အာဝင်ဒူးလ်ပထမတနင်္ဂနွေနေ့

သင်တို့သည်လည်း အသင့်ရှိကြလော့။

ခရစ်တော်၏မွေးနေ့ပွဲတော် (သို့) ခရစ္စမတ်ပွဲတော်အား ကျင်းပကြဖို့အတွက် ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ နည်းမျိုးစုံဖြင့် ပြင်ဆင်နေကြတာကို သတိထားမိကြမှာပါ။ စီးပွားရေးသမားတွေကလည်း သူတို့စီးပွားတက်ဖို့ ခရစ္စမတ်အလှဆင်ယင်မှု့တွေနဲ့ ဆွဲဆောင်နေကြသလို၊ အရောင်းစင်တာများမှာလည်း ဆောင်း၏ရနံ့၊ ခရစ္စမတ်၏အလှဆင်ယင်မှု့တွေနဲ့ ရောင်းအားသွက်အောင် ဆွဲဆောင်နေကြပြီ။ တချို့နေရာ - ကမ္ဘာ့လှည့်ခရီးသည်များ၊ အပမ်းဖြေပန်းခြံများနှင့် မြို့ဗဟိုရ်စင်တာတွေမှာ ခရစ္စမတ်အလှတွေ ဆင်နေကြပါပြီ။ ခရစ္စမတ်ကယ်ရယ်သီချင်းများ ရေးကြစပ်ကြနဲ့ ခွေအသစ်တွေထုတ်ကြတာလည်း တွေ့ရမှာပါ။ ဒါတွေဟာ လောကသားတို့ရဲ့ ခရစ္စမတ်အတွက်ပြင်ဆင်ခြင်းများပါ။

ထို့အတူ ကျွန်ုပ်တို့တတွေဟာ ခရစ္စမတ်ပွဲတော်ကို သိကြလျှင် ခရစ်တော်၏ကြွလာခြင်းကို သတိရကြဖို့ လိုအပ်ပါတယ်။ ထိုကြောင့် အသင်းတော်အနေဖြင့် ခရစ်တော်၏ကြွလာခြင်းကို ပြင်ဆင်ကြဖို့ - ပွဲတော်အတွက်သာ မဟုတ်ဘဲ ၀ိညာဉ်ရေးရာ၌ပါ ပြင်ဆင်ကြဖို့ အာဝင်ဒူးလ်ကာလဆိုပြီး ရက်သတ္တပတ် လေးပတ်ကို အသင်းတော်၏၀တ်ပြုကိုးကွယ်ရာပြကဒိန်ထဲမှာ ထည့်သွင်းထားပါတယ်။

တကယ်တော့ အာဝင်ဒူးလ်ဆိုတာ အချိန်ကာလကို ထောက်ပြသတိပေးနေတဲ့ကာလပင် ဖြစ်ပါတယ်။ သခင်ခရစ်တော်မိန့်ဆိုကတိပေးခဲ့သော ဒုတိယမြောက်ကြွလာခြင်းနှင့်စပ်လျဉ်း၍ သတိပေးထောက်ပြနေသည့် အချိန်ကာလပင်ဖြစ်ပါတယ်။ သို့သော်လည်း အခုအာဝင်ဒူးလ်ကာလအားဖြင့် အသင်းတော်က အတိတ်၊ ပစ္စုပန်နှင့် အနာဂတ် စသည့် ကာလသုံးပိုင်းလုံးကို ခြုံငုံကျင်းပပါတယ်။ တနည်းအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ကျော်၌ ဘုရား၏သားတော်ဟာ အမှန်စင်စစ် လူ့အဖြစ်ကိုယူတော်မူ၍ ကညာစင်မှမွေးဖွားခြင်းခံသော အတိတ်၏ဖြစ်ရပ်မှန်အား အောက်မေ့သတိရပါတယ်။ ထိုနောက် နေ့စဉ်ကျွန်ုပ်တို့နှင့်အတူ ထိုဘုရား၏ သားတော်အမှန်တကယ်ရှိနေပြီး ကျွန်ုပ်တို့အား ၀ိညာဉ်တော်တန်ခိုးဖြင့် အစဉ်လမ်းညွှန်နေခြင်းကိုလည်း သက်သေခံရင်းကျင်းပပါတယ်။ ထိုနောက် အနာဂတ်ကာလ၌ ထာဝရဘုရားသခင်၏ သားတော် ဒုတိယမြောက်ကြွလာမည့်အချိန်ကာလအတွက် ပြင်ဆင်ထားကြဖို့ တိုက်တွန်းကျင်းပပါတယ်။ ထိုကြောင့် ဒီအာဝင်ဒူးလ်ကာလ၌ မက်စီးယားဟူသော စကားလုံးဟာ ကျွန်ုပ်တို့နားထဲမှာ အစဉ်ပဲ့တင်ထပ်နေအောင် ကြားရပါလိမ့်မယ်။

ယနေ့ဖတ်ရှု့ရမည့် ဧ၀ံဂေလိတရားတော်တွင် ခရစ်တော်က ကျွန်ုပ်တို့အား သတိနှင့်စောင့်ဆိုင်းနေကြဖို့ မှာကြားထားခဲ့သည့် သတင်းကောင်းပင်ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့အား အချိန်နာရီကိုတော့ သူမပြောခဲ့ပါဘူး။ သူပြောဆိုခဲ့သည်က သူခိုးလာမည့်အချိန်ကို အိမ်ရှင်သိပါလျှင် မိမိအိမ်ကို မဖောက်ထွင်းစေရန် ဧကန်မုချစောင့်နေမည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့။ ထိုကြောင့် သင်တို့သည်လည်း အသင့်ရှိနေကြလော့။ ကယ်တင်ခြင်းနှင့်ပတ်သက်လျှင် ကျွန်ုပ်တို့တတွေရဲ့ စိတ်ဟာ အစဉ်နိုးကြားနေသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုကယ်တင်ခြင်းသည်သာလျှင် ကျွန်ုပ်တို့ဘ၀မှာ အလိုလားအပ်ဆုံးရတနာဖြစ်နေလို့ပါ။ သို့သော်လည်း ထိုရတနာကို ရဖို့အတွက်တော့ ပင်ကိုယ်နိုးကြားနေသည့် စိတ်ရှိနေရပါလိမ့်မယ်။ သူခိုးလာသည့်အချိန်ကိုသိ၍ စောင့်နေရုံဟာ ကျွန်ုပ်တို့ရဲ့ ပင်ကိုယ်နိုးကြားနေသည့်စိတ်မဟုတ်ပါဘူး။ ဤသည်ပင် ခရစ်တော်၏ပစ်မှတ်ပင် ဖြစ်ပါလိမ့်မယ်။ ထိုကြောင့် ခရစ်တော်ပြောသည့် “အသင့်ရှိကြလော့” ဆိုသည်မှာ တခဏတာမဟုတ်ဘဲ နေ့စဉ်ရှင်သန်သည့် ဘ၀တလျှောက်လုံး အသင့်ရှိနေဖို့ကို ဆိုလိုပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ထိုအချိန်ကာလအတွက် အသင့်ရှိနေကြပြီလား စဉ်းစားထောက်ရှု့သင့်ပါတယ်။ သင်နှင့်ကျွန်ုပ်ဟာ ခဏတာအတွက်သာ အသင့်ရှိနေကြသလား၊ ဒါမှမဟုတ် နေ့စဉ်ဘ၀ဖြင့်ရင်းကာ နေ့တိုင်း အသင့်ရှိနေကြပါသလား။ အသင့်ရှိနေသည့်အနေထားဖြင့် နေ့စဉ်ဘ၀မှာ ရှင်သန်သည့်အခါ သေချာတာတော့ ကျွန်ုပ်တို့တတွေဟာ အကြောက်တရားရှိနေမှာမဟုတ်သလို၊ စိုးရိမ်ပူပန်ခြင်းလည်း ရှိနေမှာမဟုတ်ပါဘူး။ ထိုကြောင့် ကျွန်ုပ်တို့တတွေရဲ့ နှလုံးသားထဲမှာ ခရစ်တော်၏တရားတော်များကို ရတနာများကဲ့သို့ တန်ဖိုးထား ကျင့်ကြံရင်း နေ့စဉ်ဘ၀အသက်တာမှာ ရိုးရိုးကျင့် မြင့်မြင့်ကြံကာ မက်စီးယားရှင်၏ ကြွလာခြင်းကို အသင့်အနေထားဖြင့် ကြိုဆိုနိုင်ဖို့ ကြိုးစားသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



Post a Comment

0 Comments