တတိယသာမန်တနင်္ဂနွေနေ့

သံမာတေဦး ၄း၁၂-၂၃
ကိုယ်တော်သည် ကျွန်ုပ်၏အလင်းနှင့်ကယ်တင်ခြင်း ဖြစ်တော်မူ၏။


ယောဟန်ဗတ္တိဇံဖမ်းစီးချုပ်နှောင်ခံရသည်ကို ကြား၍ ယေဇူးခရစ်တော်သည် သူ၏တရားဒေသနာတော်ကို စတင်ဟောပြောကြောင်းကို သံမာတေဦးမှ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါတယ်။ ထိုသို့မှတ်တမ်းတင်ရာတွင် သံမာတေဦးက ဓမ္မဟောင်းကျမ်း၏ ကြိုတင်ဟောကြားချက်ပြည့်စုံကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ထိုအကြောင်းအရာကတော့ ဇေဘုလွမ်နှင့် နက်ဖတာလီနယ်၊ ဂျော်ဒန်ဖြစ်တဖက်ကမ်းနှင့် လူမျိုးခြားတို့နေထိုင်သည့် ဂါလေလေးယနယ်တို့မှာ၎င်း၊ ထိုနောက် အမှောင်မိုက်တွင်ရှိနေကြသော လူတို့အား အလင်းကိုမြင်တွေ့စေမည်ဟူ၍ ဖြစ်ပါတယ်။ ထိုကြောင့် ယနေ့ဖတ်ရှု့ရသည့် သမ္မာကျမ်းသည် အမှောင်ကမ္ဘာကိုခွင်းမည့် အလင်းတရားရှင်ကို မီးမှောင်ထိုးပြ၍ အလင်းနှင့်စပ်လျဉ်းသည့် တရားတော်ဟု ကျွန်တော်တို့ ကမ္မဌာန်းထောက်ရှု့နိုင်ပါတယ်။

သိပံနည်းကျကျ၊ ဒါမှမဟုတ် ဒဿနကျကျပြောရမယ်ဆိုလျှင် အလင်းတစ်ခုသာ တည်ရှိပြီး အမှောင်ဆိုတာ အလင်းမဲ့ခြင်းကိုပြောဆိုနိုင်ဖို့ စကားလုံးသက်သက်သာဖြစ်ပါတယ်။ တနည်းအားဖြင့် အလင်းကင်းမဲ့ခြင်းကို အမှောင်ဟုခေါ်ဆိုလိုက်ကြခြင်းပဲဖြစ်ပါတယ်။ ထို့အတူ တရားတော်မှာလည်း အလင်းဖြစ်သည့် အမှန်တရား၊ ကောင်းမြတ်ခြင်း၊ လှပခြင်း၊ စသည်တို့သာတည်ရှိပြီး အမှောင်ကိုတော့ အမှန်တရားပျောက်ခြင်း၊ လှပမှုကင်းမဲ့ခြင်း၊ ကောင်းမြတ်ခြင်းမရှိတော့သည့်အခါတို့မှာ ပြောဆိုနိုင်ဖို့ စကားလုံးအဖြစ်သာ သုံးကြခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ကိုအမှောင်ထဲမှာ ရောက်နေပြီဆိုလျှင် ဒါဟာ မိမိကိုယ်ကို မကောင်းသည့်အခြေအနေမှာ ရှိနေပြီလို့ ပြောဆိုနေတာပါပဲ။ ဒီတော့ အလင်းကိုဆာငတ်လာသည့်အတိုင်း ကောင်းမြတ်ပြည့်စုံသည့် ဘ၀ကို ပြန်လည်းတမ်းတဆာငတ်လာတော့ပါပဲ။ ဒါဟာ တရားလမ်းကြောင်းပေါ်ရောက်ရှိလာခြင်းပါပဲ။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ် ခရစ်ယာန်ဖြစ်နေရခြင်းဟာ ယခုလိုဘ၀အမှောင်ထဲမှ လွတ်မြောက်ပေးသည့် ခရစ်တော်၏သတင်းကောင်းကြောင့်ပဲဆိုတာ နေ့စဉ်နှင့်အမျှသတိထားမိရဲ့လား။ ဧ၀ံဂေလိတရားတော်တွင် ၀မ်းမြောက်ပျော်ရွှင်ရသည့် အရသာကို ခံစားဖူးပါသလား။ ဒီနေ့ တရားတော်မှာ ယောဟန်ဗတ္တိဇံ၏ ဟောပြောသံတွေ အပြတ်ရှင်းခံလိုက်ရပေမယ့် သူ့ထက်ပို၍ကျယ်သည့်တရားသံ၊ ပို၍တောက်ပသည် တရားအလင်းကိုတော့ အဘယ်သူတွေ အပြတ်ရှင်းနိုင်မလဲ။ ဒါကြောင့်လည်း ကျွန်ုပ်တို့တတွေ ခရစ်ယာန်ဖြစ်ခွင့်ရရှိခဲ့ကြတာ မဟုတ်ပါလား။ ထိုသို့ဆိုလျှင် - ခရစ်တော်၏တပည့်တွေအနေဖြင့် တရားအလင်းများထွန်းညှိခံထားရသည့် ဖယောင်းတိုင် ငယ်လေးတွေအဖြစ် ကျွန်ုပ်တို့နှင့်နီးစပ်သည့် ပတ်ဝန်းကျင်ကို ကိုယ်စွမ်းသမျှ တရားအလင်းပေးဖို့ ကိုယ်စီတာဝန်ရှိတယ်ဆိုတာ ဘ၀နှင့်ထပ်တူ ခံယူထားဖို့ လိုအပ်ပါတယ်။

ယနေ့ကျွန်တော်တို့ကမ္ဘာကြီးမှာ ညကိုပင်နေ့အဖြစ်ပြောင်းလဲနိုင်ကြသည့်တိုင်အောင် တိုးတက်နေတာပါ။ သို့သော်လည်း လူအများစု၏ဘ၀တွေကတော့  နေ့ဖြစ်နေရင်တောင် ညကဲ့သို့ အမှောင်လွှမ်းခံနေရတာပါ။ တနေ့တခြား နည်းပညာတွေတိုးတက်လာပြီး ကျွန်တော်တို့တတွေ ကမ္ဘာ့ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ဆက်သွယ်မှု့တွေပြုလုပ်လာနိုင်ပြီး အင်တာနက်ပေါ်မှာ သူငယ်ချင်းတွေ တနေ့တခြားတိုးပွားနေပေမယ့်လည်း လက်တွေ့ကျသည့် မိမိရဲ့အခန်းငယ်လေးထဲမှာတော့ သန်းပေါင်းများစွာသော လူငယ်၊ လူရွယ်တွေဟာ အထီးကျန်မှုကို ခံစားနေရတာပါ။ သူတို့အတွက် ဒါဟာအမှောင်ပဲလား။ ကြားခံနယ်တစ်ခုကနေ ဆက်သွယ်ဆက်ဆံနေရသည့် သူများကိုပိုပြီး အရေးပေးလာ၍ မိမိပတ်ဝန်းကျင်မှ နီးစပ်သူများဟာ တနေ့တခြားဝေးဝေးသွားတာ သတိမထားမိကြတာလား။ သတိထားမိချိန်ရောက်တော့ မိမိဟာ အထီးကျန်နေပြီလား။ . . . ဒီအတွက် အဘယ်သူက ဘယ်လိုအလင်းပြပေးမှာလဲ။ 

ရှိပါသေးတယ် - အလုပ်အကိုင်အခွင့်လမ်းတွေနဲ့အတူ ငွေတွေပေါလာကြပေမယ့်လည်း ကျွန်တော်တို့ဟာ ခေတ်သစ်စီးပွားရေး၏ကျေးကျွန်တွေဖြစ်နေပြီး စက်ရုပ်ဘ၀လို ထိန်းချုပ်ခံဘ၀ကို ကျရောက်ရသည့် အဖြစ်တွေလည်း လက်တွေ့ပါပဲ။ ဘ၀မှာ အရေးကြီးဆုံးဆိုတာတွေဟာ ဒုတိယနေရာကို အလိုလို မသိဖာသာရောက်သွားနေတာ သတိမထားမိကြပါဘူး။ မိသားစုဆိုတာ ဘယ်လိုအဓိပာယ်မှန်း မသိတော့ဘူး။ မသိချင်ကြတော့ဘူး။ သားတွေသမီးတွေဆိုတာ ရတနာတွေလားလည်း မသိတော့ဘူး။ တဖက်မှာလည်း မိဘဆိုတာ တန်ဖိုးရှိလား မသိနားမလည်တော့ဘူး။ . . . ကမ္ဘာကြီး မှောင်နေသလိုပဲ။ အလင်းဆာငတ်လိုက်တာ။

အလားတူအမှောင်ဖုံးဘ၀များစွာ ရှိပါသေးတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာပင် အလင်းရှိလျက် ဘ၀အမှောင်ဖုံးခံများစွာရှိပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာပင် ယုံကြည်ချက်တွေပျောက်ပြီး မျှော်လင့်ချက်တို့ကင်းမဲ့၍ ဘ၀အလင်းကို ဆာငတ်နေသူများစွာရှိပါတယ်။ ကျွန်တော်တို့တတွေ မျက်လုံးလေး တချက်သာဖွင့်ကြည့်လိုက်ပါ။ နားတချက်လောက်စွင့်ကြည့်ပါ . . . မြင်ရကြားရရုံဖြင့် နှလုံးသားတွေ ပွင့်ထွက်မတတ်ခံစားသွားရနိုင်ပါတယ်။

ခရစ်တော်ပေးသည့် အလင်းတရားကို ယနေ့ပိုင်ဆိုင်နေကြသည့် ကျွန်ုပ်တို့ခရစ်ယာန်တွေ နေမင်းကြီးရှိလျက် အလင်းမလိုချင်လို့ အိမ်ထဲပုန်းနေသူများ မဖြစ်ပါစေနှင့်။ ထွန်းညှိခံထားရသည့် ကျွန်တော်တို့ဘ၀ ဖယောင်းတိုင်လေးများကို ဖယောင်းသားကုန်မှာစိုး၍ မှုတ်မပစ်လိုက်ကြပါနဲ့။ ခရစ်တော် ထွန်းညှိပေးသည့် အလင်းတရားကို တခဏတာ မတောက်ပါစေပါနှင့်။ သင့်ဖယောင်းသားတွေကုန်သွားရင် နောက်ထပ်ကိုယ်တော် ပံ့ပိုးပေးမှာပါ။ ထိုကြောင့် . . . ကမ္ဘာကြီးကို အလင်းပေးကြရအောင်။ ဖယောင်းမီးငယ်လေးဖြစ်သည့်တိုင်အောင် တတ်နိုင်သလောက် နီးစပ်ရာကို အလင်းပေးကြရအောင်။ ထိုအလင်းငယ်လေးများပေါင်းစပ်သော် ကမ္ဘာကြီးထွန်းတောက်နိုင်လာနိုင်ပါတယ်။ ခရစ်တော်နောက်လိုက်သည့် ခရစ်ယာန်ဆိုတာ တကယ်တော့ အလင်းကိုရှာဖွေတွေ့ရှိပြီး ပြန်လည်ဖြန့်ဖြူးသူများသာ ဖြစ်ကြပါတယ် . . .ဘာကြောင့်လဲဆိုတော့ အလင်းရှင်ကိုယ်တော်တိုင် ရှေ့ဆောင် အလင်းဖြန့်ဖြူးပေးခဲ့လို့ပါပဲ။


ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments