စိန့်ဖရန်စစ် အစီစီ အတ္ထုပ္ပတ္တိ



အစီစီမြို့မှ စိန့်ဖရန်စစ်မိသားစု

၁၁၇၃ ခုနှစ်တွင် အစီစီမြို့သည် ပုပ်ရဟန်းမင်းကြီး တတိယမြောက် အလက်ဇန်းဒါး (Alexandar) ၏လက်မှ သိမ်းပိုက်ခြင်းခံရပြီးသည့်နောက် ဂျာမန်လူမျိုးတို့၏ အုပ်ချုပ် မှုအောက် တွင်ကျရောက်ခဲ့သည်။ ထို့ကြောင့် အစီစီမြို့သားများ ပုန်ကန်ထကြွခဲ့ကြသည်။ ဤပုန်ကန်ထကြွမှုကို အင်ပါယာ တရားရေးရာဝန်ကြီးချုပ် မာဂွန်ဇာ (Magonza) ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ကြီး၏စစ်တပ်မှနှိမ်နင်းချေမှုန်းနိုင်ခဲ့သည်။ (Urslinger) အာစလင်ဂါမှ ကွန်ရတ်(Conrad)ကို အင်ပါယာဘုရင်ခံအဖြစ် ရာထူးအပ်နှင်း ခဲ့ပြီးနောက် သူသည်မြို့ ခံတပ်ကြီးထဲတွင်နေထိုင်ခဲ့သည်။ အစီစီ၏နိုင်ငံရေးနောက်ခံသမိုင်းကြောင်းများ ရှုပ်ထွေးနေချိန်၌ ချမ်းသာကြွယ်ဝသော အထည်ကုန်သည်ကြီးပီတာဘန်နာဒုံး(Peter Bernardone)နှင့် ဇနီးပီကာ(Pica) တို့မှ သားယောက်ျားလေးကို ၁၁၈၂ခုနှစ်ဆောင်းရာသီတွင်မွေးဖွားခဲ့သည်။ပြင်သစ်နှင့် အီတလီ နိုင်ငံတို့၏ စီးပွားရေးနယ်ပယ်အတွင်း ကျင်လည်ကျက်စားနေသော ဖခင် ပီတာဘန်နာဒုံး မရှိခိုက်တွင် မွေးဖွားလာခဲ့သော သားလေးကို မိခင်ပီကာ မှ ဂျွန်(John) ဟူ၍ကင်ပွန်းတပ်ခဲ့လေသည်။ ဖခင်ကြီး ပြင်သစ်နိုင်ငံမှပြန်လာသောအခါကလေးအမည် ကို (Francis) ဖရန်စစ် ဟုဖြည့်စွက်ကာ John Francis ဂျွန်ဖရန်စစ် ဟုမှည့်ခေါ်လေသည်။ ဖရန်စစ်ဆိုသောအမည်မှာပြင်သစ်ပြည်မှရရှိခဲ့သော အမည်ဖြစ်ပါသည်။ အကြောင်းမှာပြင်သစ်နိုင်ငံမှ ကုန်ပစ္စည်းများကြောင့် ပီတာဘန်နာဒုံးသည် စီးပွားရေးကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး အမြတ်အစွန်းများစွာလည်းရရှိခဲ့သည်။ ဖရန်စစ်သည် ကလေးသူငယ် ဘ၀မှာပင်အလွန် ထက်မြတ်သော ပင်ကိုယ်ဥာဏ်ရှိပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူ လည်းဖြစ်သည်။ အလွန်ချမ်းသာကြွယ်ဝသော မိသားစု၏သားဖြစ်သည့်အလျောက်နေအိမ်နှင့် မဝေးလှသော ခရစ်ယာန်ဘုန်းတော်ကြီးများ၏ စိန့်ဂျော့ (St.George) စာသင်ကျောင်းတွင်ပညာသင်ကြား ခဲ့သည်။ ထိုအချိန်ကာလ၌ စာသင်ကျောင်းများသည် ဘုရားရှိခိုးကျောင်းများနှင့်ခရစ်ယာန် ဘုန်းတော်ကြီးများနေအိမ် အနီးအနားတွင် တည်ဆောက်ထားလေ့ ရှိကြသည်။ သင်ရိုးညွှန်းတမ်းများမှာ အသင့်အတင့်ကောင်းမွန်သောကြောင့် ငယ်ရွယ်သော သူများကို ကြီးပြင်းလာသောအခါ စီးပွားရေးနယ်ပယ်သို့ ၀င်ရောက်လုပ်ကိုင်နိုင်ရန် အသိ၊ အမြင် လုံ လောက်စွာ ပေးနိုင်ခဲ့သည်။ အရေး၊ အဖတ်၊ သင်္ချာ နှင့် အသင်းတော်ကြီး၏သွန်သင်ချက်များ ကို သင်ကြားပို့ချပေးသည်။ 

 ငယ်စဉ်ဘ၀၌ပင်ကျောင်းချိန်ပြီးသောအခါ ဖရန်စစ်သည် သူ့ဖခင်၏ အထည်ဆိုင်၌၀ိုင်းဝန်း ကူညီလုပ်ကိုင်ပေးပြီးမှသာ အဖော်များနှင့် ကစားလေ့ရှိသည်။ ဖရန်စစ်သည် အများနှင့်ပေါင်းသင်းဆက်ဆံ ရာတွင်ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းနေထိုင်တတ် သည်။ ပွဲလမ်းသဘင်များ၌လည်း သူ၏အပေါင်းအဖော် များနှင့်ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲတတ်သည် ကို လွယ်လင့်တကူစိတ်ကူးကြည့်နိုင်ပါသည်။ သူသည် ဘာသာရေးကိုင်းရှိုင်းခြင်းနှင့် လူမှုရေးအသိတရားတို့၌ ပင်ကိုယ်ပါရမီရှိသူဖြစ်သည်။ ဤအချက်များကြောင့် သူ၏ အတ္ထုပ္ပတ္တိရေးသူများမှာ ဖရန်စစ်သည်။ ဆင်းရဲသားများကို ကူညီပေးရာ၌ ပါဝင်လေ့ရှိသည် ဟုရေးသားကြပါသည်။ မိမိတို့၏မိသားစုမှပိုလျှံနေသော အစားအစာများကို ဆင်းရဲသားများ အားမကြာခဏ စွန့်ကြဲခဲ့သည်။ ဖရန်စစ်၏ လုပ်ဆောင်ချက်များကို ရည်မှန်းချက်ကြီးသော ဖခင်နှင့် ကြင်နာသနားတတ်သော မိခင်ကြီးတို့မှာ မနှစ်သက်ဖွယ်ရာ၊ အားမရစရာဖြစ်ခဲ့သည်။ ၁၁၉၈ခုနှစ်တွင် အသက်ငယ်သောရဟန်းမင်းကြီး တတိယမြောက် အင်နိုးဆင့် သည်  အင်ပါယာ ၏ အားနည်းချက်တို့ကိ သိရှိနားလည်သောကြောင့် သူ၏အုပ်ချုပ်မှုအောက်တွင် မြို့စား၊ နယ်စား၊ စပိုလေတိုကို သိမ်းသွင်းလိုက်သည်။ စပိုလေတို Spoleto နယ်ပယ်သည် တစ်ချိန်က ရဟန်းမင်းကြီး၏ အုပ်ချုပ်မှုအောက်မှ ဖယ်ရှားခြင်းခံခဲ့ရသော နယ်ဖြစ်ပါသည်။ အစီစီမြို့သည် ဂျာမန်ဘုရင်ခံကို အာဏာမှဖြုတ်ချနိုင်ရန်အတွက်ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း ရဟန်းမင်းကြီး ၏အုပ်ချုပ်မှု လက်အောက်တွင်လည်းနေလိုသော ဆန္ဒ လည်းမရှိကြချေ။ “ လူဝ ” (ချမ်းသာကြွယ်ဝ ပြီးဆွေကြီး၊ မျိုးကြီး၊ မှူးမျိုးမတ်နွယ်မဟုတ်သော ပုဂ္ဂိုလ်များ)တို့သည် လိုလားသောဆန္ဒပြင်းပြနေကြသည်။ ထို့ကြောင့် မှူးကြီးမတ်နွယ်၊ ဆွေကြီး၊ မျိုးကြီး တို့ကို အစီစီမြို့မှ နှင်ထုတ်ကြလေတော့သည်။ သူတို့သည် အစီစီမြို့နှင့် မနီးမဝေး ပရုဂျီယာ (Perugia) မြို့တွင်ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြရတော့သည်။ ဤအဖြစ်အပျက်၏ အကျိုးဆက်သည် အုပ်စုနှစ်စုအကြားတွင် စစ်မက်ဖြစ်ပွားနေခဲ့သည်။  အသက်နှစ်ဆယ် အရွယ်ဖရန်စစ် သည် အစီစီမြို့မှစစ်သွေးကြွ တို့နှင့်အတူ ပရုဂျီယာ ကို  တိုက်ခိုက်ရန် စစ်ထဲဝင်လိုက်လေသည်။ တိုက်ပွဲကြီးသည် မြို့ကြီးနှစ်မြို့၏အကြားကော်လက်စရာဒါ (Collestrada) မြို့ အနီးအနား တွင်ဖြစ်ပွားခဲ့ သည်။ အစီစီမှစစ်ပွဲရှုံးနိမ့် ခဲ့ပြီး ဖရန်စစ်ကို စစ်သုံ့ပန်းအဖြစ်ဖမ်း ဆီးခေါ်ဆောင် သွားကြကာပရုဂျီယာမြို့ အကျဉ်းထောင် ထဲ၌အကျဉ်းချထားခဲ့ကြသည်။
အကျဉ်းထောင်ထဲတွင်ပီတာဘန်နာဒုံး၏သားသည် ကျန်းမာရေးချို့တဲ့လာသည်။ ဖခင် ပီတာဘန်နာဒုံး သည် ဖရန်စစ်အမြန်ဆုံးလွတ်မြောက်၍ အိမ်ပြန်လာနိုင်ရန်အတွက်ငွေပေး ပြီးရွေးနှုတ်ခဲ့လေသည်။ ဖရန်စစ်ဒခန္ဓာကိုယ်မှာ ဖျားနာနေသော်လည်း စိတ်ဓာတ်ရေးရာ မှာကြံ့ခိုင်လျှက်ရှိသည်။ထောင်၏ အတွေ့အကြုံသည် ဖရန်စစ်၏စိတ်ဓာတ်ရေးရာကို ပိုမို ကြံ့ခိုင်လာစေခဲ့သည်။ အကျဉ်းထောင်ထဲတွင်နေ စဉ် သူ၏အပေါင်းအဖေါ်များနှင့်ပျော်ပျော် ရွှင်ရွှင်နေထိုင်တတ်ပြီး အချင်းချင်းစေ့စပ်ညှိနှိုင်းပေး တတ်သောသူလည်းဖြစ်ခဲ့သည်။  “Legend of threecompanion” အပေါင်းအဖော်သုံးယောက်၏ ဒဏ္ဍာရီ အခန်း(၂)တွင်ဖော်ပြထားသည်မှာ အကျဉ်းထောင်၌ဖရန်စစ်၏သူငယ်ချင်းများ အလွန်စိတ်ဓာတ်ကျပြီး ၀မ်းနည်းညှိုးငယ်နေသောအခါဖရန်စစ်သည် ညည်းညူမနေဘဲပင်ကို သဘာဝအတိုင်းပျော်ပျော် ရွှင်ရွှင်နေထိုင်ပြခဲ့သည်။ အကျဉ်းခန်းထဲမှ သူ၏အဖော်တစ်ယောက်သည် ဖရန်စစ် ကို အရူးဟုခေါ်ဆိုခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ဤမျှလောက်ဆိုးဝါးသောအကျဉ်းထောင် ထဲ၌ပင်ဖရန်စစ်ပျော်ပျော် ရွှင်ရွှင်နေထိုင်နိုင်သောကြောင့်ဖြစ်သည်။ ဖရန်စစ်သည် တည်ကြည်သောအသံနှင့် “ ငါ ဘာဖြစ်လာမလဲလို့ မင်းထင်သလဲ။ စိတ်ချနေပါ။ တကမ္ဘာလုံးကငါ့ကို ကိုး စားကြလိမ့်မယ်” ဟုပြောဆိုခဲ့သည်။ အိမ်ပြန်ရောက်သောအခါ ဖရန်စစ်ပြန်လည် ကျန်းမာလာရန် အချိန်အတန်ကြာ ကုသခဲ့ရသည်။ ကျန်းမာရေးကောင်းမွန်လာသော်လည်း စိတ်ပူပန်သောကရောက်ပြီး အားအင်ချိနဲ့ ခြင်းကို ခံစား ရသည်။ ဖရန်စစ်သည် သူ့အားပြည့်စုံခြင်းကိုပေးနိုင်မည့်အရာကိုစတင်ရှာဖွေတော့ သည်။ သူ၏နေ့စဉ်ဘ၀သည် အရာအားလုံး၌တောင်းဆိုမှုများပြားလာပြီး အထူးသဖြင့် ၀ိညာဉ်ရေးရာဆွဲဆောင်မှု၌ ပိုမိုပြင်းထန်လာ သည်။ သူ့ဘ၀အတွက်ချစ်ခြင်း၊ ဂုဏ်သရေရှိခြင်းနှင့်  စိတ်ချမ်းသာခြင်းတို့ကို တစိုက်မတ်မတ်ရှာဖွေလျှက် ရှိသည်။ ပီတာဘန်နာဒုံး၏သားဖြစ်ရုံနှင့် မလုံလောက်သေးဘဲ စွန့်စားခြင်းနှင့် ဂုဏ်သရေရှိခြင်းကိုပါတပ် မက်မောခဲ့သည်။ သူရဲကောင်း ဘွဲ့ကိုလည်းအောင်မြင်စွာ ဆွတ်ခူးလိုစိတ်ပြင်းပြလှသည်။ ဤကြီးမားသော ရည်မှန်းချက် ပန်းတိုင်ကိုတက်လှမ်းနိုင်ရန်စစ်သူရဲဘ၀ဖြင့်စတင်ခဲ့တော့သည်။ ၁၂၀၅ခုနှစ်တွင်(Apulia) (Gualtieri di Brienne) အာပူးလီယာနှင့် ဂွာလ်တီရီရဲလ်ဒီဘရီယန်တို့တိုက်ခိုက်ရန်အတွက် စစ်သားများစုဆောင်းနေချိန်ဖြစ်သည်။ ဖရန်စစ်၌သံချပ်ကာဝတ်တန်စာနှင့်မြင်းဝယ်ရန်ပိုက် ဆံကြေးငွေ အသင့်ရှိသောကြောင့် အိမ်မှချက်ခြင်းထွက်ခွာသွားခဲ့သည်။ စစ်တိုက်သွားရန် မထွက်ခွာမှီည၌ဖရန်စစ် အိမ်မက်တစ်ခုကိုမြင်မက်ခဲ့သည်။ အိပ်မက်ထဲတွင် လက်နက်များ၊ ဒိုင်းလွှားများတို့နှင့် အပြည့်ရှိသော နန်းတော်တစ်ခုကိုမြင်မက်ခဲ့သည်။ အသံတစ်သံမှ“လက်နက်တွေဟာ မင်းနဲ့ မင်းရဲ့ စစ်သားတွေ အတွက်ဖြစ်တယ်။” ဟုပြောဆိုလိုက်သည်။ စစ်တိုက်ခိုက်ရန်ထွက်ခွာသွားတော့မည့်ဆဲဆဲ ဤအိပ် မက်ကြောင့် ဖရန်စစ်သည် မည်မျှလောက် စိတ်အားတက်ကြွသွားမည်ကို သိရှိနိုင်ပါသည်။

အာပူးလီယာ (Apulia) သို့ အသွားလမ်းခုလတ်တွင် စပိုလက်တို(Spolato) အရပ်၌ ခေတ္တရပ်နားခဲ့သည်။ ခရီးပန်းပြီး အနည်းငယ်ဖျားနာနေသောကြောင့် အစီစီသို့ပြန်သွားရန် အာရုံတစ်ခုကိုမြင်ခဲ့သည်။ တဖြည်းဖြည်းချင်း အိပ်မက်များ၊ အာရုံများ၏ အဓိပ္ပါယ်များကို နားလည်သဘောပေါက်လာခဲ့သည်။ ဖရန်စစ်သည် ဂုဏ်သရေရှိခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း၊ အာဏာရယူလိုခြင်းတို့၏ အတိတ်နမိတ် မဟုတ်ဘဲ လုံးဝဥဿုံ ဝိညာဉ်ရေးရာလမ်းစဉ်ကို စတင်လျှောက်လှမ်းရန်ဖော်ပြနေသည်ကို နားလည် သဘောပေါက်လာခဲ့သည်။ လက်နက်များနှင့် ဒိုင်းလွှားများသည် သန့်ရှင်းမြင့်မြတ်သောခေါ်တော် မူခြင်းဘဝအတွက် ပေးဆပ်ရမည်ဟု သိရှိခဲ့သည်။
ဖရန်စစ်သည် အစီစီမြို့သို့ပြန်လာပြီးမြင်မက်ခဲ့သော အိပ်မက်ပြည့်စုံလာခြင်း အတွက်စောင့်မျှော်နေလေ သည်။ သူစိတ်ကူးခဲ့သော ဂုဏ်သရေရှိခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း၊ အာဏာရယူလိုခြင်း တို့သည် တဖြည်းဖြည်း သူနှင့်ဝေးကွာလာလေတော့သည်။ သူ၏အနာဂတ်တွင်ထူးကဲကြီးမြတ်သော အရာတစ်ခုခုဖြစ်ပေါ်လာမည်ကို အလိုလို ခံစားသိမြင်လာသည်။ ဖရန်စစ်၏ဘဝစတင်ပြောင်းလဲ ခဲ့သော်လည်း မသေချာမရေရာသော အဖြစ်အခြေအနေ၌သာရှိသေးသည်။ ဘဝပြောင်းလဲခဲ့သော်လည်း သူဌေးသားတစ်ဦးကဲ့သို့ ဆက်လက်နေထိုင်ခဲ့သည်။ သီချင်းဆိုခြင်း၊ ပါတီပွဲများသို့ တက်ရောက်ခြင်းနှင့်ပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်း တို့ကိုထုံးစံအတိုင်းပြုမူလုပ်ဆောင်နေသေးသည်။ ဖရန်စစ်ကိုယ်တိုင် တည်ခင်း ကျင်းပသော ပါတီပွဲတစ်ခု၌ သူ့သူငယ်ချင်းများမှ သူ့ကို စားပွဲဘုရင်အဖြစ် တင်မြှောက်ကာ သရဖူဆောင်းပေးခဲ့ကြသည်။ ချမ်းသာကြွယ်ဝသော လူငယ်များသည် အလှည့်ကျဘုရင်အဖြစ်တင်မြှောက်ခြင်းခံကြရပြီးပျော်ပွဲရွှင်ပွဲအခမ်းအနားများကို ဦးဆောင်ကျင်းပမည့် သူအား ရာဇလှံတံကို အပ်နှင်းခဲ့ကြသည်။ ထိုည၌ ဖရန်စစ်တစ်မူထူးခြားနေသည်ကို သတိမူ မိကြသည်။ပြတင်းပေါက်များမှထွက်ကြည့်ပြီး သီချင်းသံကို နားထောင်လေ့ရှိသော အမျိုးသမီးများအတွက်မေတ္တာဘွဲ့တေးသီချင်း သီဆိုတီးမှုတ်ရန် ဖရန်စစ်နှင့် အပေါင်းအပါတို့သည် လမ်းပေါ်သို့ ထွက်ခွာသွားခဲ့သည်။

ဖရန်စစ်ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကို သတိမူမိကြသော သူငယ်ချင်းတစ်စုက “ဖရန်စစ်ဘာဖြစ်နေသလဲ၊ မင်းတစ်ယောက်ယောက်နဲ့ ချစ်ကြိုက်နေပြီလား”ဟုမေးမြန်းကြသည်။ ဖရန်စစ်က “ဟုတ်တယ်။ အစီစီမြို့က အချောဆုံးအလှဆုံးနဲ့ မက်မောစရာအကောင်းဆုံးကောင်မလေးကို ငါချစ်နေမိပြီ” ဟုပြန်ပြောခဲ့သည်။ ချက်ချင်းဆိုသလိုပင်တီးတိုးဝေဖန် သံများ၊လှောင်ပြောင် စကားများကိုပြောဆိုကြတော့သည်။ အမှန်တကယ်တော့ ဖရန်စစ်ပြောင်းလဲသွားရခြင်းမှာ အစီစီမြို့မှ အမျိုးသမီးတစ်ယောက်ကြောင့်မဟုတ်ဘဲ သူမြင်မက်ခဲ့သော အိပ်မက်ထဲမှ ဆင်းရဲခြင်း၏သမီးပျို (lady poverty) ဖြစ်ကြောင်းကို သူ့အပေါင်းအဖော်များအား ပြောပြလိုက်သောအခါ နားလည်သဘောပေါက်သွား
ခဲ့ကြသည်။

“ထူးခြားသော ဝိညာဉ်ရေးအတွေ့အကြုံများ”
ဖရန်စစ်၌ပြောင်းလဲခြင်းများသည် မခန့်မှန်းနိုင်လောက်အောင် အဆင့်ဆင့်လျင်မြန်စွာဖြစ်ပေါ် လျက်ရှိသည်။ တစ်နေ့၌အစီစီချိုင့်ဝှမ်းတွင်မြင်းစီးနေခိုက် အနာကြီးစွဲသော သူတစ်ယောက်နှင့်တွေ့ ဆုံခဲ့သည်။ ထိုအချိန်၌ နူနာသည်နှင့်တွေ့ဆုံခြင်းသည် ဖရန်စစ်အပါအဝင်လူတိုင်းအတွက် ကြောက်စရာ၊ စက်စုတ်ရွံရှာစရာကောင်းလှပေသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ဖရန်စစ်သည် အနာကြီးရောဂါ သည်များအား ကြောက်ရွံသောစိတ်ကို အောင်မြင်ကျော်လွှားနိုင်ပြီး အပယ်ခံလူတန်းစားများအပေါ် စတင်၍ ချစ်ခြင်းမေတ္တာ သက်ဝင်လာသည်။ ဖရန်စစ်၏ရက်ရောသော စိတ်နေစိတ်ထားကြောင့်မြင်းပေါ်မှ ဆင်းပြီးလျှင် အနာကြီးရောဂါသည်အားပွေ့ဖက်နမ်းရှုတ်လေသည်။ အနာကြီးရောဂါသည်များဌာနသို့လည်း အလှူငွေများကို သွားရောက်ပေးအပ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသောအခါ ဖရန်စစ်ရေးသားထားသော စာတန်းထဲတွင် “အနာကြီးရောဂါသည်များထံမှ ပြန်လည်ထွက်ခွာလာသော အခါ ခါးသီးမှုကိုခံစားခဲ့ရသော အရသာမှာ ချိုမြိန်သော အရာအဖြစ်သို့ပြောင်းလဲသွားခဲ့သည်” ဟုရေးသားထားခဲ့သည်။ အနာကြီးရောဂါ သည်နှင့်တွေ့ဆုံကာပွေ့ဖက်နမ်းရှုတ်ပြီးနောက် ဖရန်စစ်၏ ဘဝသည် အမှန်တကယ်ပြောင်းလဲ သွားတော့သည်။ ထိုအချိန်မှ စ၍ပြန်လမ်းမရှိသော လမ်းကိုရွေးချယ်လျှောက်လှမ်းတော့သည်။ ဤအဖြစ်အပျက်များ အားလုံးသည် ၁၂၀၅ခုနှစ်နှင့် ၁၂၀၆ခုနှစ် ဝန်းကျင်၌ဖြစ်ပျက်ခဲ့သည်။ ထိုအချိန်မှစ၍ ဖရန်စစ်သည် ဆိတ်ကွယ်ရာနေရာများသို့ မကြာခဏတစ်ကိုယ်တည်း သွားရောက်ပြီး ဆုတောင်းမေတ္တာပြု ခဲ့သည်။ အစီစီမြို့စွန်တွင်ရှိသော စိန့်ဒေးမီယန်း (St.Damian) ဘုရားကျောင်းလေးကို ဖရန်စစ် အလွန်နှစ်သက်သည်။ ထိုဘုရားကျောင်းကလေးမှာ ယိုင်နဲ့ပျက်စီးလျက်ရှိသည်။ ထိုဘုရားကျောင်းထဲတွင် လှပစွာဆေးရောင်ချယ်ထားသည့် လက်ဝါးကပ်တိုင်တစ်ခုရှိသည်။ ထိုလက်ဝါးကားတိုင်အရှေ့၌ ဆုတောင်းရခြင်းကို ဖရန်စစ်အလွန် ကြိုက်နှစ်သက်သည်။


တစ်နေ့၌ ဖရန်စစ် ဆုတောင်းနေချိန်တွင် အသံတစ်သံကို ကြားလိုက်ရသည်မှာ “ဖရန်စစ် ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ ငါ့ရဲ့ အိမ်ကိုပြုပြင်ပေးပါ” ဟု ကြားယောင်မိသည်။ ၎င်းအသံသည် ခရစ်တော်၏အသံလော၊ သို့တည်းမဟုတ် သူ့စိတ်ဝိညာဉ်အတွင်းမှ အကြံပြုချက်ပင်လော၊ သူ့အား စကားပြောခဲ့သော ပုဂ္ဂိုလ်၌ဖရန်စစ် သံသယလုံးဝမရှိဘဲ ဘုရားကျောင်း ပြင်ဆင်ရန်အတွက် ချက်ခြင်းပင် နည်းလမ်းတစ်ခုကို ရှာဖွေတော့သည်။ ဖရန်စစ်သည်ကျောင်းထိုင်ဘုန်းတော်ကြီး အား အလှူငွေများကိုပေးအပ်ခဲ့သော်လည်း ပီတာဘန်နာဒုံး (Peter Bernardone) ၏စီစစ်တွန့်တိုကြောင်းကို သိသောကြောင့် ဘုန်းတော်ကြီးမှာငွေမရှိသော်လည်း အလှူငွေများကို လက်ခံရန်ငြင်းပယ်ခဲ့သည်။ ပီတာဘန်နာဒုံး၏သားသည်ကျောက်နှင့် ထုံးတို့ကို ရှာဖွေပြီးပန်းရံလုပ်ငန်းကို လုပ်ကိုင်ရင်း ကျွမ်းကျင်သူပေါ်လာသည့်အထိ အချိန်ပိုင်း ပန်းရံသမားအဖြစ်လုပ်ကိုင်တော့သည်။ ဖရန်စစ်၏ဖခင်သည် သား၏ထူးခြားသော အပြုအမူကို လုံးဝမနှစ်သက်ပေ။ ထို့ကြောင့် မိသားစုထဲတွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည်။ ဖခင်ပီတာဘန်နာဒုံးသည် ရည်မှန်းချက်ထားသော သား၏ ရှေ့ရေးအစီအစဉ်များ ပျက်သွားသဖြင့် မချင့်မရဲ ခံစားနေရသည်။ သို့သော်လူငယ် ဖရန်စစ်သည် သူ၏အိပ်မက်အတိုင်း ဘုရားတရားကိုင်းရှိုင်းလိုသော စိတ်ဆန္ဒများနှင့်သာပြည့်နှက်လျှက်ရှိသည်။ မိသားစုထဲတွင်ဖြစ်ပေါ်နေသောပြဿနာများကို မဖြေရှင်းနိုင်သေး၍ ဖခင်ဖြစ်သူမှာ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းအတွက် ခရီးမထွက်ခွာမီ စိတ်ဖောက်နေသော သားကို အကျဉ်းချထားခဲ့သည်။ ပီတာဘန်နာဒုံးပိုင်အိမ်၏လှေခါးအောက်တွင် ကျဉ်းမြောင်းသော စတိုခန်းလေးတစ်ခုကို အကျဉ်းထောင် အဖြစ်ပြုလုပ်၍ဖရန်စစ်အား အကျဉ်းချထားခဲ့သည်။ ယနေ့ပီတာဘန်နာဒုံးဆိုင်သော အိမ်မှာ ဘုရားကျောင်း အဖြစ်သို့ အသွင်ပြောင်းသွားပြီး ဘုရားကျောင်းသစ် ကီယာဆာနိုဗာ (Chiesa Nuova) ဟု
ခေါ်သည်။ ကြင်နာတတ်သော မိခင်ကြီးမှ ဖခင်ခရီးဝေးသွားနေခိုက် ဖရန်စစ်အား လွှတ်ပေးလိုက်သည်။

ဖခင်ခရီးမှပြန်လာသော အခါ အဖေနှင့် သားတို့ အကြား သဘောထားကွဲလွဲ မှုများဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ အစိုးရအာဏာပိုင်တို့၏ အကူအညီနှင့် ပီတာဘန်နာဒုံးသည်၊ သားကိုတရားရုံး၌စွဲချက်တင်လေသည်။ ဖရန်စစ်လက်မခ့လိုသော်လည်း ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်ကြောင့် ဂိုဏ်းအုပ်ဆရာတော်ရှေ့မှောက်၌ စီရင်ဆုံးဖြတ်မှုများကိုပြုလုပ်ရန် ဖရန်စစ်လက်ခံခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းအုပ်ဆရာတော်ကြီးသည် ဘုရားသခင်၏ အမှုတော်ကို ထမ်းရွက်ရန် မိမိကိုယ်ကို ပူဇော်အပ်နှံထားသော ပုဂ္ဂိုလ်ဖြစ်သည်ကို ဖရန်စစ်ယုံကြည်သောကြောင့်ဖြစ်သည်။ ဆရာတော်ကြီး ၏ရှေ့မှောက်၌ ကိုယ်ပေါ်မှ ဝတ်ရုံတန်ဆာများကို အားလုံးချွတ်ခွာပြီး သူ့ဖခင်အားပြန်လည်ပေးအပ်လိုက်သည်။ ဖရန်စစ်သည်ပြည့်ဝသောလွတ်လပ်မှုနှင့်ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသော ကျွန်ုပ်တို့ အဖဟု ဆိုချင်သည်။ ဂိုဏ်းအုပ်ဆရာတော်သည်လည်း စိတ်ထိခိုက်လှုပ်ရှားသဖြင့် သနားကြင်နာသော စိတ်နှင့်ကိုယ်လုံးတီးဖြစ်နေသော ဖရန်စစ်အား သူ၏ ဝတ်လုံဖြင့် လွှမ်းခြုံဖုံးအုပ်ပေးခဲ့သည်။ ဖရန်စစ်သည် ဆရာတော်မှ လက်ဆောင်အဖြစ်ပေးလိုက်သော ဖျင်ကြမ်းအင်္ကျီတစ်ထည်ကို ဝတ်ဆင်ကာ အစီစီမြို့ကို စွန့်ခွာလျက်ဘဝသစ်စွန့်စားခန်းဝင်လေတော့သည်။ ဂူဘီရို (Gubbio)တောင်တန်းများဆီသို့ ထွက်ခွာသွား ပြီးနှလုံးသား ထဲမှပေါ်ထွက် လာသောတေးသီချင်းများကိုသီဆိုခဲ့သည်။ ဖရန်စစ်သည် အဆုံး၌လွတ်လပ်သော သူဖြစ်ခဲ့သည်။ တစ်ခါတွင် လူရမ်းကားတစ်ချို့သည် ဖရန်စစ်ကို “ မင်းဘာကောင်လဲကွ” ဟုဆိုပြီး လူမဆန်စွာ ထိုးနှက်ခဲ့ကြသည်။ဘုရားသခင်နောက်လိုက်ပီပီ မကြောက်မရွံ့ တည်ကြည်ပြတ်သားစွာဖြင့် ဖရန်စစ်သည် “ငါဟာ ကြီးမြတ်တဲ့ ရှင်ဘုရင်ရဲ့ရှေ့ပြေးဖြစ်တယ်။ မင်းတို့လည်း သူ့ကို စိတ်ပါဝင်စားကြပြီလား” ဟု ပြန်ပြောခဲ့သည်။


ဖရန်စစ်သည် အရိုက်အနှက် ခံရပြီးနောက် နှင်းအပြည့်ရှိသောမြောင်းထဲ၌ ပစ်ချခံခဲ့ရသည်။ သူ့ကို ထိုးကြိတ်သော လူမိုက်တို့က“ဘုရားရဲ့ အသုံးမကျတဲ့ရှေ့တော်ပြေး ဟိုမှာပဲနေရစ်ခဲ့တော့” ဟုဆိုကာ ထွက်သွားကြသည်။ (1st Cell 16) ဖရန်စစ်၏ အတ္ထုပ္ပတ္တိကို ရေးသော သောမတ်စ် ချယ်လာနို(Thomas Celano)က ဤအဖြစ်အပျက်သည် ဖရန်စစ်ကြိုးပမ်း၍ရရှိခဲ့သော ပြည့်ဝသော လွတ်လပ်ခြင်း၏ ပထမဆုံး
လက္ခဏာ ဖြစ်သည်ဟု ရေးသားခဲ့သည်။၁၂ဝ၈ ခုနှစ် အစပိုင်း၌ ရသေ့ဝတ်စုံကို ဝတ်ဆင်ပြီး ဖရန်စစ်သည် အစီစီမြို့သို့ပြန်လာခဲ့သည်။ ဘုရားရှိခိုးကျောင်းများကို ပြုပြင်ခြင်းနှင့် လူအများကို နောင်တယူကြပါရန် ဖိတ်ခေါ်ခဲ့သည်။ ဆန်ဒါမီယာနို(San Damiano) ဘုရားကျောင်းကို နဂိုမူလအတိုင်းပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခဲ့သည်။ (San Peitio Della Spina) ဆန်ဗီယက်ထရိုဒေလာစပီနာ ဘု
ရားကျောင်းနှင့် (Porti
uncula)ပေါ်စီယူကူလာ ဘုရားကျောင်းတို့ကိုလည်း မူလအတိုင်း ပြန်လည်ပြုပြင်နိုင်ခဲ့သည်။


“ဖရန်စစ်၏ဘဝလမ်းစဉ်သစ်”
တပည့်တော်ကြီး (St.Matthias) စိန့်မာတီယား၏ပွဲနေ့ဖေဖော်ဝါရီ (၂၄) ရက်နေ့တွင် ဖရန်စစ် သည် ပေါ်စီယွန်ကူလာ ဘုရားရှိခိုးကျောင်းလေးထဲတွင် ဆင်းရဲသော ရဟန်းတစ်ပါး၏ မစ္ဆားပူသဇော်ခြင်း၌ ပါဝင်ခဲ့သည်။ သံမာတေးဦး ၁၀း၁-၁၃ ၌ ယေဇူးဘုရားသည် တပည့်တော်ကြီးများအား ရွှေ၊ ငွေ၊ လွယ်အိတ်၊ ဖိနပ်၊ တောင်ဝှေး စသည်တို့ကိုယူဆောင်မသွားဘဲ ဧဝံဂေလိတရားတော်ကို သွားရောက်ဟော ကြားကြရန် စေလွှတ်ခဲ့ကြောင်းဖော်ပြထားသည်။ဖရန်စစ်သည် ထိုကျမ်းပိုဒ်ကို အလွန်စိတ်ဝင် စားသောကြောင့် မစ္ဆားတရားအပြီးတွင်ကျမ်းပိုဒ်၏ အဓိပ္ပာယ်ကို သေချာသိနားလည်ခြင်းရှိမရှိကို စဉ်းစားဆင်ခြင်သုံးသပ်ခဲ့သည်။ ဤကျမ်းပိုဒ်၏အနက်အဓိပ္ပာယ်အတိအကျကိုလည်း ဘုန်းတော်ကြီး အား မေးမြန်းခဲ့သည်။ အနက်အဓိပ္ပါယ်ကို သေချာစွာနားလည်သောအခါ မိမိ ပိုင်ဆိုင်သောပစ္စည်းရှိရှိသမျှ ကို ချက်ချင်းစွန့်ကြဲလိုက်သည်။ ဖိနပ်မပါဘဲ ခါးပါတ်အစား ကြိုးတစ်ချောင်းကို ခါးစည်းပြုလုပ်လျက်ဖျင်ကြမ်းအင်္ကျီဖြင့် ဘဝသစ်ကို စတင်ခဲ့သည်။ ဖရန်စစ်၏နေပုံထိုင်ပုံကို အစီစီမြို့မှ လူငယ်များသည် စိတ်ဝင်စားပြီး သူတို့၏ဘဝကိုစွဲဆောင်နိုင်ခဲ့သည်။ လူကုံထံဖြစ်သော ကွင်တာဗီလီမှ ဘားနဒ်သည် ဖရန်စစ်၏ သန့်ရှင်းမြင့်မြတ်သော ဘဝကို ယုံကြည်စိတ်ဝင်စားသဖြင့် သူပိုင်ဆိုင်သော ပစ္စည်းများအားလုံးကို ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲပြီး ဘုရားသခင်တစ်ပါး တည်းကိုသာဗဟိုပြုနေသော ဖရန်စစ်နှင့် အတူနေထိုင်ရန် ဖရန်စစ်နောက်သို့ လိုက်သွားလေသည်။

 
များမကြာမီ စိန့်ရူဖီနို ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဥပဒေပညာရှင်ဖြစ်သော ပီတာကာတာ နီယိုသည် ပေါ်စီယွန်ကူလာ သို့ သွား၍ ဖရန်စစ်၊ ဘားနဒ်တို့နှင့်အတူနေထိုင်တော့သည်။ အေဂျီဒို ငယ်ရွယ်သော လယ်သမားလေး တစ်ဦးသည်လည်း ဖရန်စစ်၏ အပေါင်းအပါဖြစ်လာသည်။ ဖရန်စစ်၏ အချိန်အခါ၌ ဤလေးယောက်တို့သည် ယခုလျှောက်လှမ်းနေသော ဘဝသစ်၏ စံနမူနာ ဖြစ်လာသည်။ သူတို့လေးယောက်သည် ကုန်သည်၏သားတစ်ယောက်၊ လူကုံထံတစ်ယောက်၊ ဘုန်းကြီးတစ်ပါးနှင့် လယ်သမားတစ်ယောက်ဖြစ်ကြသည်။ အလွန်တက်ကြွသော စိတ်နေစိတ်ထားကြောင့် ငြိမ်ငြိမ် သက်သက်မနေနိုင်ကြဘဲ အစဉ်အမြဲသွားလာနေပြီး မိမိတို့တွေ့ကြုံရသော အတွေ့အကြုံများနှင့် သိရှိခံစားရသော ငြိမ်းအေးသာယာခြင်းတို့ကို ကမ္ဘာလောကတစ်ခုလုံးနှင့် မျှဝေချင် စိတ်ပေါ်ပေါက်နေကြသည်။ ထို့ကြောင့် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို စတင်ဟောပြောကြသည်။ ဖရန်စစ်နှင့် အေဂျီဒိုတို့မှာ မာကာအရပ်သို့ သွားကြပြီး ဘားနဒ်နှင့် ပီတာတို့မှာ တူစီယာ အရပ်သို့ ခရီးထွက်ခဲ့ကြသည်။
တစ်ခဏခြင်းတွင် သူတို့ ၏အသိုင်းအဝိုင်းလေးသည် စတင်ကြီးထွားလာတော့သည်။ဆင်းရဲစွာနေထိုင်သော ဘဝသစ်သို့ လူငယ်မြောက်များစွာစိတ်ပါဝင်စားစွာဖြင့် ပါဝင်လာကြသည်။ ဤဘဝကို စိတ်ပါဝင်စားလာသော လူငယ်များမှာ (Sabatino)စဘာတီနို၊ (Morico) မောရီကို၊ (Giovanni of Cappella) ဂျော်ဗာနီကာပယ်လာ၊(Filippo Longo)  ဖိလစ်ပိုလွန်ဂို၊ (Giovanni of San Costanzo) ဂျော်ဗာနီကွန်စတန်ဇို၊ (Barbaro) ဘာဘာရို၊ မြင်းစီးသူရဲကောင်း ဘားနဒ် (Bernard of Vigilante and a knight) အန်ဂျေလိုတန်ခရယ်ဒီ တို့ ဖြစ်ကြသည်။ ဤအသိုင်းအဝိုင်းလေးသည် (၁၂)ယောက်ရှိသော ကြောင့် ခရစ်တော်၏တပည့်တော်ကြီး (၁၂)ပါးတို့ကို ပြန်လည် အမှတ်ရစေသည်။


ဤ(၁၂)ယောက်တို့၏မျှော်မှန်းချက်သည် ကမ္ဘာကြီးတစ်ခုလုံးကိုပြုပြင်ပြောင်းလဲရန်ဖြစ်သည်။ သူတို့ လျှောက်လှမ်းနေသော ဘဝလမ်းစဉ်သစ်သည် ဧဝံဂေလိကျမ်းစာတော်နှင့် ကိုက်ညီမှုရှိမရှိကို သုံးသပ်လိုသည့်အတွက် အမိအသင်းတော်ကြီးနှင့် တိုင်ပင်ရန် လိုအပ်လာ သည်ကိုမြင်တွေ့လာသည့်အလျောက် ရဟန်းမင်းကြီးထံ ချဉ်းကပ်ရမည်ကို ခံစားလာရသည်။ ရဟန်းမင်းကြီးထံသို့ အခစားမဝင်မီ သူတို့၏မျှော်မှန်းချက်ကို ဖရန်စစ်ရေးသားခဲ့သည်။ ဤမျှော်မှန်းချက်နှင့် ပတ်သက်သော ကျမ်းပိုဒ်များကိုလည်း ရှာဖွေစုဆောင်းခဲ့သည်။ ဤစာတမ်းနှင့် တကွ အပေါင်းပါ (၁၂)ယောက်တို့သည် ရောမမြို့သို့ သွားရောက်ကြသည်။ ရောမမြို့သို့ရောက်သောအခါ ရဟန်း မင်းကြီးနှင့် တွေ့ဆုံရန် မလွယ်ကူလှပေ။ ဘုရားသခင်၏စီမံချက်ကြောင့် ရဟန်းအမတ်ဂျွန်နှင့် ခင်မင်ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး ရဟန်းမင်းကြီး တတိယမြောက် အင်နိုး ဆင့်နှင့် တွေ့ဆုံရန်အခွင့်အရေးရခဲ့သည်။ ရဟန်းမင်းကြီး တတိယမြောက်အင်နိုးဆင့်သည်ရဟန်းမင်းကြီး အဖြစ် ရွေးကောက်တင်မြှောက်ခြင်းမခံရမီ ဆက်ကနီမြို့စား (Lotario)လိုတာရီရို ဖြစ်ခဲ့သည်။ ၁၁၉၈ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့၌ သူ့အား ကာဒီနယ်ရဟန်းအမတ်များမှ ရဟန်းမင်းကြီး အဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ရဟန်းမင်းကြီးဖြစ်လာသောအခါ အသက်(၃၈)နှစ်မျှသာ ရှိသေးသည်။ ထိုခေတ်ကာလ၌ လူမှုရေးနှင့်နိုင်ငံရေးအခြေအနေများအတွက် ခွန်အားသစ်တစ်ခု လိုအပ်နေခဲ့သည်။ ဖရန်စစ်နှင့်အပေါင်းအပါ(၁၂)ဦး တို့သည် သူတို့၏ဘဝလမ်းစဉ်ကို ခက်ခဲစွာဖြင့် တင်ပြခဲ့ကြသော်လည်း ရဟန်းမင်းကြီးမှာ ကောင်းစွာ နားလည်သဘောပေါက်ခဲ့ပြီးဖြစ်သည်။ ရဟန်းမင်းကြီးသည် လူသားများနှင့် လူ့သဘောသဘာဝကို နားလည်သဘောပေါက်သော်လည်း ဖရန်စစ်တို့၏ တင်ပြချက်ကို ချက်ချင်း အတည်မပြုပေးသော်လည်း ခွင့်ပြုချက်ပေးရန် မငြင်းပယ်ခဲ့ပါ။ ရဟန်းမင်းကြီး က သူတို့အား “ကျွန်ုပ်၏ကလေးများ ဤအကြောင်းအရာကို သေချာစွာဝေဖန် သုံးသပ်ဖို့ရန် ကျွန်ုပ်ကို အချိန်အနည်းငယ်ပေးပါ” ဟု မိန့်မြွတ်ခဲ့သည်။


ရဟန်းမင်းကြီးသည် သူတို့အား အဖြေမပေးမီ ဆုတောင်းပြီး လေးလေး နက်နက် သုံးသပ်ရန်လိုအပ်သည်။ ရဟန်းမင်းကြီးသည် ဘုရားသခင် ၏နှိုးဆော်ညွှန်ကြားမှု ကိုလက်လွှတ်ဆုံးရှုံးမှု ကို ရှောင်ရှားချင်သလို နောင်တတရားရနေကြသော လူငယ်အပေါင်းအပါတို့အားလည်း စိတ်ဓာကျအောင်မလုပ်ချင်ပေ။ ဤလူငယ်များကို ခေါ်ဆောင်လာခဲ့သော ရဟန်းအမတ်ကြီး ဂျွန်ကိုလည်း သူလေးစားသည်။ အပေါင်းအဖော်သုံးယောက်တို့၏ဒဏ္ဍာရီအခန်းကြီး (၁၂) ၌ ရဟန်းမင်းကြီး မိန့်မြွတ်ခဲ့သော စကားတို့ကို ရေးသားထားသည်မှာ “ကျွန်ုပ်၏ကလေးများ သင်တို့ ကျင့်ကြံနေထိုင်လိုသော ဘဝလမ်းစဉ်သစ်သည် အလွန်ကြမ်းတမ်း၍ ပြင်းထန်စွာ နာကျင်သော ဘဝဖြစ်သည်။ သို့သော်လည်း သင်တို့၏ စိတ်အားထက်သန်မှုသည် ရိုးသားစစ်မှန်သည့်အတွက် သင်တို့ကို သံသယဖြစ်စရာမရှိပါ။ သို့သော်လည်း အနာဂတ်ကာလတွင် သင်တို့၏ နောက်လိုက်များဖြစ်လာကြမည့်သူများအားလုံးအတွက်နှင့် သင်တို့၏ ကျင့်ကြံနေထိုင်လှုပ်ရှားကြမည့် ဘဝလမ်းစဉ်သစ်ကို အလွန်ခက်ခဲကြောင်း သူတို့ တွေ့မြင်ကြမည့် စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားကြရမည်” ဟုဖော်ပြထားသည်။


အပေါင်းအဖော် သုံးယောက်တို့၏ ဒဏ္ဍာရီ အခန်း(၁၂) ၌ ရဟန်းမင်းကြီးသည်သဘောတူခွင့်ပြုချက်မပေးမီ ဖရန်စစ်နှင့် စပ်လျဉ်း၍ ထူးဆန်းသော အိပ်မက်တစ်ခုကိုမြင်မက်ခဲ့သည်ဟု ရေးသားထားသည်။ ထိုအိပ်မက်ထဲ၌ (St.John Lateran) စိန့်ဂျွန်လာတေးရန် ဘုရားရှိခိုးကျောင်းကြီးသည် ပြိုကျလုမတတ်ဖြစ်နေသည်ကို တွေ့မြင်ရစဉ် အရပ်အမောင်းပုပုနှင့် နုံချာသော ပုံပန်းသဏ္ဍာန်ရှိပြီး၊ ဘာသာတရား၌ကြည်ညိုကိုင်းရှိုင်းသော လူငယ်တစ်ဦးသည် သူ့ပခုံးပေါ်၌ ဘုရားရှိခိုးကျောင်းကြီး၏ ဝန်အလေးကို ထမ်းပိုးထားသည်ဟုမြင်မက်ခဲ့သည်။ ရဟန်းမင်းကြီးထံမှ သဘောတူထောက်ခံ အတည်ပြုချက်ကို လက်ခံရရှိပြီးနောက် ဖရန်စစ်နှင့် အပေါင်းအပါတို့သည် အစီစီမြို့သို့ ရွှင်လန်းဝမ်းမြောက်စွာပြန်သွားကြသည်။ အပေါင်းအပါ(၁၂)ယောက် တို့သည်အသိုင်းအဝိုင်းလေး တစ်ခုဖြစ်လာသည်။ အစီစီမြို့ပြင်တွင် ရှိနေသည့်အတွက်မည်သည့်နေရာ တွင် နေထိုင်ရမည်ကိုမသိကြချေ။ သိကြားရဟန္တာအပေါင်းတို့၏မယ်တော်သခင်မ (St.Mary of the Angles) ဘုရားကျောင်းသည်လည်း ဘက်နက်ဒစ်တင်း (Benedictine) ဘုန်းတော်ကြီးများ ပိုင်ဆိုင်သည်။ ထိုဘုရားကျောင်းကို ဖရန်စစ်နှင့် အပေါင်းပါတို့သည် အပိုင်မစီးလိုကြပေ။ ထိုနေရာတွင်နေမည့်အစား (Rivotorto) ရီဗိုတော်တို တွင်ရှိသောမြင်းဇောင်းသို့သွားရောက်ပြီး လူသူကင်းဝေးရာအရပ်၌ တိတ်ဆိတ်စွာဖြင့် ဆုတောင်းမေတ္တာပြုခြင်း၊ တစ်ဦးတည်းနေထိုင်သော ဘဝကို စတင်ကြသည်။ ထိုနေရာ၌ သူတို့တည်ရှိခြင်းကြောင့် ဒေသခံလယ်သမား တစ်ဦးမှာ စိတ်မချမ်းသာဖြစ်ခဲ့ရသည်။ သူ၏မြည်းများကို ထားရန်မြင်းဇောင်းမရှိတော့မည်ကို စိုးရိမ်သောကြောင့် လယ်သမား သည်မြည်းများကိုမြင်းဇောင်းအတါင်း၌ထားရှိခြင်းဖြင့်နေရာပိုင်ဆိုင်ကြောင်းကို ဖော်ပြလိုက်သည်။ အငြင်းမပွားလိုကြ၍ ကောင်းသော ခရစ်ယာန်ပီသစွာ နေထိုင်ကျင့်ကြံလိုသောကြောင့် ဖရန်စစ်နှင့် အပေါင်းအပါ(၁၂)ယောက်တို့သည်မြင်းဇောင်းမှ ထွက်ပြေးကြပြီး ပေါ်စီယွန်ကူလာ(Portiuncula) ဘုရားကျောင်းသို့ပြန်သွားကြကာ ထိုနေရာ၌ အသိုင်းအဝိုင်းဘဝလေးကို စတင်ခဲ့သည်။ ဤဘုရားကျောင်းကလေးကိုလည်း ပိုင်ဆိုင်လိုစိတ်မရှိကြပါ။ ထို့ကြောင့်ထိုနေရာတွင် နေခွင့်ပြုရန် (Mount Subasio) ဆူဘာစီယိုတောင်ပေါ်မှ ဘက်နက်ဒစ်တင်း ဘုန်းတော်ကြီးတို့၏ ခွင့်ပြုချက်ကို အသနားခံခဲ့ကြသည်။ ဘုန်းတော်ကြီးများကလည်း ရက်ရောသဒ္ဒါကြည်ဖြူစွာဖြင့် သဘောတူခွင့်ပြုခဲ့ပြီး သူတို့နေသော သိကြားရဟန္တာအပေါင်းတို့၏ မယ်တော်သခင်မ ဘုရားကျောင်းသည် သူတို့ အသိုင်းအဝိုင်း၏ဗဟို အချက်အချာနေရာဖြစ်လာရမည်ဟု ဘုန်းတော်ကြီးများက သတ်မှတ်ပေးလိုက်သည်။ ပေါ်စီယွန်ကူလာ ရောက်သည်နှင့် သူတို့ အသိုင်းအဝိုင်း၏ ဘဝဦးတည်ရည်မှန်းချက်တစ်ရပ်အစပြုလာသည်။ ရီဗိုတော်တိုတွင် ကျင့်ကြံနေထိုင်ခဲ့သော ရသေ့ဘုန်းတော်ကြီး ဘဝကို စွန့်လွှတ်ခဲ့ပြီး နှိမ့်ချခြင်းနှင့် ကိုက်ညီသော ရိုးသားဖြောင့်မတ်ခြင်းပုံစံတစ်မျိုးကို ကျင့်ကြံနေထိုင်ကြသည်။

(Umbria) အွန်ဘရီယာ တစ်လျှောက်သွားကြပြီး ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကို ဟောပြောကြကာ ဝမ်းစာအတွက်သာ အလုပ်ရှာဖွေလုပ်ကိုင်ကြသည်။ ဝမ်းစာအတွက် လုံလောက်သော အခကြေးငွေအလုပ်ကို မရရှိသောအခါ တောင်းရမ်းစားသောက်ကြသည်။ ဖရန်စစ်နှင့် သူ့အပေါင်းအပါတို့သည် အွန်ဘရီယာနှင့် အနီးအနားဒေသတစ်လျှောက် သာသနာ ခရီး လှည့်လည်ဟောပြောကြသည်။နောက်လိုက်ဦးရေတိုးပွားလာသည်နှင့် အမျှ လူအများ၏ စိတ်ဝင်စားမှု ကိုလည်း ရရှိခဲ့ကြသည်။ ဖရန်စစ်သည် သူနားလည်သဘောပေါက်ခဲ့သော ဧဝံဂေလိတရားတော်ကိုကျင့်ကြံနေထိုင်ရန် ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် လယ်မြေများကို စွန့်ပစ်ရန်မလိုအပ်ချေ။ သာမန် ကက်သလစ် ဘာသာဝင်များသည် (Friar) ညီအစ်ကိုများနှင့်လက်တွဲအလုပ်လုပ် နိုင်ကြောင်း ထင်ရှားစွာ တွေ့မြင်ရပြီး လက်တွေ့လည်း ကျသည်ဟု ယုံကြည်လာကြသည်။ ဤသာမန် ကက်သလစ် ဘာသာဝင်အဖွဲ့အစည်းလေးကို ဖရန်စစ္စကင်းတတိယဂိုဏ်းဝင် ဟု ခေါ်ဆိုသည်။ ဤအဖွဲ့အစည်းလေးသည် ခေါ်တော်မူခြင်းနှင့် ခရစ်ယာန်တို့၏ပြုပြင်ပြောင်းလဲရေးတို့ အတွက်အဓိကကျသော အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။ များမကြာမီအချိန်အတွင်း ခရစ်ယာန်များနှင့် အခြားဘာသာတရားကို ယုံကြည်သော အဖွဲ့အစည်း နှစ်ရပ်လုံး၏ လူမှုရေးကောင်းကျိုးများကို ပြုလုပ်ရန် နှိုးဆော်မှုများ ရရှိခဲ့ကြသည်။ ဖရန်စစ်၏ ခရီးစဉ်တစ်ခု၌ (Adriatic Coast) အယ်ဒီရက်တစ် ကမ်းခြေတွင် ရှိသော ဆီးရီးယား (Syria) နိုင်ငံမှ မွတ်ဆလင်ညီအစ်ကိုများနှင့် နှီးနှောဖလှယ် ခွင့် ရရှိခဲ့သည်။ မမျှော်လင့် ဘဲ လေမုန်တိုင်းပြင်းထန်ခြင်းကြောင့် စက်အနည်းငယ် ချို့ယွင်းသွားကာ ဖရန်စစ်စီးနင်းလိုက်ပါသော သဘောင်္သည် (Dalmatia) ဒါမာလ်စီယားမြို့သို့ အလျင်အမြန်ဆိုက်ကပ်ရသည်။ ထို့ကြောင့် ဖရန်စစ်သည် အီတလီနိုင်ငံသို့ ပြန်လာခဲ့ရသည်။ သာသနာပြုလုပ်ငန်းများမလုပ်နိုင်သော အချိန်များတွင် သူ၏ညီအစ်ကို
များသည်လည်း ပေါ်စီယွန်ကူလာ ဘုရားရှိခိုးကျောင်းသို့ လာရောက်နေထိုင်ခဲ့ကြသည်။   


     `
“အစီစီမြို့မှ အမျိုးသမီး ကလဲ” (Clare of Assisi)
၁၂၁၂ ခုနှစ် မေတ္တာပန်းဝေပွဲ တနင်္ဂနွေညနေ၌ လူကုံထံ (Favarone) ဖာဘာရွန်၏ သမီးဖြစ်သူ ကလဲ (Clare) သည် ဖရန်စစ်၏ကျင့်ကြံနေထိုင်ပုံကို အလွန်နှစ်သက်မြတ်နိုးသောကြောင့် ဖခင်အိမ်မှ ထွက်ပြေးလာကာ တောင်ကြားတစ်လျှောက်မှ ပေါ်စီယွန်ကူလာဘုရားရှိခိုးကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုဘုရားကျောင်း၌ လှူဒါန်းအပ်နှံပူဇော်ခြင်း၏ အမှတ်လက္ခဏာအဖြစ် ဖရန်စစ်သည် သူမ၏ ဆံပင်ကိုညှပ်ပြီး သူမအား ဘုရားသခင်ထံဆက်ကပ်အပ်နှံခဲ့သည်။ ဖရန်စစ်ညီအစ်ကိုများသည် အပ်နှံပူဇော်ခြင်းအခမ်းအနား ပြီးနောက် အနီးအနား၌ရှိသော ဘန်နာဒစ်တင်း ရသေ့ဘုန်းတော်ကြီးများ ကျောင်းတိုက်သို့ Clare ကို လိုက်ပါပို့ဆောင်ခဲ့ကြသည်။  ဤနေရာသည် Clare ၏ ပထမဦးဆုံးသီလရှင်ကျောင်းတိုက်ဖြစ်ခဲ့သည်။ (St.Angles of Penzo) ရသေ့ကျောင်းတိုက်တွင်ခေတ္တမျှနေထိုင်ပြီးနောက် ဖရန်စစ်ပြန်လည်ပြုပြင်ခဲ့သော ပထမဦးဆုံးဘုရားကျောင်းဖြစ်သည့် စန်ဒါမီယာနိုသို့ ကလဲကိုပြောင်းရွှေ့ပေးလိုက်သည်။ စန်ဒါမီယာနိုသည် အမျိုးသမီးငယ် အတော်များများကိုစွဲဆောင်သောနေရာတစ်ခုဖြစ်လာပြီး စန်ဒါမီယာနိုသီလရှင်ကျောင်းတွင် သီတင်းသုံးကြသော (Poor sisters of San Damiano) ဆန်ဒါမီယာနို၏ ဆင်းရဲသော သီလသည်များအတွက် ပထမဦးဆုံး သီလသည်များဖြစ်လာသည်။ နောင်ရောက်ရှိလာမည့်နှစ်များ၊ ရာစုနှစ်များနှင့် ကျွန်ုပ်တို့၏ ခေတ်ကာလအထိ၊ ကမ္ဘာကြီးသည် ဆုတောင်းခြင်း၊ ခြိုးခြံခြင်း၊ အပြစ်ဒဏ်ဆပ်ဖြေခြင်းနှင့် ကလဲ၏ မွန်မြတ်သော ကျင့်စဉ်တို့ကို အလွန်နှစ်သက်မြတ်နိုးကြသော အမျိုးသမီးငယ်များဖြင့် ပြည့်နှက်လျက်ရှိပေလိမ့်မည်။ကမ္ဘာလောကကြီးမှ ရုန်းထွက်ခဲ့ခြင်းသည် ငယ်ရွယ်သော ကလဲ (သို့) ဖရန်စစ်အတွက် ရုတ်တရတ်ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ဘယ်နာဒုန်း၏သား၊ ဖရန်စစ်ကို အစဉ်အမြဲမေတ္တာတရားကြီးမားသော အစီစီမြို့မှ ဆရာတော်ကြီးအား ကလဲ၏ ခေါ်တော်မူခြင်းနှင့် အစီစီမြို့မှ လူငယ်ကျင့်ကြံနေထိုင်သော ဆင်းရဲခြင်းဘဝလမ်းစဉ်ကို ကလဲကျင့်
ဆောက်တည်ရန် ဆုံးဖြတ်ချက်ကို အသိပေးပြီးဖြစ်သည်။၁၂၁၂ ခုနှစ် မေတ္တာပန်းဝေပွဲ တနင်္ဂနွေနေ့တွင် မည်ကဲ့သို့ဖြစ်ပျက်ခဲ့သနည်း။ မေတ္တာပန်းဝေပွဲတနင်္ဂနွေနေ့ကို တခမ်းတနားကျင်းပနေစဉ်၊ ဆရာတော်သည်  ဖာဗာရုံ (Favarone)နှင့် အော်တိုလာနာ(Ortolana) တို့၏သမီး၊ ကလဲအား ထင်ရှားပြတ်သားသော လက္ခဏာတစ်ခုပေးခဲ့သည်။ ဆရာတော်သည် သံလွင်ခက်ကလေးတစ်ခုအားကလဲကိုပေးခဲ့သည်။ ၎င်းသံလွင်ခက်၏ အမှတ်လက္ခဏာမှာ ကလဲခံ ယူတော့မည့် ကျင့်စဉ်ကို နားလည်သဘောပေါက်ခြင်းနှင့် အားရနှစ်သက် ချီးမွမ်းခြင်းကိုဖော်ပြသည်။ ထိုကျင့်စဉ်သည်ကား ကမ္ဘာလောကကြီးမှ ရုန်းထွက်ခြင်းပင်ဖြစ်သည်။
 
ကလဲ၏ စွန့်လွှတ်ခြင်းသည် လူအများကို တအံ့တသြဖြစ်စေခဲ့သည်။ များမကြာမီ ကလဲ၏ ညီမငယ်၊ အဂ္ဂနက်စ် (Agnes) လည်း၊ ကလဲနောက်သို့ လိုက်သွားခဲ့သည်။ ထို့နောက်၊ ဘီအက်ထရစ် (Beatric) ဆိုသည့် ညီမငယ်ထပ်လိုက်သွားကာ၊ နောက်ဆုံးတွင် ကလဲ၏မိခင် အော်တိုလာနာ နှင့် အခြားအမျိုးသမီးငယ်မြောက်များစွာ၊ ကလဲနောက်သို့ လိုက်သွားခဲ့သည်။ ဤဖြစ်ရပ်သည် အမျိုးသမီးဂိုဏ်းကို အစပျိုးပေးပြီး  စိန့်ဖရန်စစ်၏ ဒုတိယဂိုဏ်းဝင်များဖြစ်လာသည်။

 
၁၂၁၅ခုနှစ်၊ ရောမမြို့တွင် စတုတ္ထမြောက် လက်ထရင် ကောင်စီ အစည်းအဝေးကြီး ကျင်းပနေချိန်၌ ဖရန်စစ်သည် ရောမမြို့သို့ သွားခဲ့သည်။ ထိုအစည်းအဝေးကြီး၌ ရဟန်းမင်းကြီး တတိယမြောက် အင်နိုးဆင့်က ခရူးဆိတ်စစ်ပွဲအသစ်တစ်ခုဆင်နွှဲရန်နှင့် (Orthodox) အသင်းတော်နှင့် ကက်သလစ် အသင်းတော်ကြားပြန်လည်ပေါင်းစည်းရန် အလားအလာရှိကြောင်းကြေငြာခဲ့သည်။ ဖရန်စစ်အတွက် ခရူးဆိတ်စစ်ပွဲတွင်ပါဝင်ရန် စိတ်ကူးယဉ်အိပ်မက်မက်နေရမည့် အချိန်မဟုတ်ဘဲ၊ မွတ်ဆလင်ညီအစ်ကို များနှင့် တွေ့ဆုံဆွေးနွေးရန်၊ (Orthodox) အသင်းတော်နှင့် ပြန်လည်ပေါင်းစည်းရန်အချိန်ကျရောက်ပြီ ဟု ခံစားခဲ့ရသည်။
 
၁၂ဝ၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၆ရက်နေ့တွင် ရဟန်းမင်းကြီး တတိယမြောက်အင်နိုးဆင့်သည် (Perugia) ပီရူးဂျီးယား၌ ပျံလွန်တော်မူခဲ့သည်။ အလွန်သြဇာကြီးမားသော ရဟန်းမင်းကြီး၏ ရုပ်ကလာပ်သည်ကြွယ်ဝချမ်းသာခြင်းကင်းမဲ့ကာ ဘုရားရှိခိုးကျောင်းတော်ကြီးထဲ၌ တစ်ပါးတည်း ရှိနေသည်ကို ဖရန်စစ်မြင်တွေ့သောအခါ လူသားတို့၏ ထင်ပေါ်ကျော်ကြားမှု ကျရှုံးရခြင်းကိုလည်း တွေ့မြင်ခဲ့ရသည်။ ပျံလွန်သွားတော်မူသော ရဟန်းမင်းကြီး၏ အဖိုးတန်အဝတ်အစားများကို သူခိုးများ ချွတ်ခွာ ခိုးယူသွားသည်ဟု ယူဆရသည်။ ထို့ကြောင့် ဆင်းရဲသားလေးဖရန်စစ်သည် သူ၏ စုတ်ပြဲနေသော အဝတ်များနှင့် ဝတ်ဆင်ပေးထားခဲ့ခြင်းဖြစ်နိုင်သည်။
 
ဇူလိုင်လ ၁၈ရက်နေ့၊ နှစ်ရက်အကြာတွင် ပီရူးဂျီးယားတွင် ရဟန်းမင်းကြီး အသစ်ကို ရွေးကောက်တင်မြှောက်နိုင်ခဲ့သည်။ ချန်ချီအိုဆဗာလီ (Cencio Svaelli) သည် တတိယမြောက် Honorius ဘွဲ့အမည်ကို ခံယူခဲ့သည်။ ရဟန်းမင်းကြီး အဖြစ် ရွေးကောက်ခြင်းမခံရမီ၊ Cencio သည် အနာဂတ်တွင် ဘုရင်မင်းမြတ်ဖြစ်လာမည့် ဒုတိယမြောက် Federics အား သီးသန့်စာသင်ကြားပို့ချပေးသည့် ဆရာအဖြစ်နှင့် အစီစီ ရဲတိုက်ထဲတွင် နေခဲ့သည်။ဖရန်စစ်သည် ရဟန်းမင်းကြီးထံသို့ သွားပြီးလျှင် ပြန်လည် မွမ်းမံပြုပြင်ထားသော ပေါ်စီအွန်ကူလာ ဘုရားကျောင်းသို့ ဘုရားဖူးလာသူတိုင်း၊ပြည့်စုံသော အပြစ်ဒဏ် အခွင့်လွှတ်ခြင်း (Great Indulgence) ဆုကျေးဇူးခံစားနိုင်ရန် ပန်ကြားလျှောက်ထားခဲ့သည်။ဤလျှောက်ထားချက်ဖြစ်ပေါ်လာပုံမှာ ဖရန်စစ်သည် ဘုရားကျောင်းအနီးတွင်ဆုတောင်းပဌနာပြုနေစဉ်အသွေးအသား၏ နှောက်ယှက်ခြင်းကို ပြင်းပြင်းထန်ထန်
ခံစားခဲ့ရသည်။ ဤနှောက်ယှက်ခြင်းကို အောင်မြင်ကျော်လွှားနိုင်ရန် အလယ်ခေတ်၏ လုပ်ရိုးထုံးစံအတိုင်း သူ့ကိုယ်သူ ဆူးပုံထဲသို့ ပစ်လှဲချလိုက်သည်။ အနှောက်အယှက်မှကျော်လွန်ပြီး သိကြားမင်း နှစ်ပါး၏ ပေါ်စီအွန်ကူလာဘုရားကျောင်း ထဲသို့ သူ့ကို ဖိတ်ခေါ်နေသည်ကို တွေ့ရသည်။ ပေါ်စီအွန်ကူလာဘုရားကျောင်းထဲတွင် ယေဇူးနှင့် မယ်တော်မာရီယားကို ရူပါရုံမြင်လေသည်။ ဤရူပါရုံကြောင့် ဖရန်စစ်သည် စိတ်လှုပ်ရှားတက်ကြွလျက် ဤဘုရားကျောင်းတွင် လာရောက်ဘုရားဖူးသူမှန်သမျှသည် အပြစ်၏ လောကဒဏ်မှ လုံးလုံးလျားလျားလွှတ်ငြိမ်းချမ်းသာခွင့် ဆုကျေးဇူးရရှိကြပါရန် အထူးအခွင့်အရေးကို ဖရန်စစ်တောင်းဆိုခဲ့သည်။ ထိုခေတ်ကာလ၌ ၎င်းသည် ထူးခြားသော အင်ဒူဂျင်းရှားဖြစ်၍ သန့်ရှင်းမြင့်မြတ်သော မြေ (Holy Land) သို့ ဘုရားဖူးသွားရောက်ခြင်းနှင့်သာ နှိုင်းယှသ်နိုင်သည်။ မယ်တော်၏ကြားဝင်ဆုပန်ခြင်းအားဖြင့်ဘုရားရှင်သည် ဖရန်စစ်ကို ခွင့်ပြုခဲ့သည်။ ရဟန်းမင်းကြီး၏တရားဝင် ထောက်ခံအတည်ပြုချက်ကိုသာ ဆိုင်းငံ့ထားခဲ့သည်။ ထိုအထူးအခွင့်အရေးသည် ယနေ့“အစီစီ၏ ခွင့်လွှတ်ခြင်း” ဟု အသိအမှတ် ပြုလာကြသည်။ ဖရန်စစ်သည် ဤအခွင့်ထူးကို ရရှိရန် ရည်ရွယ်လျက် ပေရူးဂျီးယားတွင် ရဟန်းမင်းကြီးနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

