နှစ်သစ်၏ပထမဆုံးသောနေ့ ဘုရား၏မယ်တော်ပွဲနေ့ကြီး


ဖွားမြင်တော်မူသော သူငယ်တော်ယေဇူးသည် ဘုရားသဘာဝ၊ ဘုရားဇာတိဖြစ်သည်။ ထိုသူငယ်တော်ကို လူ့ပြည်လူ့ဘ၀၌မွေးဖွားသန့်စင်ပေးသူမူကား ကျွန်တော်တို့နည်းတူ လူသားသဘာဝ၊ လူ့ဇာတိဖြစ်သည်။ သို့ဖြစ်၍ ထိုဇာတိအရင်းမြစ်နှစ်ခုကွဲပြားပါလျက်နှင့် မယ်တော်သခင်မ မာရီယားအား ဘုရား၏မယ်တော်ပါဟု အသင်းတော်မှ ကြွေးကြော်သောအခါ တချို့သောသူများအတွက် အာမေဌိတ်ဖြစ်ရလေ၏။ တချို့အတွက်မူကား အသင်းတော်ပြောတာပဲ မှန်မှာပါဟု မျက်စိမှိတ်လက်ခံကြသည်။ တချို့မူကား လက်ခံသော်လည်း ဆက်လက်စဉ်းစားတွေးခေါ်လိုကြသည်။ တချို့အတွက်တော့ စဉ်းစားတွေးခေါ်ခြင်းနှင့် ယုံကြည်ခြင်းနှစ်ခုပေါင်းစပ်၍ လက်ခံခဲ့ကြသည်။ 

မယ်တော်သခင်မအား ဘုရား၏မယ်တော်ဟူ၍ ရှေးဦးအသင်းတော်မှစတင်ပြီး လက်ခံယုံကြည်ကာ အရိုသေပေးလာခဲ့ကြသည်မှာ ယနေ့ခေတ်အချိန်ထိပါပဲ။ သို့သော်လည်း တချို့ကတော့ အစွန်းရောက်တွေးခေါ်ကာ မဖြစ်နိုင်ဟုလက်ကိုင်ယုံကြည်ထားသူများလည်းရှိနေပါသေးသည်။ မည်သို့ပင်ဆိုစေ ကျွန်တော်ယခုစဉ်းစားထောက်ရှု့မိသည့်အချက်ကား မယ်တော်သခင်မ၏ ကောင်းကင်နိုင်ငံရောက်ဆုလာဒ်နှင့် နောင်တချိန်ကျွန်တော်တို့တတွေကောင်းကင်နိုင်ငံရောက်သောအခါ ရရှိမည့်ဆုလာဒ်အတွက် မျှော်လင့်ခြင်းဆိုတာပါပဲ။ 


မယ်တော်သခင်မသည် လူသားဇာတိဖြစ်ပြီး လူသားစစ်စစ်ဖြစ်သော်လည်း ဘုရားသခင်၏ဘုန်းဂုဏ်တော်ကြောင့် ဘုရားဇာတိမှာပါဝင်ခွင့်ရခဲ့ပါပြီ။ တကယ်ဆိုလျှင် ဤအရာသည်ကျွန်တော်တို့၏ အနာဂတ်မျှော်လင့်ခြင်းမဟုတ်ပါလား။ ကျွန်တော်တို့အားလုံး ဘုရားသခင်၏သားသမီးများအဖြစ် ဘုရားဇာတိကိုရရှိရန် မျှော်လင့်ခြင်းပါပဲ။ မယ်တော်သခင်မသည် ဘုရားသခင်၏မိခင်ဖြစ်ရသလို ကျွန်တော်တို့တတွေသည်လည်း ခရစ်တော်၏ညီအစ်ကိုမောင်နှမများအဖြစ် ကောင်းကင်နိုင်ငံသို့ရောက်ရှိမည့်အကြောင်း မျှော်လင့်ချက်သည် ပို၍အသက်ဝင်လာသည်။ ဤရည်ရွယ်ချက်ကြောင့်ပင် နှုတ်ကပတ်တော်သည် လူ့ဇာတိကိုယူခဲ့ခြင်းမဟုတ်ပါလော့။ ကျွန်တော်တို့ဘ၀မြင့်တက်ဖို့အတွက် ထိုနှုတ်ကပတ်တော်သည် နိမ့်ကျခြင်းကိုလက်ခံခဲ့သည်မဟုတ်ပါလော့။ 


ဒုတိယအချက်ထောက်ရှု့မိသည့်အချက်မှာ မယ်တော်သခင်မအဖို့ ဘုရား၏မယ်တော်ဖြစ်ရန် ခရစ်တော်ယေဇူးအပေါ်အတွင် ရာနှုန်းပြည့်မူတည်နေပါသည်။ ခရစ်တော်ယေဇူးသည် ဘုရားစစ်မှန်ပါလျှင် ထိုဘုရားကိုလောကသားတို့အတွက် မွေးဖွားပေးသူမာရီယားသည် ဘုရား၏မယ်တော်ဖြစ်သည်မဟုတ်ပါလော။ ခရစ်တော်ယေဇူးသည် ဘုရားစစ်စစ်မဟုတ်ခဲ့သော် ထိုနောက် မာရီယားသည်လည်း ဘုရား၏မယ်တော်ဖြစ်နိုင်မည်မဟုတ်တော့ဘဲ။ သို့သော်လည်း ကျွန်တော်တို့ယုံကြည်စွာ ကြွေးကြော်ကြသည်ကား ခရစ်တော်ယေဇူးသည် ဘုရားစစ်စစ်ဖြစ်၍ လူစင်စစ်စစ်လည်းဖြစ်တော်မူ၏။ ဓမ္မဟောင်းကျမ်း၏ပထမဆုံးသောကျမ်း၌ပင် မယ်တော်မာရီယားအား ဖော်ပြထားလေသည်။ ထို့ကြောင့် မယ်တော်မာရီယားသည် ထိုအချိန်အစဦးကပင် ဘုရားသခင်၏ကြိုတင်စီမံကိန်း၌ပါဝင်နေပြီးသားဖြစ်ကြောင်းသက်သေတည်၏။ ထိုနောက် ပရော်ဖက်တို့၏ဟောပြောချက်များတွင်လည်း သူမအကြောင်းများ ပါဝင်နေသလို ဓမ္မသစ်ကျမ်းတွင်လည်း သူမ၏အခန်းမှာ သားတော်နှင့်ရင်သားကျောသားမခွဲစတမ်းပင် ဖြစ်ပါသည်။ သို့သော်လည်း သူမသည် အကြောင်းအရာများကို စိတ်နှလုံးတွင် စဉ်းစားဆင်ခြင်လျက်နေတတ်လေသည်။ 


ဘုရား၏မယ်တော် - ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းပေးတော်မူပါ။

ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments