် “အကြင်သူ၏အပြစ်ကို သင်တို့ခွင့်လွတ်လျှင် ထိုအပြစ်များသည်ခွင့်လွတ်ခြင်းခံရ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင် ထိုအပြစ်များသည် တည်လျက်ရှိ၏။” ယေဇူးခရစ်တော် မိန့်ဆိုခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော်တို့သိထားရမည့်အချက်က အပြစ်ခွင့်လွတ်ခြင်းနှင့် တည်ခြင်းဟာ ကျွန်တော်တို့ စိတ်ထဲမှ လာတဲ့ ဒေါသအမျက်နှင့် မနာလိုဝန်တိုမှုတွေကြောင့်မဟုတ်ဘဲ ၀ိညာဉ်တော်ဘုရား၏ လှုံ့ဆော်မှုဖြင့်သာ တတ်စွမ်းနိုင်ပါလိမ့်မယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်ရဲ့ဘ၀မှာလည်း ကိုယ်မတတ်နိုင်တဲ့အရာတွေကို ၀ိညာဉ်တော်အလင်းကျေးဇူးဖြင့် ပြီးမြောက်အောင်မြင်သွားတာမျိုး၊ ဒါမှမဟုတ် ကောင်းတဲ့အရာတွေလုပ်ဆောင်ဖို့ ဆက်ကပ်နိုင်မှုခွန်အား လျော့နဲနေချိန် ၀ိညာဉ်တော်အလင်းတရားဖြင့် တပည့်တော်ကြီးတွေလို ရဲရဲဝံ့ဝံ့ဖြင့် ဆက်လက်လျှောက်လှမ်း နိုင်သည့်အဖြစ်မျိုး၊ ဒါမှမဟုတ် မိမိ၏အတ္တမာနကြောင့် ခွင့်မလွှတ်နိုင်တဲ့အခြေအနေမျိုးမှာ ၀ိညာဉ်တော်၏ အလင်းကျေးဇူးတော်အားဖြင့် ခွင့်လွှတ်နိုင်သည့်အခြေအနေမျိုး၊ ဒါမှမဟုတ် မိမိအလိုဆန္ဒမှာ သဘောကျတတ်မိတဲ့ မကောင်းသည့်အရာ၊ တပါးသူအားထိခိုက်စေမယ့်အရာမျိုး၊ အထူးသဖြင့် တရားမျှတမှုနှင့် မေတ္တာတရားဝေမျှဖို့ရန်အတွက် ကြောက်ရွံ့နေတဲ့အခါမျိုးမှာ ၀ိညာဉ်တော်၏ကျေးဇူးတော်ဖြင့် ပြုလုပ်အောင်မြင်သွားတာမျိုး စသဖြင့်သော တန်ခိုးအံ့ဖွယ်တွေကို ကြုံကြိုက်တဲ့အခါ ကျွန်တော်တို့တတွေ ဘယ်လိုခံစားကြရပါသလဲ။ ဒါတွေဟာ သိပ်ကိုအံ့သြဖို့ကောင်းပါတယ်။ ပိုပြီးအံ့သြစရာကောင်းတာက ကျွန်တော်တို့ကိုယ်တိုင်ဟာ ၀ိညာဉ်တော်ဘုရားပြုလုပ်သည့် တန်ခိုးအံ့ဖွယ်တွေရဲ့ တူရိယာတွေ ဖြစ်နေတာပါပဲ။

ခရစ်ယာန်ဘ၀အသက်တာဆိုတာ လူတိုင်းအတွက် အထူးအဆန်းဟုတ်လျှင်မှ ဟုတ်ပါလိမ့်မယ်။ သို့ပေမယ့်လည်း ခရစ်ယာန်ဘ၀ကို နားလည်တဲ့လူတိုင်းအတွက်တော့ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀အသက်တာတစ်ခုပါ။ ခရစ်ယာန်ဘ၀အသက်တာအတွက် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးမှာ ဆေးကြောခြင်းမင်္ဂလာခံယူလိုက်အချိန်ကတည်းက ကျွန်တော်တို့ဘ၀ဟာ အသွင်သာန်ပြောင်းလဲကာ ကမ္ဘာကြီးအားကြည့်သည့် ကျွန်တော်တို့ရဲ့အမြင်တွေ ပြောင်းလဲလာကာ ပြည့်စုံတဲ့ဘ၀ကို မှန်ကန်စွာဦးတည်ပြီး ထာဝရအသက်ဖြင့် ဘုရားသခင်ကို ဖူးမျှော်နိုင်ရန် အနာဂတ်အိပ်မက်တွေ ရှင်သန်နေပါတယ်။ ဒီနေ့ဒီအချိန် ကျင်းပနေကြတဲ့ သန့်ရှင်းသောဝိညာဉ်တော်မြတ်ဆင်းကြွတော်မူခြင်းပွဲတော်ဟာ ထိုအနာဂတ်အိပ်မက်တွေ ရှင်သန်စေဖို့ ကျေးဇူးတော်ပါပဲ။

ဘ၀မှာ လူတစ်ယောက်ကို ခွင့်လွှတ်လိုက်ရတာလောက် ကျေနပ်စရာကောင်းတဲ့အချိန်ရှိမယ်မထင်ပါဘူး။ ဘ၀မှာ လူတစ်ယောက်ကို နားလည်မှုပေးလိုက်နိုင်တဲ့အချိန်၊ လူတစ်ယောက်က ကိုယ့်ကိုနားမည်မှု ပေးလိုက်နိုင်တဲ့အချိန်လောက် ကျေနပ်စရာကောင်းတဲ့အချိန်ရှိမယ်မထင်ပါဘူး။ ဘ၀မှာ အခြားသူတစ်ဦးကို စိတ်ရောကိုယ်ပါ ကူညီမှုပေးနိုင်လိုက်သည့်အချိန်၊ ကိုယ်တိုင်လည်း လိုအပ်နေတဲ့ အကူညီရလိုက်တဲ့အချိန်လောက် ကျေနပ်စရာကောင်းတဲ့အချိန်ရှိမယ်မထင်ပါဘူး။ ဘ၀မှာ သူစိမ်းတစ်ယောက်ကို ညီအစ်ကိုမောင်နှမအဖြစ် ခင်မင်ခွင့်ရတဲ့အချိန်အခါလောက် ကျေနပ်စရာကောင်းတဲ့ အချိန်ရှိမယ်မထင်ပါဘူး။ ဘ၀မှာ ဆင်းရဲသားတစ်ဦး၊ အားငယ်အားနဲသူတစ်ဦးအား စေတနာအပြည့်ဖြင့် ကူညီမှုပေးနိုင်လိုက်သည့်အချိန်ထက် ကျေနပ်စရာကောင်းတဲ့အချိန်ရှိမယ်မထင်ပါဘူး။ ကိုယ့်စိတ်ကပင် လိုက်ရောမှုမရှိဘဲ ဘာကြောင့်မှန်းမသိဘဲ ကောင်းတာတစ်ခုခုလုပ်လိုက်ရတဲ့အချိန်လောက် စိတ်ပေါ့ပါးပြီး ကျေနပ်စရာကောင်းတဲ့အချိန်ထက် တန်ဖိုးရှိတဲ့အချိန်ရှိမယ်မထင်ပါဘူး။ ဘုရားကို ဗဟိုရ်ပြုပြီး ကုသိုလ်ကောင်းမှုပြုရတဲ့အချိန်ထက် ကျေနပ်ပီတိဖြစ်စရာကောင်းထက် အချိန်မျိုး ရှိမယ်မထင်ပါဘူး။ စသည် စသည်ဖြင့် ကောင်းတဲ့အရာတွေကို စိတ်ရောကိုယ်ပါပြုလုပ်မိတာမျိုးထက် ကျေနပ်စရာကောင်းတဲ့အချိန်မျိုးတွေ ဘ၀မှာရှိမယ်မထင်ပါဘူး။ ဒါတွေအားလုံးကို ၀ိညာဉ်ဘုရား၏အလင်းကျေးဇူးတော်ဖြင့် ပြုလုပ်နိုင်ပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ဘ၀မှာ ဒီလိုအမှန်တကယ် စိတ်ကျေနပ်စရာလေးတွေ၊ စိတ်ပီတိတွေ၊ အေးချမ်းမှု့တွေကို သတိထားမိဖို့ ခေတ္တမျှမစဉ်းစားမိတာများနေပါတယ်။ ဘ၀မှာ ငွေနောက်လိုက်ရသည့်အချိန်တွေက ကျွန်ုပ်တို့ကို စက်ရုပ်တစ်ရုပ်လို အချိန်မှန်လည်ပတ်စေပြီး ခံစားမှု့ကို ဖယ်ပျောက်ပစ်ဖို့ ဖိအားတွေပေးနေသလိုပါပဲ။ တခါတလေ ဘာကြောင့်ရယ်မသိ ကျေနပ်စရာကောင်းမှု့လေး လုပ်မည့်သည်ကိုပင် အဖြေထုတ်ဖို့ထက် အချိန်စက္ကန့်တို့အလွန်ပင် ရှားပါးနေပါပြီ။ ဒီတော့ ကျွန်ုပ်တို့ဘ၀ မငြိမ်းချမ်းနိုင်တာ မဆန်းပါ။ မပြည့်စုံနိုင်တာ မဆန်းပါ။ ပြည့်စုံခြင်းဆိုတာ မိမိဘ၀မှ ဘာမှမလိုအပ်တော့သည့် အချိန်အခါဆိုလျှင် သင့်ခြေလှမ်းတွေ နောက်ထပ်ဘယ်ကို လိုက်နေဦးမလဲ။ ပျံတာပျံဆဲ အတောင်းညောင်းတဲ့ ငှက်ငယ်လို ဘယ်မှာနားခိုရမှန်းမသိဖြစ်နေပါပြီ။ ယနေ့ ခရစ်တော်တရားကို ခေတ္တစဉ်းစားထောက်ရှု့ကာ မိမိဘ၀ကို သန့်ရှင်းသောဝိညာဉ်တော်ထံမှာ အပ်နှံလိုက်ပါ။ သင့်ယုံကြည်ခြင်းက သင့်၏ကယ်တင်ခြင်းတံခါးကို ဖွင့်ပေးပါလိမ့်မယ်။ သင်အသက်ရှင်စဉ်လုပ်ဆောင်ရမည့် အရာမှန်သမျှအတွက်လည်း ၀ိညာဉ်တော်၏ကျေးဇူးနှင့် အားလုံးပြီးပြည့်စုံပါလိမ့်မယ်။ သင့်ဘ၀ဟာ ၀ိညာဉ်တော်ဘုရား၏ အစွမ်းနှင့် လက်ဆောင်ကို သိရှိတွေ့ကြုံရင်း ကျေနပ်စရာ၊ ပြည့်စုံရာ၊ အေးချမ်းရာဘ၀မှာ အသက်ရှင်သွားရပါလိမ့်မယ်။ 

ခရစ်တော်၏ငြိမ်းချမ်းသာယာခြင်းသည် သင်တို့နှင့်အတူရှိပါစေ။

ကိုရင်




Post a Comment

0 Comments