၁၂၁၇ ခုနှစ် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းသက်တော်မူသော ပွဲ၌ ညီအစ်ကိုများသည် ပေါ်စီအွန်ကူလာဘုရားကျောင်း၌ စုရုံးခဲ့ကြသည်။ ဤစုရုံးခြင်းကို ယနေ့တိုင် ညီလာခံ (Chapter) ဟုခေါ်ဝေါ်ကြသည်။ ညီအစ်ကိုများသည် တစ်နှစ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် (ယနေ့သုံးနှစ် (သို့) ခြောက်နှစ်လျှင်တစ်ကြိမ်) ပေါ်စီအွန်ကူလာဘုရားကျောင်းတွင် စုရုံးကြသည်။ ဤညီလာခံအတွင်း ညီအစ်ကိုများတစ်ဦးနှင့်တစ်ဦးရင်းနှီးသိကျွမ်းလာခြင်း၊ အတွေ့အကြုံများကို အချင်းချင်း ဖလှယ်ကြခြင်းနှင့် သာသနာလုပ်ငန်းသစ်များကို စီမံကိန်းရေးဆွဲကြသည်။ အထူးသဖြင့် အတူတကွစုရုံးပြီး ဆုတောင်းပဌနာပြုကြသည်။ အစီစီမြို့မှ နောင်တစွဲယူကြသော ညီအစ်ကိုတစ်စုသည် သီလသည် အသင်းဂိုဏ်းတစ်ခုဖြစ်လာပြီး (The ordef of Friars Minor) ဟု အမည်တွင်သည်။ သူတို့၏ ဘဝလမ်းစဉ်ဖွဲ့စည်းတည်ဆောက်ရန် လိုအပ်လာပြီဟု ယုံကြည်ကြသည်။ဤညီလာခံအတွင်း၌ အသင်းဂိုဏ်းကိုပြည်နယ်များအဖြစ် သတ်မှတ်ခွဲခြားခဲ့သည်။ ညီအစ်ကိုများ လည်း တောင်တန်းကြီးများကိုဖြတ်ကျော်ပြီး ပင်လယ်ရပ်ခြားတိုင်းတစ်ပါးသို့ သာသနာ အစပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ Friar Elias သည် ညီအစ်ကိုတစ်စုကို ဦးဆောင်ကာ ဆီးရီးယား (Syria) သို့ ထွက်ခွာသွားသည်။ Friar Egidioသည် မော်ရိုကို (Morocco) သို့လည်းကောင်း၊ အဖွဲ့ငယ်တစ်ခုသည် ဂျာမနီ၊ ဟန်ဂေရီနှင့် စပိန်နိုင်ငံများသို့ လည်းကောင်း၊ မိမိတို့ ကိုယ်တိုင်ဆန္ဒအလျောက် သာသနာခရီး ကို စတင်ခဲ့ကြသည်။ဖရန်စစ်သည် ပြင်သစ်နိုင်ငံသို့ သွားရန် ရည်ရွယ်ခဲ့သော်လည်း Florence တွင် Cardinal Hugolino နှင့် တွေ့ဆုံကာ သူ့အား အီတလီနိုင်ငံတွင်သာ နေထိုင်ရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အသင်းဂိုဏ်းကို ခိုင်မာတောင့်တင်းအောင် ပြုလုပ်ရန်နှင့် ဦးဆောင်ညွှန်ကြားရန် လိုအပ်ကြောင်းကို ကာဒီနယ်မှ ပြောကြားခဲ့ခြင်းကြောင့်ဖြစ်သည်။  
“သာသနာပြုစိတ်ဓာတ်”
ဖရန်စစ်ဖန်တီးခဲ့သော လှုပ်ရှားမှု စတင်ပျံ့နှံ့လာခဲ့သည်။ အီတလီနိုင်ငံတွင်း၌သာ သူတို့ ကြိုးစားအားထုတ်၍ မရောင့်ရဲနိုင်ကြတော့ပေ။ နောင်တရသော အစီစီမြို့သား လေး၏ ကနဦးနောက်လိုက်များသည် သာသနာပြုစိတ်ဓာတ် အလွန်ထက်သန်သဖြင့် ကမ္ဘာတစ်ဝှမ်းလုံးပျံ့နှံ့သွားလေတော့သည်။
ဖရန်စစ်၏စိတ်ကူးအိပ်မက်မှာ မွတ်ဆလင်ညီအစ်ကိုများရှိရာနေရာသို့ သွားရောက်ကာ ဘုရားရှင်၏သတင်ကောင်းကို ကြေငြာလိုခဲ့သည်။ မွတ်ဆလင်များနေရာယူထားသော သန့်ရှင်းသောမြေ (Holy Land) သို့လည်း ဖရန်စစ်သွားရောက်လိုခဲ့သည်။ လူတို့ကိုကြီးမားသော ချစ်ခြင်းမေတ္တာဖြင့် ချစ်ခင်၍ ထိုလူများတို့ကို သမ္မာကျမ်းစာတော်၏ ဝမ်းမြောက်ရွှင်လန်းခြင်းကို တွေ့ကြုံခံစားစေလိုသည်။ စိန့်ဖရန်စစ်၏ ပထမကြိုးပမ်းချက်မှာ ပါလက်စတိုင်းသို့ အရောက်သွားရန် Ortona ဆိပ်ကမ်းမှ တိတ်တဆိတ်ထွက်ခွာခဲ့သော်လည်း မုန်တိုင်းဒဏ်ကြောင့်သဘောင်္ပျက်ကာ Schiavonia ခေါ် ဒါလ်မားဆီးယား(Dalmatia) သို့ရောက်သွားခဲ့သည်။
ညီလာခံအတွင်းရွေးချယ်ခဲ့သည့် အကြီးမားဆုံးစိတ်လှုပ်ရှားရမည့် စွန့်စားချက်တစ်ရပ်မှာ Friar Vitale ဦးဆောင်သော ညီအစ်ကို တစ်စုမှာ မော်ရိုကိုသို့သွား ၍ မီရန်မိုလီနို(Miramolino) လူများအား ဧဝံဂေလိတရားဟောကြားရန်ဖြစ်သည်။ စပိန်နိုင်ငံသို့ရောက်သော အခါ Friar Vitale မကျန်းမမာဖြစ်သောကြောင့် ကျန်ညီအစ်ကိုငါးဦးအားခရီးဆက်ရန် သဘောတူခွင့်ပြုလိုက်သည်။ ဤညီအစ်ကိုငါးဦးတို့သည် တရားတော်အတွက် အသက်ကို စတေးခံခဲ့ကြသောကြောင့် ပထမဦးဆုံးသော ဖရန်စစ္စကင်း ဓမ္မအာဇာနည်များဖြစ်လာခဲ့ကြသည်။ ဤသတင်းကို ကြားရသော အခါ ဖရန်စစ်ကြွေးကြော်သည်မှာ “အခု၊ ကျွန်ုပ်၌ Firars Minor ငါးယောက်ရှိသည်မှာ သေချာပြီ” ဟုဆို၏။
ဤဓမ္မအာဇာနည်တို့ ၏ ရုပ်အလောင်းကို ခရစ်ယာန်နယ်မြေသို့ ပြန်လည်သယ်ဆောင်လာသော အခါ ကိုရင် Fernand (Agostinian) သည် သူတို့၏ ပုံစံနမူနာကို အလွန်အားကျမိ၍ Friar Minor တစ်ပါးအနေနှင့် သာသနာပြုပုဂ္ဂိုလ်တစ်ဦးအဖြစ်ပါ လက်ခံပါရန် ခွင့်ပန်ကြားခဲ့သည်။ ကျွန်ုပ်တို့သည် သူ့အား ထင်ပေါ်ကျော်ကြားသော (St.Anthony of Padua) စိန့်အန်ထော်နီ အမည်ဖြင့် သိကြသည်။
ဖရန်စစ်သည် သာသနာပြုခရီးစဉ်ကို အောင်မြင်စွာထွက်ခွာသွားခဲ့သည်။ ၁၂၁၉ ခုနှစ်ဇွန်လ၊ ၂၄ရက်နေ့တွင် Acona မြို့မှ စတင်ထွက်ခွာခဲ့သည်။ သြဂုတ်လတွင် အီဂျစ်နိုင်ငံ၊ Damietta  အရှေ့အရပ်ရှိ ခရူးဆိတ်စစ်သားများ၏ စခန်းချရာသို့ ရောက်ရှိခဲ့သည်။ ဖရန်စစ်သည် ခရစ်တော်နှင့် ငြိမ်းအေးသာယာခြင်းကို ဟောပြောသည်။  Sultan Melek-el-Kamil နှင့် တွေ့ဆုံရန် ခရူးဆိတ်တို့၏ စခန်း မှ မွတ်ဆလင်စခန်းသို့ သွားလာရန် အခွင့် ရခဲ့သည်။ Sultan သည် ဖရန်စစ်အား သနားကြင်နာစွာနှင့် လက်ခံတွေ့ဆုံခဲ့သည်။ ထိုအပြုအမူနှင့် ဖရန်စစ်သည် အချင်းချင်းလူမဆန်စွာ ညှင်းပမ်းသတ်ဖြတ်နေသော အချိန်ကာလဝယ် မွတ်ဆလင် ကမ္ဘာနှင့် အထူး အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတစ်ရပ်ကို အစပျိုး လမ်းဖွင့်နိုင်ခဲ့သည်။ ယနေ့တိုင်အောင် ဤအပြန်အလှန် ဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်နိုင်ရန် ကြိုးစားအားထုတ်လျှက်ရှိနေပါသေးသည်။
နိုဝင်ဘာလ၊ ၅ရက်နေ့တွင် Damidtta မြို့သည် ခရူးဆိတ်စစ်သားများ၏ လက်တွင်း သို့ ကျရောက်ခဲ့သည်။ အောင်မြင်မှုရလဒ်၏ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာမြင်ကွင်းကို ဖရန်စစ်ကိုယ်တိုင်မြင်တွေ့သက်သေခံခဲ့သည်။ ဤအနိဋ္ဌာရုံကိုမြင်တွေ့ခဲ့ရသော ဖရန်စစ်သည် ငြိမ်းအေးသာယာခြင်း ပိုမိုလိုအပ်လာနေကြောင်းကို အခိုင်အမာ ယုံကြည်ခဲ့သည်။ ထို့နောက် ဖရန်စစ်သည် ဘုရားရှင်၏ သန့်ရှင်းမြင့်မြတ်သော နေရာများကို ဂါရဝပြုဖူးမျှော်ရန် ပါလက်စတိုင်းနိုင်ငံသို့ သွားကောင်းသွားခဲ့ပါလိမ့်မည်။
“ဖျာညီလာခံ”
အထက်တွင်ဖော်ပြထားခဲ့သည့်အတိုင်း Friars များသည်နှစ်စဉ် သန့်ရှင်းသော ဝိညာဉ် တော်ဆင်းကြွတော်မူသော ညီလာခံကျင်းပရာ Portiuncula ဘုရားကျောင်းသို့ ရောက် ရှိလာကြမည်ကို မျှော်လင့်နေခဲ့ကြသည်။ ညီလာခံအတွင်း ၌ ခင်မင် ရင်းနှီးမှုကို ပြန်လည်ပြုလုပ်ခြင်း၊ ဖရိုင်ယာတို့၏ ဘဝကျင့်စဉ်ကို ပြန်လည်သုံးသပ်ခြင်း၊ အတူတကွ ဆုတောင်းပဋ္ဌနာပြုခြင်းနှင့် သာသနာ လုပ်ငန်းအတွက် စီမံကိန်း ရေးဆွဲခြင်းများကိုပြုလုပ်ကြသည်။
၁၂၂၁ ခုနှစ်၊ မေလ၊ ၃ဝရက်နေ့တွင် ကျရောက်သော သန့်ရှင်းသော ဝိညာဉ်တော်ဆင်းကြွတော်မူသော ပွဲနေ့သည် မေ့မရနိုင်သော ရက်ဖြစ်သည်။ ဤညီလာခံသည် အလွန်ထူးခြားသော ညီလာခံဖြစ်၍ သမိုင်းတလျှောက်တွင် “ဖျာညီလာခံ”ဟု အမည်ထူးနှင့် တွင်ကျန်ရစ်သည်။ ဤအမည်သည် ညီလာခံသို့ လာရောက်ကြသော Friarများအတွက် တည်းခိုရန် အလျင်အမြန် ဆောက်လုပ်သော တဲအမြောက်အများမှ
ထွက်ပေါ်လာသည်။ St.Mary of the Angles ဘုရားရှိခိုးကျောင်း၏ ချိုင့်ဝှမ်းတွင် တဲစခန်းချနေထိုင်ခဲ့ကြသည့် ဖရိုင်ယာများမှာ ခန့်မှန်းချေအရ သုံးထောင်မှ ငါးထောင် အထိ ရှိခဲ့သည်။
ဤညီလာခံ၌ ဖရန်စစ်သည် သူ့ကိုယ်သူ ဤအသိုင်းအဝိုင်း၏ ဝိညာဉ်ရေးဖခင်နှင့်၊ သိမ်ငယ်နှိမ့်ချသော ဖရိုင်ယာတစ်ပါးအဖြစ်မိတ်ဆက်ခဲ့သည်။ သူ၏ အားနည်းချိနဲ့လှသော အသံကို များပြားလှသော ဖရိုင်ယာများမကြားနိုင်ခဲ့ကြပါ။ ထို့ကြောင့် Friar Elias သည် ကျယ်လောင်ကြီးမားသော အသံဖြင့် ဖရန်စစ်ကိုယ်စားပြောဆိုပေးသည်။ဤညီလာခံအတွင်း ဖရန်စစ်သည် ညီအစ်ကိုများအား (Regula non-bullata) ရေးသားပြီးသော စည်းမျဉ်းဥပဒေကို ပေးအပ်ခဲ့သည်။
ဥရောပမြောက်ပိုင်းသို့ သာသနာပြုသွားကြသော Friar များသည် ဘာသာစကားမတတ်ကျွမ်း၍ အခက်အခဲ၊ ဒုက္ခများကို ပြောပြကြသည်။ အထူးသဖြင့် ဟန်ဂေရီနိုင်ငံ၊ ဂျာမနီနိုင်ငံများတွင်ဖြစ်သည်။ ဤအခက်အခဲများကို သိရှိခဲ့ကြသော်လည်း ညီလာခံ၌ သာသနာပြုများကို ထိုနိုင်ငံများသို့ ဆက်လက်စေလွှတ်ရန် ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်။ ၁၃ရာစုနှစ် ရာဇဝင်မှတ်တမ်းထဲတွင် ဖရိုင်ယာတို့၏ သာသနာပြုဘဝ၏ ဝိညာဉ်ရေးမွေ့လျော်မှု၊ သာယာမှုတို့ကို  Giordano of Giano မှ မှတ်တမ်းတင်ရေး သားထားသည်ကို ဖတ်ရှုရသည်။
ဤရာဇဝင်မှတ်တမ်းမှ စာပိုဒ်တစ်ပိုဒ်သည် ကနဦး ဖရန်စစ္စကင်းတို့၏ ကမ္ဘာကို သရုပ် ဖော်ရေးသားထားသည်။ “ဖရိုင်ယာများသည် ဂျာမနီနိုင်ငံသို့ လာသောအခါ ဘာသာ စကားမတတ်ကျွမ်းသောကြောင့် တည်းခိုရန်နေရာ၊ စားသောက်ဖွယ်ရာများ (သို့)  အခြားလိုအပ်ရာများကို အမေးခံရသော အခါ ဖရိုင်ယာများက “ရား (ja)” ဟုဖြေခဲ့ သည်။ ဤစကားလုံး“ရား”ကြောင့် ဖရိုင်ယာများအား သနားကြင်နာစွာ ဆက်ဆံပြုစုခြင်းကို ခံရ၍ မည်သည့်မေးခွန်းမျိုးကိုမဆို အမေးခံရလျှင် “ရား(ja)”ဟုသာ ဖြေဆိုမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ အဖြစ်အပျက်တစ်ခုမှာ “သင်တို့သည် မိစ္ဆာဒိဋ္ဌိများလား
(Lombardy) လွမ်ဗာဒီကို ဖျက်ဆီးလိုက်သကဲ့သို့ ဂျာမနီနိုင်ငံကို လာရောက်ဖျက်ဆီးသလော ဟု အမေးခံရသော အခါ ဖရိုင်ယာများသည် “ရား(ja)” ဟုပြန်ဖြေလိုက်သောကြောင့် အချို့မှာ ဖမ်းဆီး၍ ထောင်အချခံရခြင်း၊ အချို့မှာ အဝတ်အလုံးစုံတို့ကို ချွတ်ခွာခံရ၍ ကိုယ်လုံးတီးနှင့် ညီအစ်ကိုများရှေ့တွင် ကစေပြီး၊ လူသူမြင်မကောင်း၊ အမြင်မတော်သော မြင်ကွင်းတစ်ရပ်ဖြစ်သွားခဲ့သည်။ (၁၃ရာစုနှစ် ရာဇဝင်မှတ်တမ်းမှ) Giordano of Giano သည် အဘယ်ကြောင့် ဂျာမနီသို့ သွားရန် ကြောက်ရွံ့နေခြင်းကို နားလည်ပေးနိုင်သည်။ အာပူးလီးယား(Apulia) ရှိ Garngano တောင်မှ Friar Palmerio ၏ နူးညံ့သိမ်မွေ့စွာ ဆွဲဆောင်ခြင်းကြောင့် Giordano of Giano မှာ မလွှဲမရှောင်သာဘဲ သွားလိုက်ရတော့သည်။
Friars များ အင်္ဂလန်နိုင်ငံတွင် အခြေချပြီး Friars များနှင့် ပတ်သက်သော ဆင်တူရိုး မှားရယ်စရာအဖြစ်အပျက်များလည်း ရှိခဲ့သည်။ ဤအဖြစ်အပျက်ကို Thomas of Eccleston က ရေးသား၍ မှတ်တမ်းတင်ခဲ့သည်။ ဤမှတ်တမ်းမှတ်ရာသည် အသေးစိတ် Friar အမည်နှင့် နေရာတို့ကို ရေးသားထား၍ ယနေ့မျက်မှောက်ခေတ် သတင်းစာကို ဖတ်ရသည်နှင့် တူသည်။
“ဒုက္ခဝေဒနာ ခံစားရသူ ဖရန်စစ်”
အများသိပြီးဖြစ်သော ကမ္ဘာတစ်ဝှမ်းလုံး၌ အသင်းဂိုဏ်းကြီးသည် ပျံ့နှံ့လျက်ရှိသည်။ ဖရန်စစ်က သူသည် ရိုသေနာခံရမည့် အကြီးအကဲတစ်ဦးထက် ဝိညာဉ်ရေးလမ်းညွှန်ဦးဆောင်ပေးရမည်ကို ခံစားရသည်။ ဖရန်စစ်သည် မည်သူတစ်ဦးတစ်ယောက်အပေါ်၌ မင်းမမူချင်ဘဲ အားလုံးကို အစေအပါး ပြုလိုသည်။ အစေအပါးပြုလို စိတ်ပြင်းထန်သောကြောင့် သူ၏ အသင်းဂိုဏ်း လှုပ်ရှားမှုတွင် အကြီးအကဲလုပ်ချင်သူများအား ထူးခြားသော အမည်ပေးခဲ့သည်။ အကြီး အကဲများသည် တာဝန်ထမ်းဆောင်သူများဖြစ်၍အကြီးအကဲတာဝန်နှင့် ဖရိုင်ယာများကိုပါ အစေအပါး ပြုကြရမည်။
ဖရန်စစ်သည် ပို၍ ဝိညာဉ်ရေး ဖခင်ဖြစ်လာနေသည်ကို အလွယ်တကူ သိရှိနိုင်သည်။မည်သည့်နေရာသို့ သွား၍ ဟောကြားစေကာမူ သူ၏ ဟောကြားချက်သည် ငြိမ်သက် အေးချမ်းပြီး၊ ငြိမ်းအေး သာယာခြင်းကို ဖြစ်ပေါ်စေသည်။
ဖရန်စစ်အတွက် ငြိမ်းအေးသာယာခြင်းသည် စစ်မက်တိုက်ခိုက်ခြင်းကင်းမဲ့သည်သာမက သူတည်ထောင် ထားသော အဖွဲ့အစည်း ကြီးသည် မှန်ကန်လျော်ညီစွာ လျှောက်လှမ်းခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူ၏ နောက်လိုက်များ သူ့ကို သတိရစေရန်နှင့် အသင်း ဂိုဏ်း တည်ထောင်ရန် ရရှိသော လှုံ့ဆော်မှုတို့ကို သူကိုယ်တိုင်နှုတ်တိုက်ချပေးပြီး ရေးသားထားသော အလှပဆုံးသက်သေ အထောက်အထား (Testament) ၌ “ဖွင့်ဟထုတ်ဖော်ချက်များ (Revelation)” ဟုခေါ်သော သူ၏ဘာသာရေး ဆိုင်ရာ အခြေခံများကို ညွှန်ပြထားသည်။
“ဘုရားသခင်၊ ကျွန်တော့်ကို ဖော်ပြတော်မူသည်” ဟုဆို၍ “သမ္မာကျမ်းစာ၏ စည်းမျဉ်းဥပဒေအတိုင်း ကျွန်တော်အသက်ရှင်နေထိုင်ရမည်။” တစ်ခုတည်းသော သက်သေ အထောက်အထား ၏ အခြားစာပိုဒ်၌ သူထည့်သွင်းရေးသားထားသည်မှာ “ဘုရား သခင်သည် ကျွန်တော့်အား ဤနှုတ်ခွန်းဆက် စကားကို ပြောရန် ဖော်ပြသည်မှာ ဘုရားသခင်သည် သင့်အား ငြိမ်းအေးသာယာခြင်းကို ပေးသည်။” ဟူ၏။ ဖရန်စစ်နှင့်သူ၏နောက်လိုက်များတို့၏ ဘဝအသက်ရှင်ပုံသည် သန့်ရှင်းသော သမ္မာကျမ်းစာ၏ စည်းမျဉ်းဥပဒေများကို လိုက်နာဆောင်ရွက်ကြခြင်းဖြစ်သည်။ နေပုံထိုင်ပုံ၊ ၎င်းတို့ ၏ပုံစံတို့သည် ငြိမ်းအေးသာယာခြင်းကို ကြေငြာနေသော ပုံပေါ်သည်။ ၎င်းသည်အရာတစ်ခုစီကို ကြေငြာခြင်းနှင့်၊ စကားလုံးနှင့် အဖြစ်အပျက်သည် ငြိမ်းအေးသာယာခြင်း၏အလင်းတော်၌ တွေ့မြင်ရည်။ ငြိမ်းအေးသာယာခြင်းသည် ကျွန်ုပ်တို့၏ ယေဇူးဘုရားရှင်၏ ကယ်တင်ခြင်း အမှုတော်၏ အကျဉ်းချုပ်ဟု သတ်မှတ်နိုင်ပါသည်။ ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော်ကြီးများအား ထင်ရှားပြလျက် “ငြိမ်းအေး သာယာခြင်းသည် သင်တို့ နှင့် အတူရှိပါစေ” ဟု နှုတ်ခွန်း ဆက်သခဲ့၏။ ခရစ်တော် ပြောဆိုသည်ကား လောကတွင် အသက်ရှင်နေထိုင်ခဲ့စဉ်က ဟောပြောခဲ့ခြင်းများနှင့် လုပ်ဆောင်ခဲ့သမျှအားလုံးတို့ကို “ငြိမ်းအေးသာယာခြင်း”ဟူသော စကားလုံးတစ်လုံး တည်းဖြင့် အဓိပ္ပါယ်ဖော်ဆောင်နိုင်သည်။ ဤသည်ကားသမ္မာကျမ်းစာတော်အတိုင်း အသက်ရှင်နေထိုင်ခြင်း၊ ကယ်တင်ခြင်း၊  သမိုင်းကို ကြေငြာခြင်း၊ (၎င်းသည် “ငြိမ်းအေးသာယာခြင်း”) ဖြစ်သည်။ ၎င်းသည်  ဖရန်စစ်အား စိတ်ဓာတ်တက်ကြွစေခြင်းလော။


