စိန်အားဂနက်စ်

 ကညာစင်နှင့် ဓမ္မအာဇာနည်မလေး (ဇန်န၀ါရီလ ၂၁ရက်နေ့)
အားဂနက်စ်သည် ရောမအပျိုကညာစင်လေး ဖြစ်ပါသည်။ ညှင်းပမ်းနှိပ်စက် ခံရပြီး မိမိ၏ယုံကြည်ခြင်း အတွက် ရဲရဲဝံ့ဝံ့ အသက်ပေးဆပ်ချိန်တွင် သူမအသက် ၁၃နှစ်သာရှိပါသေးသည်။ သူမ၏စိတ်ဓါတ်မှာ မိမိပေးထားသည့် ကတိသစ္စာကို အလွန်တန်ဖိုထားတတ်ပြီး အထူးသဖြင့်ဘုရားသခင်အား ပေးဆပ်ထားသည့် ကတိသစ္စာအား သူမ၏အသက်နှင့်ပင် အလဲထပ်ပြုလုပ်ဖို့ သတ္တိရှိသူပါ။ ငယ်စဉ်ဘ၀ကတည်းက သူမ၏အပျိုစင်ဘ၀ကို ဘုရားသခင်အားဆက်ကပ်ထား၍ မည်သည့် အကြောင်းကြောင့် ထိုအပျိုစင်ဘ၀ကို အထိခိုက်မခံစေရဟု ဆုံးဖြတ်ထားသူ ဖြစ်၍လာက၌ အသက်ရှင်စဉ် အပြစ် ပြုလုပ် ရသည်ကို သေခြင်းတရားထက် ပို၍ မနှစ်မြို့ပါဘူး။ သူမပြုလုပ်ထားသည့် ကတိသစ္စာကို ထိပါးစေသည့် အချက်မှာ သူမသည် အလွန်လှပချောမောသူလေးဖြစ်၍ လူငယ်များစွာက လက်ထပ်ချင်ကြသည်။ သို့သော်လည်း သူမကတော့ ယေဇူးခရစ်တော်သည်သာ သူမ၏လက်တွဲဖော်ပါဟု အမြဲတမ်းပြာလေ့ရှိပါသည်။

ထိုကဲ့သို့ သူမငြင်းဆိုလာသည့် လူငယ်များစွာ ရှိသည့်အလျောက် တစ်ကြိမ်တွင်မူအစိုးရတစ်ဦး၏သား ပရိုကို့ကိုလည်း သူမငြင်းဆိုခဲ့ပြန်သည်။ သို့သော် ထိုအရာရှိသားက သူမ၏ငြင်းဆိုမှု့ကိုခံရသောအခါ အလွန်ဒေါသဖြစ်သွားခဲ့သည်။ သို့သော်လည်း တခါတည်းဖြင့် ဇွဲမလျော့ပဲ သူမအား သူ၏ဇနီးသည်အဖြစ် သိမ်းသွင်းရန်အတွက် အဖိုးတန် လက်ဆောင်များနှင့် ကတိပေါင်းများစွာပေး၍ သိမ်းသွင်းရန် ကြိုးစားလေသည်။ သို့သော်လည်း လှပသည့်ကညာစင်လေးမှာ တကမ္ဘာလုံး၏သခင် ဘုရားသခင်အား ကတိသစ္စာ ပြုထားပြီးဖြစ်ကြောင်း ပြောပြ၍ ငြင်းဆိုပြီးရင် ငြင်းဆိုနေလေတော့သည်။ ဘုရားသခင်သည် ကောင်းကင် နေကြယ်နက္ခ အားလုံးထက်ပို၍ ကြီးမြတ်ပြီး သူမအား ဘယ်သောအခါမှ စွန့်လွတ်ထားခဲ့မည် မဟုတ်ကြောင်း သူမက အခိုင်အမာ ပြောနေလေသည်။ ထိုကြောင့် အရာရှိသားသည် ပို၍ပို၍ ဒေါသဖြစ်လာကာ နောက်ဆုံး သူမသည်ခရစ်ယာန်တစ်ဦး ဖြစ်ပါသည်ဟု စွပ်စွဲချက် ထုတ်လေတော့သည်။ ထိုနောက် သူမအား သူ၏ဖခင် အစိုးရမင်းထံခေါ်ဆောင်လာခဲ့လေသည်။

အစိုးရမင်းသည် သူမအနေဖြင့် ဘုရားသခင်ကိုငြင်းဆန်လျှင် အလွန်ကောင်းမြတ်သည့် လက်ဆောင်များစွာ ရရှိမည်ဖြစ်ကြောင်း စည်းရုံးသိမ်းသွင်း ပြန်လေသည်။ ထိုလက်ဆောင်တွေကို အားဂနက်စ်ဂရုမစိုက်ပါ။ အစိုးရမင်း၏ဆွဲဆောင်မှု့ ကိုလည်း ငြင်းဆိုလိုက်ပါသည်။ အနုနည်းဖြင့် မရသည့်တိုင် အစိုးရမင်းသည်လည်း အကြမ်းနည်းသုံးကာ သူမအားသံကြိုးကွင်းဖြင့် ချည်နှောင်ပြီး သူမ၏ဘုရားသခင်ထံ ယုံကြည်ခြင်းအား စွန့်လွတ်ရန် ကြိုးစား ပြန်လေသည်။ သူမ၏မျက်နှာတွင်မူ အပြုံး မပျက်ဘဲ ပျော်နေပါသေးသည်။ ထိုသို့အကြမ်းနည်းမရသော်အခါ နောက်တဆင့်အနေဖြင့် သူမအား အပြစ်သည်တို့အကြား ပြည့်တန်ဆာများအကြားပို့လိုက်လေသည်။ သို့သော်လည်း သူမကတော့ သူမကိုယ်သူမ ကာကွယ်နိုင်ခဲ့ပါသည်။ နောက်ဆုံး ဘယ်လိုနည်းနဲ့မှ မရသည့်အဆုံး သူမအား အဆုံးစီရင်ရန် ပြစ်ဒဏ် ချမှတ်လိုက်လေတော့သည်။ ထိုကဲ့သို့ သန့်ရှင်းဖြူစင်ပြီး လှပချောမွေ့သော အမျိုးသမီးငယ်လေးအား မတရားသေဒဏ် ချမှတ်လိုက်သည်ကို ဘာသာကွဲ မယုံကြည်သူများပင် ငိုကြွေး ကြလေသည်။ သို့သော်လည်းသူမ ကိုယ်တိုင်ကမူ သူမ၏မင်္ဂလာဆောင်ပွဲ နေ့ရက်ကဲ့သို့ ပျော်မြူးနေလေသည်။ သူမသည် သူမ၏အသက်ကို ကယ်တင်ရန် ခေါင်းတချက်ညိမ့်ရုံသာ လိုအပ်သော်လည်း သူမအား ဘာသာတရား စွန့်လွတ် ရန် ပြောဆိုသူများအား ဂရုမစိုက်နိုင်ပေ။ သူမကပြောဆိုပါသေးသည် - ကျွန်မသာ ရှင်တို့ပြောတာ ကိုလက်ခံလိုက်ပြီး ရှင်တို့စိတ်ကိုကျေနပ်စေမည်ဆိုလျှင် ကျွန်မ၏ဘ၀လက်တွဲဖော်အား အပြစ်ကျူးလွန်ရာရောက်သွားလိမ့်မည်။ ထိုနောက် သူမဆုတောင်းကာ ဦးခေါင်းငုံ့ပေးလျက် လူသတ် သမား၏ဓါးစက်အောက် တိုးဝင်ခဲ့လေတော့သည်။ 

အားဂနက်စ်ဟူသော အမည်၏ အဓိပ္ပါယ်မှာ “သိုးယ်လေး” ဖြစ်၍ လက်တင်ဘာသာစကားမှ ဆင်းသက်လာသည်။ သို့သော်မူရင်းဝေါ်ဟာရမှာ ဂရိစကားလုံးဖြစ်ပြီး ဖြူစင်သန့်ရှင်းသော၊ မြင့်မြတ်သောဟု အဓိပ္ပါယ်ရသည်။ 
                                                           မနောအောင်

Post a Comment

0 Comments