သူငယ်တော်ကို ဗိမာန်တော်၌ ပူဇော်အပ်နှံခြင်း


ကိုယ်တော်၏ ကယ်တင်ခြင်းကို ဖူးမြင်ရပြီ။

ပထမကျမ်းစာသည် ပရော်ဖက်မာလခီယ၏ ရှေ့ပြေးဟောထားချက်ဖြစ်ပြီး သူ၏ဟောထားချက်တွင် ဘုရားသခင်၏ ဗျာဒိတ်ထားရာ အရှင်ခရစ်တော်သည် ဂျေရုဇလင်ကျောင်းတော်ကြီးသို့ ရောက်လာမည်ဖြစ်ပြီး ထိုသို့ရောက်လာသည့်အခါ ခရစ်တော်ရှေ့၌ အဘယ်သူရပ်တည်နေမလဲ၊ အဘယ်သူ သက်သေခံနိုင်မလဲ ဟုမေးခွန်းပုံစံဖြင့် ဆိုထားပါတယ်။ ထိုနောက် သံလုကာ၏ ဧ၀ံဂေလိကျမ်းတော်၌ မယ်တော်နှင့်ဇူဇယ်တို့ဟာ ယေဇူးသူငယ်တော်ကို ဂျေရုဇလင်ကျောင်းတော်ကြီးသို့ ခေါ်ဆောင်လာ၍ ဗိမာန်တော်မှာ မိုးဇယ်တရားကျမ်းအတိုင်း သန့်ရှင်းစင်ကြယ်ခြင်းဝိနည်း ပြုလုပ်၍ သားဦးကို ဘုရားသခင်အား ပူဇော်အပ်နှံရန် ရောက်လာကြပါတယ်။ ထိုအချိန်မှာ သံလုကာ၏ ထင်ထင်ပေါ်ပေါ် ဖော်ပြခြင်းခံရသူကတော့ စီမေအွန် အမည်ရှိသည့် လူကြီးတစ်ဦးပင်ဖြစ်ပါတယ်။ စီမေအွန်အား တရားသမာတိနှင့်ပြည့်စုံဖြောင့်မတ်၍ ဘုရားတရားကြည်ညိုသူအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်မြတ် သည်လည်းသူ့အပေါ်မှာ တည်နေသည်ဟု ဆိုပါတယ်။ ဗျာဒိတ်ထားရာ ခရစ်တော်ကို မဖူးမျှော်ရမချင်း ဒီလောကမှ မထွက်ခွာရဘူးဟု ကတိပေးခံရသူလည်း ဖြစ်ပြန်ပါတယ်။ ထိုကြောင့် ယေဇူးသူငယ်တော်ကို မြင်သည့်အချိန် သူဟာ ၀ိညာဉ်တော်အလင်းဖြင့် ဗျာဒိတ်ထားရာသခင်မှန်းသိ၍ “ကိုယ်တော်၏ ကယ်တင်ခြင်းကို ဖူးမြင်ရပြီ။” ဟုကြွေးကြော်ခဲ့ပါတယ်. . .

ပရော်ဖက်မာလခီယ၏မေးခွန်းဖြစ်သည့် - ခရစ်တော်ကြွလာတော်မူသည့်အချိန်၌ အဘယ်သူသည် ရပ်တည်နေမလဲ၊ အဘယ်သူသည် သက်သေခံနေမလဲ ဆိုတာတွေကို စီမေအွန်အားဖြင့် စံနမူနား တရားထောက်ရှု့၍ အချုပ်ဆိုနိုင်ပါတယ်။ ဤမေးခွန်းဟာ နောင်ခရစ်တော် ကြွလာမည့်အချိန်ကို ရည်ညွန်းသည်ဆိုလျှင်လည်း အဖြေကတော့ စီမေအွန်အားဖြင့် အချုပ်ဆိုနိုင်ပါတယ်။ ခရစ်တော်ကြွလာခဲ့သည့် အချိန်တွင် တရားသမာတိနှင့်ပြည့်စုံဖြောင့်မတ်၍ ဘုရားတရားကြည်ညိုသူဖြစ်သည့် စီမေအွန်ဟာ ရပ်တည်နေနိုင်ခဲ့သလို၊ ကယ်တင်ခြင်းတရားအား ကြွေးကြော်သက်သေခံနိုင်ခဲ့ပါတယ်။ (ဘုရားတရား ကြည်ညိုခြင်းဆိုသည်မှာ - ဘုရားသခင်အား ကြောက်ရွံ့ရိုသေသောသူကို ဆိုလိုပါတယ်။)

ယနေ့ပွဲတော်တွင် အကြောင်းရာနှစ်ချက်ပါဝင်ပါတယ် - မယ်တော်သခင်မ၏ စင်ကြယ်ခြင်းအမှုပြုခြင်းနှင့် သားဦးကို ဘုရားသခင်ထံပူဇော်အပ်နှံခြင်းပင် ဖြစ်ပါတယ်။ ထိုကြောင့် မိုးဇယ်၏တရားဥပဒေ ရှေးထုံးကို မပယ်ဘဲ လိုက်နာကျင့်ကြံခြင်းကို တရားထောက်ရှု့ရသလို၊ စီမေအွန်အားဖြင့် သမာတရားနှင့်ပြည့်စုံဖြောင့်မတ်ကာ ကြောက်ရွံ့ရိုသေသောသူများသာ ဘုရားသခင်၏ ရှေ့မှောက်တွင် ရပ်တည်နိုင်မည်၊ သက်သေခံနိုင်မည်ဖြစ်၍ ကယ်တင်ခြင်းတရားကိုလည်း ကိုယ်တိုင်မြင်တွေ့ရသူများ ဖြစ်မည့်အကြောင်းကိုလည်း တရားမှတ်ယူရပါတယ်။ ထို့အပြင် ယနေ့ပွဲတော်သည် ဖယောင်းမီးများ ထွန်းညှိသည့်ပွဲအဖြစ်လည်း အမှတ်လက္ခဏာအဖြစ် ပြုလုပ်ကြပါတယ် - ဘာကြောင့်လဲဆိုတော့ ခရစ်တော်အား အီစ္စရာအဲလ်လူမျိုးတွေ၏အလင်းအဖြစ်သာ မဟုတ်ဘဲ တကမ္ဘာလုံး၏ အလင်းအဖြစ် ကြွေးကြော်ခဲ့လို့ပါပဲ။ တနည်းအားဖြင့် ဆိုရလျှင် ခရစ်တော်သခင်သည် တကမ္ဘာလုံး၊ ဖန်ဆင်းခြင်းတခုလုံး၏ ကယ်တင်ရှင်အလင်းပင် ဖြစ်ပါတယ်။

နောက်ထပ် စဉ်းစားထောက်ရှု့မိသည့်အချက်မှာ စီမေအွန်သည် မယ်တော်သခင်မအား ကောင်းကြီးပေးခဲ့သလို တဖက်မှာလည်း သူမ၏နှလုံးသားကိုလည်း သန်လျက်ထိုးဖောက်ခံရလိမ့်မည်ဟု ဟောပြောခဲ့ကာ သခင်ခရစ်တော်၏ အနာဂတ်နှင့်စပ်လျဉ်းသည့် ခံထမ်းမည့် ဒုက္ခစရိယာ၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်းတို့ကိုလည်း ဟောပြောခဲ့ပါတယ်။ သို့ဖြစ်၍ ကယ်တင်ခြင်းတရားရရှိရာ လမ်းစဉ်၌ ကျွန်ုပ်တို့တတွေဟာ ဒုက္ခဝေဒနာတွေကိုလည်း ခံထမ်းနိုင်ရမည့်အကြောင်းပင် ဖြစ်ပါတယ်။
မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ဘုရားသခင်၏ကယ်တင်ခြင်းတရားကို ကိုယ်တိုင်မြင်တွေ့ချင်လိုသူများ ဖြစ်ကြောင်းကျွန်ုပ်သိပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေရဲ့ဘ၀မှာ တခါတရံ ကယ်တင်ခြင်းတရားဟာ မှုန်ဝါးနေသလို၊ မသဲမကွဲဖြစ်နေကြပါတယ်။ ဘာကြောင့်လဲ . . . ဘာကြောင့်လဲ . . . ဘာကြောင့်လဲ။ ဘာကြောင့် ယခုလို မှုန်ဝါးဝါးနှင့် မသဲမကွဲဖြစ်နေရတာလဲ။ ကျွန်ုပ်တို့တတွေ အချိန်အနည်းငယ်ယူ၍ စဉ်းစားကြည့်ဖို့တော့ လိုတော့မယ်။ တကယ်တော့ ကယ်တင်ခြင်းတရားကို မြင်တွေ့ဖို့ အချိန်လုံလောက်စွာ ဘုရားသခင်ပေးထားပါတယ် . . . အသက်ရှင်လှုပ်ရှားနေရတိုင်း စဉ်းစားထောက်ရှု့ကြည့်နိုင်ပါတယ် . .

ယနေ့တရားတော်၌ ကျွန်ုပ်တို့အတွက် အဖြေရှိနေပါတယ် . . .

ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments