၂၉ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

စိတ်အားမလျော့ဘဲ အစဉ်ဆုတောင်းကြလော့။

ဖတ်ရှု့ရသည့် ရှင်လုကာ ဧ၀ံဂေလိတရားတော်တွင် မုဆိုးမနှင့်မတရားသော တရားသူကြီးပုံဥပမာကို ပေး၍ ခရစ်တော်က ကျွန်ုပ်တို့အား ဇွဲရှိရှိနှင့် အစဉ်မပြတ်ဆုတောင်းနေရမည်ဖြစ်ကြောင်း သွန်သင်ထားပါတယ်။ ထိုပုံဥပမာထဲမှာ တရားသူကြီးဟာ ဘုရားကိုလည်းမကြောက်၊ လူ့မျက်နှာကိုလည်း မထောက်ထားသည့် မောက်မာပြီး မတရားသောတရားသူကြီးအဖြစ် ဖော်ပြထားပြီး တဖက်မှာလည်း လူ့ပတ်ဝန်းကျင်၏ အနိမ့်ကျဆုံးသော၊ အားကိုးရာမဲ့လွန်းသောအခြေနေမှ မုဆိုးမတစ်ဦးကို ဖော်ပြထားပါတယ်။ မုဆိုးမဟာ အဆင့်အတန်းလည်းမရှိ၊ အောက်ခြေတန်းစားဖြစ်နေသည့်အတွက် သူမ၏အမှု့ကိုတရားမျှတအောင် စီရင်ပေးရန် ထိုတရားသူကြီးအား တောင်းဆိုသော်လည်း ဂရုစိုက်ခြင်းပင် မပြု။ သို့သော်လည်း ထိုမတရားသော တရားသူကြီးပင် နောက်ဆုံးတော့ မုဆိုးမ၏ ခဏခဏနားပူနားဆာလုပ်တာကို မခံနိုင်လွန်းလို့ သူမအမှု့ကို စီရင်ပေးခဲ့သည်ဟု ပုံဥပမာမှာ ဆိုထားပါတယ်။ ထိုနောက် ခရစ်တော်၏မေးခွန်းက- ထိုမတရားသော တရားသူကြီးပင် နားပူနားဆာဒဏ်ကို မခံနိုင်၍ တောင်းဆိုမှု့ကိုလိုက်လျောခဲ့လျှင် ကျွန်တော်တို့ကို အလွန်ချစ်သူတစ်ဦး၊ ခမည်းတော်ဘုရားဆိုလျှင် ကျွန်တော်တို့တောင်းဆိုမှု့ကို ချက်ချင်းပင် လိုက်လျောမည်ဖြစ်ကြောင်း သွန်သင်ထားပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ် မကြာခဏ ဆုတောင်းဖူးပါတယ်။ ဆုတောင်းမေတ္တာများ ပြည့်ဖူးတာရှိသလို မပြည့်ခဲ့တာတွေနဲ့လည်း ကြုံဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တတွေ စိတ်အားလျော့ပြီး ဆုတောင်းခြင်းကို ရပ်ပစ်ခဲ့သလား။ ဆက်လက်ဆုတောင်းသလားဆိုတာတော့ ကိုယ်တိုင်သာ အသိဆုံးတွေပါ။

လူအများစုက ဆုတောင်းတယ်ဆိုတာကို အခြေခံကျကျလောက်ပဲ သိကြပါတယ်။ ခံယူထားကြတယ်။ လိုချင်တဲ့အရာတစ်ခုခုကို လိုချင်တဲ့အချိန်ရောက်မှ၊ လိုအပ်လာသည့်အချိန်မှ သာမန်အားဖြင့် ဘုရားဆီမှာ ဆုတောင်းလေ့ရှိကြပါတယ်။ ဒါမှမဟုတ် မိမိအစွမ်းနှင့်မတတ်နိုင်သည့်အရာကို ရယူလိုသည့်အခါ၊ အောင်မြင်ပြီးမြောက်လိုသည့်အခါ မိမိတို့ထက် အစွမ်းသာတဲ့သူဆီမှာ ချည်းကပ်မယ်- တောင်းလျှောက်မယ်။ ဒါဟာ ဆုတောင်းခြင်းလို့ လူအများစုပြုလုပ်နေပါတယ်။ သို့သော်လည်း ခရစ်တော်သခင် သင်ကြားပေးသည့် ဆုတောင်းခြင်းအမှု့ဟာ ဒီထက်ပို၍ အနက်အဓိပာယ်နက်ရှိုင်းပါတယ်။ ဒီတော့ ကျွန်ုပ်တို့တတွေ ခရစ်တော်ကို အတုယူရင်း ကိုယ်တော်ဆိုလိုသည့် ဆုတောင်းခြင်းအမှု့ဆိုတာ ဘယ်လိုမျိုးလဲလို့ ကမ္မဌာန်းထောက်ရှု့ စဉ်းစားကြည့်ကြပါစို့။

ဓမ္မသစ်ကျမ်းစာတော်မြတ်မှာ သခင်ခရစ်တော်ဟာဆုတောင်းခြင်း ပြုလုပ်ကြောင်းကို မကြာခဏ မှတ်တမ်းတင်ဖော်ပြထားတာကိုတွေ့ရပါတယ်။ တခါတလေ လူအများရှေ့မှာ ဆုတောင်းသလို၊ တခါတလေ လူအများကွယ်ရာမှာ တစ်ဦးတည်းဆုတောင်းလေ့ရှိပါတယ်။ သူ၏ဆုတောင်းမေတ္တာတွေကို ထောက်ရှု့ကြည့်မယ်ဆိုလျှင် တနည်းအားဖြင့် ခရစ်တော်ဟာ သူ၏ကယ်တင်ခြင်းလုပ်ငန်းနှင့် ရည်ရွယ်ချက်အတွက် ကောင်းကင်ရှိ အဖခမည်းတော်ဘုရားနှင့် စကားပြောဆက်သွယ်မှု့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဓမ္မသစ်ကျမ်းစာတွင် ခရစ်တော်ဟာ ၂၅ကြိမ်ထက်မနည်း ဆုတောင်းခြင်း ပြုလုပ်ခဲ့သော်လည်း ဘယ်လိုဆုတောင်းလဲဆိုတာကိုတော့ ဖော်ပြခြင်းမရှိဘဲ ဂျေစမာနီဥယာဉ်ထဲမှာ အဖမ်းမခံမှီဆုတောင်းခြင်းပြုသည့်အချိန်မှ ခမည်းတော်ဘုရားနှင့် ခရစ်တော်စကားပြောခြင်းကို ဖော်ပြထားပါတယ်။ ထိုကြောင့် ဆုတောင်းခြင်းဆိုတာ ဘုရားသခင်နှင့်အမြဲဆက်သွယ်မှု့၊ ဆက်နွယ်မှု့ရှိနေဖို့ ပြုလုပ်ခြင်းဟု ကောက်ချက်ချနိုင်ပါတယ်။ ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခံ အမြဲဆက်စပ်နေပါတယ်။ သို့သော်လည်း အပြစ်ကြောင့် ထိုဆက်စပ်ခြင်းဟာ ကွာဝေးစေရန်ဖြစ်လာပါတယ်။ အပြစ်ကိုရှောင်ပြီး ဖန်ဆင်းရှင်နှင့် ပြန်လည်နီးစပ်ဖို့အတွက် ဆုတောင်းခြင်းဟာ အလွန်အရေးကြီးပါတယ်။ ခရစ်တော်ကိုယ်တိုင်လည်း ကျွန်ုပ်တို့အား ဆုတောင်းနည်းကို သွန်သင်ပေးခဲ့ပါတယ်။ ထိုခရစ်တော်သွန်သင်ပေးခဲ့သည့် ဆုတောင်းနည်းမှာ အနက်ရှိုင်းဆုံးက ဖန်ဆင်းရှင်ကို အဖဟု ခေါ်ဆိုခွင့်ရခဲ့တာပါပဲ။ အဖဟုခေါ်လိုက်ရသည်နှင့် ကျွန်ုပ်တို့နှင့် ဖန်ဆင်းရှင် ဘယ်လောက်နီးစပ်နေပြီလဲဆိုတာ ပေါ်လွင်စေပါတယ်။

ဆုတောင်းမေတ္တာဟာ ကျွန်ုပ်တို့ရဲ့ စိတ်နှင့်နှလုံးသားအား ဘုရားသခင်၊ ကောင်းကင်ဘုံမှ ကျွန်ုပ်တို့၏အဖထံမှာ လုံးဝဥဿုံမြှင့်တက်စေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ကောင်းကင်ဘုံက ကျွန်ုပ်တို့အဖထံမှာ ကောင်းမြတ်သည့်အရာတွေကို တောင်းလျှောက်ပြီး ခရစ်ယာန်ဘ၀အသက်တာကို အတတ်နိုင်ဆုံး ကြိုးစားကျင့်ကြံ နေထိုင်သွားဖို့ ဖြစ်ပါတယ်။ လူသည် အစားအစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှဖြင့်လည်း အသက်ရှင်ရသည် (မာတေဦး ၄း၎)။ ဆုတောင်းခြင်းပြုသည့်အခါ ကျွန်ုပ်တို့တတွေမှာ ယုံကြည်ခြင်းအပြည့်ပါဝင်နေရပါမည်။
ထိုကြောင့် ခရစ်တော်မိန့်ဆိုသည့် ‘စိတ်အားမလျော့ဘဲ အစဉ်ဆုတောင်းကြလော့’ ဆိုသည်မှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ ကောင်းကင်ဘုံမှ အဖခမည်းတော်နှင့် အစဉ်ဆက်နွယ်နေဖို့၊ အစဉ်ဆက်သွယ်နေဖို့ မိန့်ဆိုခြင်းဖြစ်ပါတယ်။ လိုချင်တာထက် လိုအပ်တာကို တောင်းလျှောက်ဖို့ဖြစ်ပါတယ်။ သို့ဖြစ်၍ ကျွန်ုပ်တို့အား အလုံးစုံသိတော်မူသော ကောင်းကင်ဘုံမှ အဖခမည်းတော်ဟာ တောင်းဆုဖြည့်ဆည်းပေးမှန် ဧကန်မုချပင်ဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေလည်း ခရစ်ယာန်ဘ၀အသက်တာမှာ အပြည့်အ၀ရှင်သန်ရင်း ကောင်းကင်ဘုံမှ ကျွန်ုပ်တို့အားလုံး၏ဖခင်နှင့် ဆုတောင်းခြင်းပြုခြင်းအားဖြင့် အစဉ်ဆက်နွယ်၊ ဆက်သွယ်နေကြဖို့ ကြိုးစားသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



Post a Comment

0 Comments