ခရစ်သက္ကရာဇ် ၁၂၂၃ ခုနှစ် တွင် ဖရန်စစ်သည် (Rieti) ရီအေတီနှင့် မဝေးလှသော (Fontecolombo) ဖော်န်တေကိုလ်အိုသို့ ဆုတောင်းရန် သွားခဲ့သည်။ အရေးကြီးသော ဆုံးဖြတ်ချက်များကို မပြုလုပ်မီ နာရီပေါင်းများစွာဆုတောင်းပဋ္ဌနာပြုခြင်းသည် ဖရန်စစ် ၏ ကျင့်စဉ်အလေ့အထတစ်ခုဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းတာဝန်များမြောက်များစွာလုပ်ဆောင်ပြီးပါက ဆိတ်ကွယ်ရာအရပ်သို့ သွား၍ပြန်လည်သုံးသပ်ရန်အတွက် အနားယူရန် လိုအပ်ကြောင်းကို ခံစားခဲ့ရသည်။ ထို့နောက်ဖရိုင်ယာများဆီသို့ပြန်လာ ပြီး သူတို့၏ပြဿနာများ အတွက် ဖြေရှင်းချက် အမြောက်အများသယ်ဆောင်လာသည်။
 
ဖရန်စစ်တွေ့ကြုံ ရင်ဆိုင်နေရသည့် ပြဿနာမှာ ဘဝ၏ စည်းမျဉ်းဥပဒေ (Rule of Life) ကို ရဟန်းမင်းကြီး ထံမှ အတည်ပြုချက်ရယူရန်နှင့် ဖရိုင်ယာများကို ပေးအပ်ရန်ဖြစ်သည်။ ဤလုပ်ငန်းသည် မလွယ်ကူလှချေ။ ဖော်ပြခဲ့ပြီးသည့်အတိုင်း ဖရန်စစ်သည်ပြဿနာဖြေရှင်းရန်(သို့) လမ်းညွှန်မှုကို တွေ့ရှိရန် ဆိတ်ကွယ်ရာအရပ်သို့ သွားလေ့ရှိသည်။ Fentecolombo သို့ ထွက်ခွာသွားခြင်းသည် ဤအမှုကို ပြုလုပ်ရန်သာ ဖြစ်သည်။
ထိုအချိန်အတောအတွင်း ဖရန်စစ်သည် Pentecost  ညီလာခံ၌ တင်ပြရန် ဥပဒေကို ရေးသားခဲ့သည်။ ထိုဥပဒေကို အမိအသင်းတော်ကြီး၏ အတည်ပြုချက်ကို မတောင်းခံမီ Friar များ၏ စဉ်းစား ဆင်ခြင် သုံးသပ်ပြီး လက်ခံမှုကို ရယူရသည်။
ထိုညီလာခံ၌ ပါဝင်ကြသော ဖရိုင်ယာများသည် ဥပဒေ၌ အချို့ကိုဖြည့်စွက်ခြင်းနှင့် အချို့ကိုပြင်ဆင်ခြင်းများပြုလုပ်ကြသည်။ ဖရန်စစ်မိတ်ဆွေနှင့် ကာကွယ်စောင့်ရှောက် ပေးသူ Cardinal Hugolino သည် ကာနွန်ဥပဒေပညာရှင်ဖြစ်၍ အသင်းတော်၏ ဥပဒေနှင့် ကိုက်ညီသည့် ဥပဒေများကို ရေးသားပေးခဲ့သည်။ ထိုဥပဒေကို ရဟန်းမင်းကြီး တတိယမြောက် Honorius မှ ၁၂၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် (Solet Annurer) ခေါင်းစဉ်ဖြင့် တရားဝင်အတည်ပြုပေးခဲ့သည်။
တရားဥပဒေအရကြည့်လျှင် အစီစီမှ နောင်တစွဲသူများ၏ လှုပ်ရှားမှု (အသင်းဂိုဏ်း၏ကနဦးအမည်) (သို့) The Order of Friars Minor  (ဒုတိယအမည်) သည် အမိအသင်းတော်၏ အတည်ပြုချက်ကိုပြည့်ပြည့်ဝဝရရှိခဲ့သည်။ အမိအသင်းတော်၌ အသင်းတော်နှင့် သက်ဆိုင်သော အဖွဲ့အစည်း အသစ်တစ်ခု ပေါ်ထွက်ခဲ့လေပြီ။
ဤအဖြစ်အပျက်အတွက် ဝမ်းမြောက်ရွှင်လန်းခြင်းသည် ဖရန်စစ်အား ဆိတ်ကွယ်ရာအရပ်သို့ တဖန်ပို့ဆောင်ခဲ့လေပြီ။ ဤတစ်ကြိမ်တွင် Fontecolombo နှင့် မဝေးလှသော Greccio သို့ သွားရောက်သည်။
ဤနေရာ၌ ဖရန်စစ်သည် ထူးခြားသော၊ ပြင်းပြသော၊ ဆုတောင်းမေတ္တာအတွေ့အကြုံကို ခံစားရရှိခဲ့သည်။ ခရစ္စမတ်လည်း နီးကပ်လာပြီ။ ဖရန်စစ်၏စိတ်ကူးစိတ်သန်းထဲတွင် ယုံကြည်ကိုးစားသဒ္ဒါကြည်ညိုသော၊ ခရစ်တော်လူ့အဖြစ်ကို ယူတော်မူသော နက်နဲရာအချက် သည် မွှေနှောက်လှုပ်ရှား လျက် နိုးကားတက်ကြွစေသည်။ ခရစ်တော်မွေးဖွားသော အချိန်၌ ဆင်းရဲခြင်းကို ဖရန်စစ်မြင်တွေ့လိုသည်။မြည်းစမ်းလိုသည်။မြည်းတစ်ကောင်နှင့် နွားထီးတစ်ကောင် အရေးပါအရာ မရောက်သော သတ္တဝါနှစ်ကောင်သာ ယေဇူးမွေးဖွားရာနွားတင်းကုပ်၌ရှိနေသည်။ ဘက်သလေဟင်မြို့၌ သူငယ်တော်ယေဇူးလေး၏ ဒုက္ခဆင်းရဲကို အတတ်နိုင်ဆုံး တို့ထိနိုင်သလောက်တို့ထိ လိုသည်။ တွေ့မြင်လိုခြင်းနှင့် ထပ်တူထပ်မျှခံစားလိုသည်။
နောင်အခါတွင် သူ၏ဆရာသခင်ယေဇူး၏ဒုက္ခစရိယာကိုမြည်းစမ်းရန် လိုအပ်သည်ကို သူခံစားလာပါလိမ့်မည်။ ခရစ်တော်၏ ဒုက္ခစရိယာခံထမ်းခြင်းကို လျှောက်လှမ်းနိုင်ရန်၊နည်းလမ်းတစ်ခုကို လိုလားသည်။ ဤဖြစ်ရပ်သည် (Alverna) တွင်ဖြစ်လာပေလိမ့်မည်။
ထိုခရစ္စမတ်ည၌ ဆင်းရဲသောနေရာတစ်ခုကို တောင်းကာ၊ ဘက်သလေဟင်ပတ်ဝန်း ကျင်အဖြစ်အပျက်ကိုပြန်လည်အမှတ်ရစေရန် ကောက်ရိုးတစ်ခုနှင့် တိရိစ္ဆာန် နှစ်ကောင်ကို လည်း ထည့်ထားသည်။ ထို့နောက်ဖရန်စစ်သည် Friar များနှင့်လူအများကို ခရစ္စမတ်ညကိုပြန်လည် သရုပ်ဆောင်သော အခမ်းအနားတွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ မစ္ဆားတရားပူဇော်ခြင်း အခမ်းအနားလည်း ရှိရာ ဖရန်စစ်သည် ဦးပဉ္ဇင်းကြီးအဖြစ်နှင့် ဘုရား၏ နှုတ်ကပတ်တော်ကို သီဆို၍ သြဝါဒပေးခဲ့သည်။ ဤနည်းအားဖြင့်ဖရန်စစ်သည် ခရစ္စမတ်၏မွေးဖွားခြင်းမြင်ကွင်းကိုအသုံးပြုရန် တွန်းအားအသစ်ပေးခဲ့ သည်။ ယေဇူးဘုရား၏မွေးဖွားခြင်းကို ပုံအတုယူလိုသော၊ ပြည့်ဝသော နှလုံးသားနှင့် ဖရန်စစ်သည် ခရစ်တော်နှင့် ကိုက်ညီသည့် ထူးခြားသော ဝိညာဉ်ရေးလမ်းစဉ်ကို အသက်ရှင်နေထိုင်ခဲ့သည်။
တစ်နှစ်မကြာမီ ဖရန်စစ်သည် La Verna တောင်ပေါ်သို့ သွားကာ ခရစ်တော်၏ ဒုက္ခစရိယာအကြောင်းကို ကမ္မဋ္ဌါန်းထောက်ရှုခဲ့သည်။
La Verna တောင်ပေါ်တွင် ဖရန်စစ်၏ ဆုတောင်းပဋ္ဌနာသည် ခရစ်တော်၏ ဒုက္ခစရိယာ ကိုသာ အဓိက ရည်ညွှန်းသည်။ “Fioretti” စာအုပ်ထဲရေးသားထားသည်မှာ ဒုက္ခဝေဒနာစတင်ခံစားနေရသော အတွေ့အကြုံ၌ ရဟန္တာကိုယ်တော်တိုင်၏ နှုတ်မှ“အိုသခင်ဘုရား တပည့်တော်မသေဆုံးမီ ဆုကျေးဇူးနှစ်ခုကို မစပါရန် အသနားခံပါသည်။ ပထမတစ်ခုမှာ တပည့်တော် အသက်ရှင်နေသေးသော ကာလဝယ်နာကျင်မှု၊ ချိုသာသော ယေဇူးကိုယ်တော် တိုင် မဟာဒုက္ခစရိယာ ခံထမ်းနေချိန်၌ ခံထမ်းခဲ့ရ သော နာကျင်မှုကို တပည့်တော်၏ ဝိညာဉ်၌ ခံစားတွေ့ကြုံရသကဲ့သို့ ကိုယ်ခန္ဓာ၌လည်း တွေ့ကြုံခံစားခွင့်ကို အသနားခံပါ၏ဘုရား။ ဒုတိယအနေနှင့် တပည့်တော်တို့အပြစ်သားများအတွက် မဟာ ဒုက္ခစရိယာကို လိုလိုလားလားခံထမ်းရန် တိုက်တွန်းနှိုးဆော်ပေးသည့် အတိုင်းထက်အလွန်ကြီးမားလှသည့် ချစ်ခြင်းမေတ္တာကို ကိုယ်တော်အခွင့်ပြုတော်မူပါလျှင် တပည့်တော်၏ နှလုံးသားထဲ၌ တွေ့ကြုံခံစားရလိုပါ၏ဘုရား” ဟု တောင်းလျှောက်ခဲ့၏။
ဖရန်စစ်အတွက် ခရစ္စမတ် အတွေ့အကြုံခံစားရပြီးနောက် ကာလဝါရီတောင်၏ ဒုက္ခ ဝေဒနာကို တွေ့ကြုံခံစားရန် လိုအပ်သည်။ သူသည် ဆုတောင်းပဋ္ဌနာ၊ ပီတိ သောမနတစိတ်ဖြစ်ပွားခဲ့သည်။ သူသည် ကမ္ဘာလောကကြီး၏ပျက်စီးတတ်သော ရုပ်ဝတ္ထုပစ္စည်းများကို မျက်ကွယ်ပြုလျှက် ဒုက္ခဝေဒနာတို့ကို ချိုသာသော အနမ်းကဲ့သို့မြည်းစမ်းတွေ့ရှိခဲ့သည်။ နက်နဲဘွယ်ရာများကိုမြင်တွေ့နိုင်ရန် မှိတ်ထားသော မျက်လုံးများရှေ့တွင် ဆေရာဗိင်သိကြားမင်း၏ အတောင်များနှင့် ကိုင်မြှောက်ထားသော လက်ဝါးကားတိုင်ပေါ်လာသည်။ ဆေရာဗိင်သိကြားမင်း၌ အတောင်ခြောက်ခုရှိပါသည်။ နှစ်ခုမှာ ဦးခေါင်းကို ဖုံးရန်၊ နှစ်ခုမှာ ပျံသန်းရန်နှင့် နှစ်ခုမှာ ခြေထောက်ဖုံးရန်ဖြစ်သည်။ လက်ဝါးကားတိုင်၏ အလယ်၌၊ ကားစင်တင်ထားသော လူတစ်ယောက်၏ ပုံသဏ္ဍာန်ရှိသည်။
 
၎င်းသည် အံ့သြဘွယ်ကောင်းခြင်းနှင့် နာကျင်ခြင်း၏ အဖြစ်မှန်ဖြစ်သည်။ လက်ဝါးကားတိုင်သည် တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားခဲ့သော်လည်း ပီတိသောမနတစိတ်ပွားနေသော ဖရန်စစ်၏ လက်ဖဝါးနှစ်ဖက်လုံး၌ ဒဏ်ရာနှစ်ခု၊ခြေဖဝါးနှစ်ခု၌လည်း ဒဏ်ရာနှစ်ခုနှင့် နံဘေးတော်၌ ဒဏ်ရာချက်တစ်ခုသည် လှံနှင့် ထိုးဖောက်ထားသည်နှင့်တူ၏။ ဤသည်ကား ကျွန်ုပ်တို့ ယေဇူးဘုရား၏ ဒဏ်ရာတော်ငါးချက်ဖြစ်၍ အပြစ်သားများကို ချစ်ခြင်းမေတ္တာပြသရာ၌ ခံစားရသည့်ဝေဒနာများကို အပြင်းထန်ဆုံးဖော်ထုတ်ခြင်းဖြစ်ပါသည်။
ခရစ္စတူးဘုရား၏ ဒဏ်ရာတော်ငါးချက်၏ နာကျင်မှုသည်ဖရန်စစ် ၏ နေ့စဉ်ဘဝနှင့် သေဆုံးသည်တိုင်အောင် လိုက်ပါသွားပေတော့မည်။ ဤဒုက္ခဝေဒနာသည် ဖရန်စစ် အတွက် ချစ်စရာကောင်းသော၊ ချစ်ဖွယ်ရာ၊ အတုခိုးဖွယ်ရာ၊ ခရစ်တော် ဖြစ်စေခဲ့ပါသည်။
အများ၏ အဆိုစကားအရ ခရစ်တော် သေဆုံးသော အခါ ဂေါလ်ဂေါသ ကျောက်တုံးကြီး သည်လည်း ကြောက်ရွံ့တုန်လှုပ်ခြောက်ခြားခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော LaVerna  တောင်ရှေ့ရှိ အက်ကွဲနေသော ကျောက်တုံးကြီး၌ ဤတစ်ခုတည်းသော ထူးခြားသော အဖြစ်အပျက်ဖြစ်ပေါ်ခဲ့သည်။ ဤအဖြစ်အပျက်သည် ၁၂၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည်။
 
