ကော့တစ်ပုပ်ရဟန်းမင်းသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံသို့ လည်ပတ်မည်


အလက်ဇန်းဒါးမြို့မှ ပုပ်ရဟန်းမင်း တာဝါဒရော့စ် (တေအိုဒိုရော့စ်) ၂ သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ၌ ကောတစ်အောသိုဒေါ့စ်အသင်းတော်၏ ခေါင်းဆောင်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး မကြာမှီအချိန်အတိုအတွင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံရန် ရောမမြို့သို့ အလည်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ ထိုသတင်းထုတ်ပြန်ချက်မှာ ဧပြီလ ၃ ရက်နေ့ အီဂျစ်သို့ ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ်ခန့်အပ်ခံရသူ ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျင်း-ပေါလ် ဂိုဗယ်နှင့်တွေ့ဆုံချိန်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကော့တစ်အသင်းတော်ဟာ အခြားအရှေ့အော့သိုဒေါ့စ်အသင်းတော်တွေနှင့်လည်း မတူပါဘူး။ ၎င်းအသင်းတော်က သီးသန့်ရပ်တည်သည့် အရှေ့ပိုင်းအသင်းတော်သီးသန့်ဖြစ်ပါတယ်။ ထိုအသင်းတော်မှာ အေဒီ ၄၅၁ ခုနှစ် ချာချဲဒုံအစည်းအဝေးကြီးပြီးနောက် ရိုမန်အသင်းတော် ဗဟိုရ်နှင့် အပြည့်အ၀ ဆက်ဆံရေးကို ရပ်တန့်ခဲ့ပါတယ်။

ယခု ပုပ်ရဟန်းမင်း တာဝါဒရော့စ်၏ ရောမမြို့သို့ အလည်အပတ်သည် ၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ၁၉၇၃ မေလတွင် ပုပ်ရဟန်းမင်းကြီး ပေါလ် (၆)သည် ကော့တစ် ပုပ်ရဟန်းမင်း ရှေနုဒါ (၃)နှင့်အတူ ခရစ်တော်ဓမ္မသင်္ဂြိုလ်ဆိုင်ရာ ကြေငြာချက်ကို အတူပူးတွဲကြေငြာရန် လက်မှတ်ရေးထိုးခဲ့ချိန် ဖြစ်ပါတယ်။

ယခုသတင်းသည် ကျွန်ုပ်တို့ ခရစ်ယာန်များ၊ ကက်သလစ်အသင်းတော်များ ပြန်လည်စည်းလုံးရန်အတွက် လုံးဝလက္ခဏာကောင်းသည့် ပုံရိပ်တွေပင် ဖြစ်ပါတယ်။ မကြာသေးမှီကလည်း တမန်တော်ကြီးများမှ တိုက်ရိုက်ဆင်းသက်လာခဲ့သော အဖ အသင်းတော်တစ်ခုဖြစ်သည့် ကွန်စတန်တီးနို အသင်းတော်မှ ခေါင်းဆောင်ဆရာတော်ကြီး ဘတ်သိုလိုမေးဦး (၁)သည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပုပ်ရဟန်းမင်းကြီးတင်မြှောက်ပွဲ မစ္ဆားတရားတော်မြတ်ကို သမိုင်းဝင်တက်ရောက်ချီးမြှင့်ပေးခဲ့သည်ကို နိမိတ်ထူးစွာ တွေ့မြင်ခဲ့ရပါတယ်။

ကော့တစ်အသင်းတော်၏ ခေါင်းဆောင်ကိုလည်း ပုပ်ရဟန်းမင်းကြီးဟု ခေါ်ဆိုကြပါတယ်။ ကော့တစ်အသင်းတော်တွင် ဘာသာဝင်ဦးရေ ၉သန်းရှိပြီး အများစုမှာ အီဂျစ်တွင် နေထိုင်ကြသည်။

မနောအောင်

Post a Comment

0 Comments