ဒုတိယ၀ါတွင်း တနင်္ဂနွေနေ့ ကမ္မဌာန်းရှု့ချက်



ကျွန်ုပ်တို့ ဘ၀ထဲမှာ ဘုရားသခင်နှင့် ဘုရားဂုဏ်တော် ရှိနေတာကို သတိထားမိပါသလား။ တကယ်ဆို ယနေ့ခေတ်လူတွေရဲ့ဘ၀ဟာ ပို၍သနားစရာ ကောင်းလာ သလိုလိုပဲ။ ဥစ္စာပစ္စည်းတွေ ရှေးယခင်ကထက် တိုးတက်များပြားလာတယ်။ ဒါပေမယ့် နေ့မအား ညမအား အလုပ်နဲ့အလုပ် လုံးပမ်းနေကြရတယ်။ ခေတ်မှီ နည်းပညာတွေကြောင့် အချိန်တိုတိုနည်းလမ်းတွေများစွာ ပေါ်ပေါက်လာတယ်။ ဒါပေမယ့် လူတွေ လုံးပမ်းနေရဆဲပဲ။ ဆက်သွယ်ရေးကိရိယာတွေ အဆင့်မြင့်လာတယ်၊ မြန်ဆန်လာတယ်။ ဒါပေမယ့် တခါတလေ အဆက်သွယ်လေးတစ်ချက်လုပ်ဖို့တောင် အချိန်မရတော့ဘူး။ နောက်ဆုံးတော့ ဘုရားအတွက်ပင် အချိန် မပေးနိုင်တော့ဘူး။ အချိန်မရှိတော့ဘူး။ အချိန်မရတော့ဘူး။ ဒီလိုအခြေနေမျိုးမှာ ဘယ်လိုဘယ်လိုနည်းနဲ့ ဘုရားသခင်နှင့် ဘုရားဂုဏ်တော် ကျွန်ုပ်တို့ဘ၀ထဲမှာရှိနေတာကို သတိထားမိနိုင်မလဲ။

အချိန်တိုလေးပေးပြီး ခေတ္တခဏစဉ်းစားကြည့်လိုက်ပါ။ တကယ်တော့ လူဆိုတာ မိမိယုံကြည်ရာကို အတင်းတိုးဝင်လျှောက်လှမ်းတတ်တဲ့ သတ္တ၀ါတွေပါပဲ။ ဒီတော့ ကျွန်ုပ်တို့တတွေ ဘ၀ခြေလမ်းကို လှမ်းတဲ့အခါ ဘယ်လိုယုံကြည်ခြင်းမျိုးတွေနဲ့ လျှောက်လှမ်းနေပါသလဲ။ ကျွန်ုပ်တို့စိတ်ထဲမှာ ယုံကြည်ခြင်းတွေ ရှုပ်ထွေးပြီး အားပြိုင်နေပါသလား။ ဒီလိုဆို ကျွန်ုပ်တို့တတွေဟာ ခေတ်လောကပစ္စဥစ္စာတွေထဲမှာ ယုံကြည်ခြင်းများနေလို့လား။ ဒါမှမဟုတ် ဘုရားသခင်အပေါ်မှာ ယုံကြည်ခြင်းပိုများသလား။ ယုံကြည်ခြင်းသာလျှင် ဘုရားသခင်ကိုတွေ့မြင်နိုင်ဖို့ အလင်းပေးနိုင်ပါသည်။ ယနေ့ပထမကျမ်းတွင် အေဘရာဟမ်သည် ဘုရားသခင်အား ယုံကြည်ခြင်းအလင်းဖြင့် တွေ့မြင်ခဲ့ရသည်။ ဘုရားသခင်အပေါ်ထားသည့် သူ၏ ယုံကြည်ခြင်းသည် အရာအားလုံးထက်ပို၍ သူ့အား ယုံကြည်ခြင်း၏ဖခင်ဟုပင် ခေါ်တွင်စေသည်။

ဘုရားတရားနှင့်ကျင့်ကြံနေထိုင်သူများဟာ အရောင်အဆင်းတင့်တယ်သည်။ လူ့အသိုင်းအ၀ိုင်းမှာ သမာဓိအလင်းဖြင့် တောက်ပ၍ အလိုလိုနေရင်း လူများလေးစားခြင်းကိုခံရသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ဘယ်လိုထင်ပါသလဲ၊ မိတ်ဆွေ။ စီနာရီတောင်ပေါ်၌ မိုးဇယ်သည် ဘုရားသခင်နှင့်တွေ့ဆုံပြီး ပြန်ဆင်းလာခဲ့သောအခါ မိုးဇယ်၏မျက်နှာသည် တောက်ပလွန်း၍ အီစ္စရာအဲလ်လူမျိုးတို့သည် သူ့မျက်နှာကို မကြည့်နိုင်ဖြစ်ရသည်။ မိုးဇယ်၏ အဆင်းအရောင် ဤမျှတောက်ပသည်။ ယနေ့ဧ၀ံဂေလိကျမ်းစာတွင်လည်း ခရစ်တော်သည် တောင်ပေါ်၌ဖခင် ဘုရားသခင်နှင့်စကားပြောနေချိန် (ဆုတောင်းနေချိန်) မျက်နှာတော်သည် တောက်ပနေလေသည်။ ကျွန်ုပ်တို့တတွေလည်း ဘုရားနှင့်ထိတွေ့နေလျှင် တောက်ပနေတာ အမှန်ပါပဲ။

ဘုရားသခင်ရှိသည့်နေရာသည် နေဖို့အလွန်ကောင်းပါသည်။ “ထိုသူတို့သည် ကိုယ်တော့သခင်၊ ဤအရပ်သည် တပည့်တော်တို့အဖို့နေရန် အလွန်ကောင်းပါ၏” ဟုခရစ်တော်အား ပြောဆိုကြသည်။ ဘုရားသခင်သည် နေရာတိုင်းတွင်ရှိပါသည်။ သူ၏ဘုန်းဂုဏ်တော်ကို ကျွန်ုပ်တို့အား ဝေမျှပေးဖို့ အမြဲတမ်းစိတ်အား ထက်သန်နေပါသည်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ထံမှာ ယုံကြည်ခြင်းပို၍ တိုးပွားဖို့လိုအပ်သည်။ တဒင်္ဂသာမျှော်လင့်လို့ရတဲ့ ယနေ့ခေတ်လောက ဥစ္စဓါနတွေထက် ထာဝရမျှော်လင့်နိုင်သည့် ဘုရားသခင်ကို ယုံကြည်၍ ဘုရားဘုန်းဂုဏ်တော်ဖြင့် မိမိတို့ဘ၀ကို တောက်ပစေတာ ဘ၀လည်းတင့်တယ်၊ လူလည်း မြင့်မြတ်ပါသည်။ ဤယုံကြည်ခြင်းသာလျှင် ကျွန်ုပ်တို့အား ကျွန်ုပ်ဘ၀မှာ ဘုရားသခင်နှင့် ဘုရားဘုန်းဂုဏ်တော်ရှိကြောင်း သတိထားမိစေပါလိမ့်မည်။
ဘ၀တန်ဆောင် ဘုရားဂုဏ်ဆောင်ကာ ထာဝရအနာဂတ်ဆီ လျှောက်လှမ်းကြပါစို့။

ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments