လုကာ ၂၀း၂၇-၃၈
ဖတ်ရှု့ရမည့်ဧ၀ံဂေလိတရားတော်တွင် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ဆိုကြတဲ့ ဇာဒူခေးဦးတချို့ဟာ ယေဇူးသခင်ကို ယခုဘ၀နှင့် နောင်ဘ၀ဆိုင်ရာ မေးခွန်းတခုကို မေးမြန်းခဲ့ကြပါတယ်။ ၎င်းတို့မေးတဲ့ မေးခွန်းအား ခြုံကြည့်ရမယ်ဆိုလျှင် ယခုဘ၀မှာ လင်ယောက်ျားများစွာနှင့် မိုးဇယ်၏ဥပဒေအရ ၀ိနည်းအရ တရားဝင်စွာ လက်ထပ်ထိမ်းမြှားခြင်းပြုထားတဲ့ မိန်းမတစ်ဦး၊ ထိုနောက် သူမပေါင်းဖက်ခဲ့သော ယောက်ျားများနှင့် ဆက်စပ်မှု့ရှိစေမည့် သားသမီးဆိုတာလည်း မထွန်းကားတဲ့ မိန်းမတစ်ဦးဟာ လောကသက်တမ်းကုန်ဆုံးပြီး တချိန် ရှင်ပြထမြောက်ခြင်း အချိန်မှာ ထိုမိန်းမဟာ ဘယ်သူရဲ့ဇနီးမယားဖြစ်မလဲ။
အထက်ပါမေးခွန်းအား ယေဇူးခရစ်တော်၏အဖြေကို မကြည့်ခင် ကျွန်ုပ်တို့အနေဖြင့်လည်း ဒီမေးခွန်းကို ကိုယ်ပိုင်စဉ်းစားဝေဖန်ကြည့်နိုင်ပါတယ်။ ကျွန်ုပ်အနေဖြင့် ထိုမေးခွန်းကိုဝေဖန်ရန် အချက် နှစ်ချက်နှင့် အကြောင်းအရာတစ်ခုကို မြင်မိပါတယ်။ ပထမအချက်အနေဖြင့် ဇာဒူခေးဦးတို့ပါပဲ။ ဇာဒူခေးဦးတို့ဟာ ဒုတိယမြောက်ဂျေရုဇလင်ဘုရားကျောင်းတော်ကြီးကာလမှ စတင်ပေါ်ပေါက်လာတဲ့ ဂျူးခေါင်းဆောင်အုပ်စု တစ်စုဖြစ်ပါတယ်။ သူတို့တတွေဟာ ရဟန်းများဖြစ်ကြသော်လည်း ခရစ်တော်အချိန်ကာလတွင် နိုင်ငံရေး၌သာ ပို၍စိတ်ဝင်စားပြီး အာဏာနှင့်ဥပဒေသာ သူတို့၏စိတ်ကို လွှမ်းမိုးထားပါတယ်။ သူတို့ယုံကြည်သည်မှာ ကံကြမ္မာဆိုတာမရှိ၊ ထာဝရဘုရားသခင်ဟာ မကောင်းတာကို မကျူးလွန်ဘဲ အဆိုးအကောင်းဆိုတာ လူတွေရဲ့ လွတ်လပ်တဲ့ဆန္ဒဖြစ်ပြီး လူ၏၀ိညာဉ်ဟာ ထာဝရမတည်ဘဲ ကွယ်လွန်ပြီးလျှင်လည်း နောင်ဘ၀ဆိုတာ မရှိပါ။ ကွယ်လွန်ပြီးမှတော့ အပြစ်ဒဏ်ဆိုတာလည်း မရှိတော့ပါ ဟူ၍ဖြစ်ပါတယ်။
ထိုကြောင့် ဇာဒူခေးဦးတို့အတွက် လက်ရှိဘ၀သည်သာ တည်ရှိပြီး လက်ရှိဘ၀တွင် ကောင်းစား နေရမည်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ တစ်ဘ၀အတွက်သာ အသက်ရှင်သူများဖြစ်ပါတယ်။ ဒီတော့ - ဒီလိုလူတွေက ယေဇူးခရစ်တော်ထံချည်းကပ်ပြီး နောင်ဘ၀နှင့်ဆိုင်တဲ့မေးခွန်းတွေကို လာမေးတာ အထူးအဆန်းတစ်ခုပါပဲ။ သိလိုတဲ့ဆန္ဒမရှိဘဲ မေးမြန်းခြင်းသက်သက်သာ ဖြစ်နေပါတယ်။ ဒုတိယအချက်က ၎င်းဇာဒူခေးဦးတို့ဟာလည်း ဂျူးလူမျိုးတို့၏ခေါင်းဆောင်ကြီးများဖြစ်ကြပြီး ထာဝရဘုရားသခင်နှင့် တရားများကို လက်စုပ်လက်ကိုင်ပြုပြီး အုပ်ချုပ်စီရင်နေကြသူများဖြစ်ကြပါတယ်။ ထိုသူတွေဟာ မိုးဇယ်၏ တရားကိုလက်ခံယုံကြည်ကြပြီး မိုးဇယ်နှင့် မီးလောင်နေတဲ့ခြချုံပုပ်ကိုတော့ သူတို့မေ့လျော့နေကြဟန် တူပါတယ်။ မိုးဇယ်နှင့် မီးလောင်နေတဲ့ချုံပုပ်ဟာ အီစရာအဲလ်လူမျိုးများနှင့် ဘုရားသခင်၏ နီးစပ်မှု့၊ ရွေးချယ်မှု့၊ ကတိထားမှု့ စတာတွေဖြင့် ဘုရားသခင်ဟာ ထာဝရအသက်ရှင်သော ဘုရားသခင်ဖြစ်ကြောင်း နက်နဲရာကို ရွေးချယ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ထိုကြောင့် ယေဇူး၏အဖြေမှာ မိုးဇယ်နှင့် မီးလောင်နေတဲ့ချုံပုပ် အကြောင်းကို ထောက်ပြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ထိုနောက် ဇာဒေခေးဦးတို့မေးခွန်းနှင့်စပ်လျဉ်းပြီး စဉ်းစားမိတဲ့ အကြောင်းအရာတစ်ခုက ၎င်းတို့ကိုးကွယ်နေသည့်ဘုရားသခင်ဟာ ထာဝရအသက်ရှင်သူဖြစ်ပါလျက် အဘယ်ကြောင့် ဇာဒူခေးဦးတို့ဟာ ထာဝရအသက်ရှင်ခြင်းကို မမျှော်လင့်ဘဲ နောင်ဘ၀ကို မယုံကြည်ကြပါသလဲ။
ယခု ၎င်းဇာဒူခေးဦးတို့၏မေးခွန်းအား ယေဇူးသခင်ဖြေပေးသည့် အဖြေအား စဉ်းစားထောက်ရှု့ကြည့်ကြပါစို့။ ယေဇူးသခင်၏အဖြေက ရှင်းလွန်းပါတယ် - ယခုလောကမှာ အသက်ရှင်သည့် ဤလောက၏သားသမီးများသာ ထိမ်းမြားပေးစားခြင်းအမှု့ကိုပြုပြီး နောင်ဘ၀ကို လည်ကောင်း၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကိုလည်ကောင်း ခံထိုက်သူများ၊ ရရှိသူများကတော့ အခုလို ထိမ်းမြားခြင်းအမှု့ကို ပြုလုပ်ခြင်းမရှိတော့ပါဘူး။ ကျွန်ုပ်တို့တတွေ ဘ၀နှစ်ခုရှင်သန်မှု့မတူညီကြတော့ပါ။
ယေဇူး၏အဖြေအား ထပ်မံချဲ့ထွင်စဉ်းစားမိသော် ကျွန်ုပ်တို့၏ လောကဘ၀ဖြစ်စဉ်၊ သဘာဝတရားကို သိပ္ပံနည်းကျကျလေ့လာကြည့်တဲ့အခါ ကျွန်ုပ်တို့တတွေမှာ အိမ်ထောင်သားမွေးမပြုနိုင်သေးသည့်အရွယ်၊ အိမ်ထောင်သားမွေးပြုနိုင်သည့်အရွယ်၊ အိမ်ထောင်သားမွေးမပြုနိုင်တော့သည့်အရွယ် စတာတွေကို တွေ့ရှိလေ့လာနိုင်ပါတယ်။ ဒီလောကမှာ ရှင်သန်သည့်အခါ စတင်ရှင်သန်ခြင်း၊ ကြီးထွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ဖြင့် အရွယ်စုံကို ကြုံတွေ့ရပါတယ်။ သို့သော်လည်း သိကြားတမန်တွေလို ထာဝရအသက်ကို ပိုင်ဆိုင်သည့်ဖန်ဆင်းခံများဟာ ကျွန်ုပ်တို့လိုအရွယ်စုံမရှိပါ။ မည်သို့မည်ပုံ ဖြစ်တည်နေမည် မသိသော်လည်း ပုံစံတမျိုးတည်းဖြင့်သာ ရှိနေမည်ဖြစ်ပါတယ်။ ထာဝရရပ်တည်၊ ရှင်သန်နေခြင်းကြောင့်ပင် ဖြစ်ပါတယ်။ ထိုကြောင့် ခရစ်တော်ဖြေသလိုပဲ နောင်ဘ၀မှာ၊ သေခြင်းမှရှင်ပြန်ထမြောက်တဲ့အခါမှာ ကျွန်ုပ်တို့တတွေဟာ ဤလောကမှာလို မဟုတ်တော့ဘဲ ဘုရားသခင်နှင့်သာဆက်စပ်နေတော့မည် ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ထာဝရ အသက်ရှင်သူတို့၏ဘုရားသခင်ဖြစ်ပါတယ်။ ပြောင်းလဲတည်ရှိနေသည့်လောကမှာ ကျွန်ုပ်တို့ရှင်သန်ပြီး ထာဝရတည်မြဲနေသည့်ကာလကို ကျွန်ုပ်တို့ဟာ ခရီးနှင်နေကြပါတယ်။ ဒါဟာ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းဖြစ်ပါတယ်။
မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ဤလောကအသက်ရှင်ရုံဖြင့် မိမိကိုယ်ကိုချုပ်တည်းအသက်ရှင်မလား၊ ဒါမှမဟုတ် ထာဝရအသက်ဆိုင်ရာဘ၀ကို မျှော်ကိုးအသက်ရှင်မလား။ ဤလောကအသက်ရှင်ရုံဖြင့်သာ ရှင်သန်နေထိုင်သူများဟာ ဤလောကတစ်ခုတည်း၏ ပိုင်ဆိုင်ခြင်းကိုခံရပြီး ထာဝရအသက်ဆိုင်ရာဘ၀ကို မျှော်ကိုးရှင်သန်သူများဟာ ထာဝရဆိုင်ရာသုခချမ်းသာဆုကို ရရှိမည်မှန်ပါတယ်။ ခရစ်ယာန်များဖြစ်ကြတဲ့ ညီအစ်ကိုမောင်နှမများအနေဖြင့် ထာဝရတန်ဖိုးတွေကို ဖော်ကျူးသက်သေခံရင်း ထာဝရအသက်ကို ယုံကြည်မျှော်လင့်ကာ နေထိုင်သွားကြပါစို့။
ကိုရင် (ဒိုမီနီကန်)
0 Comments