ဖရန်စစ်သည် La Verna တောင်ပေါ်၌ ရက်အတန်ကြာဆက်လက်နေထိုင်ခဲ့ပြီး၊ သူ၏ တစ်ခုတည်းသော ထူးခြားသော ဒုက္ခစရိယာ အတွေ့အကြုံကို အလေးအနက်ဆင်ခြင်သုံးသပ်ရန်ဖြစ်သည်။ ထို့နောက် စက်တင်ဘာလကုန်သော အခါ Portiuncula ဘုရားကျောင်းသို့ လိုက်ပို့ စောင့်ရှောက်ရန် ဖရန်စစ်တောင်းဆိုခဲ့သည်။ ဖရန်စစ်သည် သူတစ်ဦးတည်း ရွေ့လျား၍ လမ်းလျှောက်၍မရတော့ပါ။ ဒဏ်ရာငါးချက်နှင့် အဖျားသည် ဖရန်စစ်အား မျက်စိကွယ်စေ၍ မြည်းကို စီးခဲ့ရတော့သည်။ မြည်းကိုခွစီးပြီး
အခြား ဖရိုင်ယာများအား တားမြစ်ထားသော အထူး အခွင့် အရေးကို အသုံးပြုရန် ရှက်နေသော ကြောင့် မျက်လွှာများကို အောက်ချလျက် အောက်သို့သာ စိုက်ကြည့်နေလေသည်။
ဖရိုင်ယာ အဖွဲ့ငယ်လေး တစ်ဖွဲ့သည် Tuscany မှ Umbreia သို့ ချိုင့်ဝှမ်းများ၊ အခင်းများ ကို ဖြတ်ကျော်၍ သွားခဲ့သည်။ လူအများသည် La Verna  တောင်ပေါ်၌ ဖြစ်ပျက်ခဲ့သော အံ့ဖွယ်တန်ခိုးတော် အကြောင်းကို ကြားသိခဲ့ရ၍ ဖရန်စစ်ရရှိခဲ့သော ကောင်းချီးတော်ကို နှစ်သက်ကြည်ညိုလို၍ လမ်းပေါ်၌ စီတန်းနေကြသည်။ သူ၏ သိမ်ငယ်နှိမ့်ချခြင်းသည် သူ့အား ကြည်ညိုကိုင်းရှိုင်းမှုပြုသမျှကို မမြင်နိုင်ခဲ့ချေ။ San Sepolcro  ရွာထဲတွင် သူ့အား“ဒီမှာ ရဟန္တာသူတော်စင်ကြွလာပြီ” ဟူသောကြွေးကြော်သံနှင့် နှုတ်ခွန်းဆက်ခဲ့ကြသည်။ ဖရန်စစ်သည် ဘုရားရှင်၌သာ အာရုံနစ်မွန်းနေသောကြောင့်၊သူ့အား လူအများအလွန်အကျူး ချီးမွမ်းနေသည်ကို သတိမမူမိပါ။
St.Mary of the Angels ဘုရားရှိခိုးကျောင်းသို့ ရောက်သောအခါ အံ့သြဖွယ်ရာ နောက်တစ်ခုဖြစ်ပေါ်ခဲ့သည်။ ဤအကြောင်းအရာကို Fioretti စာစောင်၌ ရေးသား ထားသည်။ Friar Leone သည် St.Mary of the Angels သို့ ရောက်ခါနီးသောအခါ ရဟန္တာ၏ အရှေ့မှ အလှပဆုံးသော လက်ဝါးကားတိုင်တစ်ခု ဦးဆောင်သွားနေသည်ကိုမြင်လိုက်ရသည်။ ၎င်းလက်ဝါးကားတိုင်သည် ဘက်သလေဟင်မြို့သို့ ပညာရှိ မင်းကြီးသုံးပါးအား လမ်းပြဦးဆောင်နေသော ကြယ်ကဲ့သို့ လမ်းပြနေသည်။
အလှပဆုံးသော လက်ဝါးကားတိုင်သည် ဖရန်စစ် Portiuncula ဘုရားကျောင်းလေးထဲ သို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ပျောက်ကွယ်သွားခဲ့လေသည်။
ဖျားနာခြင်းသည် ဖရန်စစ်အား ဘုရားရှင်၏ စပျစ်ဥယျာဉ်တွင် အမှုထမ်းရန် တားဆီးခဲ့လေပြီ။ ထို့ကြောင့် ဖရန်စစ်၏ ဘဝတစ်လျှောက်လုံးသည် ဆုတောင်း ပဋ္ဌနာပြုခြင်းနှင့် ကမ္မဋ္ဌါန်းထောက်ရှုခြင်းဖြင့် အပ်နှံပူဇော်ခဲ့သည်။ ထို့အပြင် ဖရိုင်ယာများ ဧဝံဂေလိတရားဟောကြားရာတွင် အသုံးပြုရန် စာများရေးသား၍ သူတို့အား ပေးအပ်ခဲ့သည်။
The Legond of Perugia အခန်း၎ဝ ၌ ဖော်ပြထားသည်မှာ ၁၂၂၅ ခုနှစ်၊ မတ်လကုန် ပိုင်းသို့ရောက်သောအခါ ဖရန်စစ်သည် San Damiano  ဘုရားရှိခိုးကျောင်း တွင် နှစ်လခန့်အနားသွားယူခဲ့သည်။ ထိုနေရာ၌ ဖရန်စစ်အား ကလဲနှင့် သူမ၏ အဖော်သီလရှင်များက ပြုစုစောင့်ရှောက်ခဲ့ကြသည်။
ဖရန်စစ်မျက်လုံးထဲတွင် ရေတိမ်စွဲကပ်လာသောကြောင့် နေ့အခါ၌ နေမင်း၏ အလင်း ရောင်ကို မကြည့်ရှုနိုင်သကဲ့သို့ ညအခါ၌ ထွန်းညှိထားသော မီးအလင်းရောင်ကိုလည်းမခံနိုင်ဖြစ်ခဲ့ရသည်။
တစ်ည၌ နာကျင်မှုဒဏ်ကို ခံနိုင်စွမ်းရည်လုံးဝမရှိတော့၍ ဖရန်စစ်သည် ဘုရားသခင်ထံ အနည်းငယ်ညည်းတွားမြည်တမ်းခဲ့သည်။ “အိုဘုရားသခင် တပည့်၏ ဖျားနာခြင်း၌ လာရောက်ကူညီတော်မူပါ။ သို့မှသာလျှင် တပည့်တော်သည် စိတ်ရှည်သည်းခံခြင်းဖြင့် ခံထမ်းနိုင်ပါလိမ့်မည်” ဟု ညည်းတွားလေ၏။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် ဖရန်စစ်အတွက် ဘုန်းတော်ဂုဏ်တော် စောင့်မျှော်နေသည်ကို သတိပေးလျှက် နက်နဲစွာတုံ့ပြန်တော်မူ၏။ ဖရန်စစ်သည် ဝေဒနာခံစားနေရသည့်အချိန်တွင် သံပေါလူး၏စကားများကို ဝါကျတစ်ခုတည်းဖြင့် စုစည်းကာ ထင်ပေါ်ကျော်ကြားအောင်ပြုလုပ်ခဲ့သည့် အကြောင်းကို သတိရသင့်သည်။ “ငါစောင့်စားနေသည့် ကောင်းမြတ်ခြင်းသည်အလွန်ကြီးမားသဖြင့်၊ နာကျင်ခြင်း မှန်သမျှသည် ငါ့အတွက် သာယာကြည်နူးခြင်းဖြစ်လာသည်။” အလွန်ရွှင်မြူးနေသော ဖရန်စစ်သည် သူ၏ ဖရိုင်ယာများအား သူအလွန်ပျော်ရွှင်ကြောင်းပြောပြခဲ့သည်။ ထိုအချိန်၌ သီချင်း တစ်ပုဒ်ကို အလိုအလျောက်သီဆိုလေ တော့သည်။ ထိုသီချင်းကို သူ၏ ဖရိုင်ယာများ ရေးသားခဲ့သည်။ ဤသီချင်းကိုCanticle of the creatures ဟု ခေါ်သည်။


*အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူ၍ မြင့်မြတ်ရာ ကောင်းကင်၌ စံနေတော်မူသော ဘုရားဘုန်းတော်၊ ဂုဏ်တော်နှင့် ကောင်းချီးမင်္ဂလာအဖြာဖြာတို့ကို အရှင်မြတ်သာပိုင် တော်မူ၏။ အရှင်တစ်ပါးတည်းသာပိုင်တော်မူပြီး အရှင်၏မြင့်မြတ်မှုကို မည်သူမျှ ဖော်ပြရန် မတတ်စွမ်းမထိုက်တန်ပါ။
*ကိုယ်တော်ရှင်ဖန်ဆင်းထားသော အရာအားလုံး၌ အထူးသဖြင့် အစ်ကိုနေမင်း၌ အရှင်မြတ်အား ချီးမွမ်းထောပနာ ရှိပါစေသား။ နေမင်း၏ လှပတင့်တင်ခြင်း၊ ရောင်ခြည်တော်နှင့် ဝင်းပခြင်း၊ အလင်းရောင်ပေးခြင်းတို့သည် အမြင့်မြတ်ဆုံးသော အရှင်သခင်အား သဏ္ဍာန်ဆောင်ထားပါသည်ဘုရား။
*ညီမများဖြစ်သော စန္ဒာလမင်းနှင့် ကြယ်တာရာများ၌လည်း ကိုယ်တော်ရှင်အားချီးမွမ်းထောပနာရှိပါစေ။ အထက်ကောင်းကင်ဘုံ၌ ဖန်ဆင်းထားတော်မူပြီးတောက်ပခြင်း၊ အဖိုးထိုက်တန်လှခြင်း၊ လှပခြင်းနှင့် တင့်တယ်လှပါသည်ဘုရား။ ညီအစ်ကိုတော်များဖြစ်သော လေ၊ မိုးတိမ်နှင့် ရာသီဥတုတို့၌လည်း အရှင်သခင်အား ချီးမွမ်းထောပနာပြု ပါသည်။ လေ၊ မိုးတို့ဖြင့် ကိုယ်တော်၏ သတ္တဝါအပေါင်းတို့ကို စောင်မတော်မူပြီ။
*လွန်စွာအသုံးဝင်လျက် မရှိမဖြစ်သော၊ နှိမ့်ချလှသော၊ ကြည်လင်သန့်စင်လျက်၊  ကျက်သရေနှင့် ပြည့်စုံသော နှမငယ် ရေ၌လည်း ကိုယ်တော်ရှင်အား ချီးမွမ်းထောပနာ ရှိပါစေ။
*အမှောင်ကိုလင်းစေလျက် ရွှင်မြူးလှပတင့်တယ်၍ ခွန်အားကြီးမားလှသော အစ်ကိုတော်မီး၌လည်း ကိုယ်တော်အား ချီးမွမ်းထောပနာရှိပါစေ။ သတ္တဝါအပေါင်းတို့ကို ပြုစုကျွေးမွေးထောက်မပြီး စုံလင်သော သီးနှံ၊ ပန်းမာလ်၊ ဆေးမြစ်တို့ကို ပေးသနားသောအစ်မတော်မိခင်မြေကြီး၌လည်း ကိုယ်တော်အား ချီးမွမ်းထောပနာရှိပစေသော်။
San Damiano ၌နေထိုင်သောအချိန်အတွင်း၊ ဖရန်စစ်၏ ကျန်းမာရေးသည် ကောင်း မွန်တိုးတက်လာခြင်းမရှိခဲ့ချေ။ သူ၏မိတ်ဆွေ သူငယ်ချင်း၊ Cardinal Ugolino သည် ဖရန်စစ်အတွက် ပူပန်သောကြောင့်၊ ရဟန်းမင်းကြီးကို ကြည့်ရှုသော ဆရာဝန်နှင့်ပြသကာ စမ်းသပ်စစ်ဆေးစေလိုခဲ့၏။ ထိုအချိန်၌ ရဟန်းမင်းကြီး၏ ရုံးတော်သည် Rieti ၌ရှိ၏။
ရဟန်းမင်းကြီးရုံးတော်မှ ဆရာဝန်၏စမ်းသပ်စစ်ဆေးမှုမှာ ဖရန်စစ်အတွက် ကာလ်ဝါရီ တောင်တစ်ခုဖြစ်ခဲ့၏။ အလွန်ပင်ပန်းအားစိုက်ရသော ခရီးစဉ်နှင့် ဆရာဝန်ညွှန်ကြားသည့် ကုသမှုတို့ကြောင့် ဖရန်စစ်ဝေဒနာ ပြင်းစွာခံရသည်။ သူ၏ နားထင်တွင် နီရဲအောင်အပူပေးထားသော သံနှင့် ကပ်ပေးသည်။ ဤနည်းသည် ထိုခေတ်အချိန်၌ ပြင်းထန်သော ရောဂါ ကုထုံးနည်းလမ်းဖြစ်သည်။
ဖရန်စစ်သည် ပူလောင်နေသော သံ၏အပူဒဏ်ကို ခံစားရသောအခါ ရိုးသားသော ကလေးငယ်တစ်ဦးကဲ့သို့ အော်ဟစ်ကြွေးကြော်သည်မှာ “အစ်ကိုတော်မီး၊ ကျွန်တော့် အား သင့်ကိုယ်ကို ချိုချိုသာသာနှင့် သိမ်မွေ့နူးညံ့စွာပြပါ။ ဒုက္ခဝေဒနာကို ကျွန်တော်ခံထမ်းနိုင်သည်ထက် ပို၍ ကျွန်တော့်ကို မလောင်စေပါနှင့်။” ဟုဆို၏။ ဆေးကုထုံးအဆင့်ဆင့်သည် အလွန်ငြင်သာ၍ ဖရန်စစ်သည် ဆရာဝန်များအား အကယ်၍ ခွဲစိတ် ကုသမှုကိုပြန်ပြုလုပ်ရန် လိုအပ်ပါကပြုလုပ်နိုင် သည်ဟု ပြောဆိုခဲ့သည်။
ဤမျှလောက် နာကျင်စွာ ကုထုံးကုနည်းသည် ဖရန်စစ်အားပြန်လည်ကျန်းမာလာရန် အထောက်အကူမဖြစ်ခဲ့ပါ။ ကျန်းမာရေးအတွက် လေကောင်းလေသန့်ကောင်းသည်ဟု ထင်ပေါ်ကျော်ကြားသော Siena မြို့သို့ ဖရန်စစ်ကို ပို့လိုက်ကြသည်။ Siena မြို့၊လေကောင်းလေသန့်သည်လည်း ဖရန်စစ်ကို မကယ်နိုင်ခဲ့ပါ။ တစ်ညတွင်သေခြင်းနှင့်နီးကပ်လာပြီဟု ခံစားရ၍ သူ၏ သက်သေအထောက်အထား ကို ရေးသားခဲ့သည်။ (၎င်းသည် Siena Testament ဟု အမည်တွင်သည်) ၎င်းတွင် နူးညံ့သိမ်မွေ့သော စကားလုံးအနည်းငယ်မှာ “ကျွန်ုပ်၏မှတ်ဉာဏ်၊ကောင်းချီးမင်္ဂလာနှင့် သက်သေ အထောက်အထားတို့ကို တန်ဖိုးထား လေးစားသောအားဖြင့်၊ ကျွန်တော်သည် Friar များကို ချစ်သကဲ့သို့ ဖရိုင်ယာများလည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစားကြရမည်။ မယ်ဆင်းရဲကိုလည်း ဖရိုင်ယာများသည် အစဉ်ချစ်ခင်၍ ရိုသေလေးစားကြရမည်။ ဖရိုင်ယာများသည် ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများနှင့် အမိအသင်းတော်ကိုလည်း ငြိမ်းအေးသာယာသောစိတ်ထားနှင့် သစ္စာစောင့်သိကြရမည်။” ဟုဖြစ်၏။
Siena မြို့၌ ဖရန်စစ်ပျံလွန်တော်မမူဘဲ အစီစီမြို့သို့ ပြန်လှည့်လာခဲ့၏။ ဖရန်စစ်ကိုသယ်ဆောင်လာသော ဖရိုင်ယာများသည် ဖရန်စစ်အား ရဟန္တာအဖြစ် လက်ခံမှတ်ယူ၍ သူတို့၏ မြို့၌ ပျံလွန်တော်မူကာ အလောင်းတော်အား အလေးအမြတ်ဂုဏ်ပြုခြင်းကို တောင်းဆိုနိုင်ရန် ရည်ရွယ်နေကြသောနေရာ၊ မြို့ရွာများကို ရှောင်ရှားကြရသည်။ ထိုခေတ်အချိန်အခါ၏ ဓလေ့ထုံးတမ်းတစ်ခုဖြစ်သည်။
အစီစီမြို့အနီးသို့ရောက်လာသောအခါ ပြည်တွင်းအာဏာရှိသူတို့၏ အမိန့်အရ ဖရန်စစ်သည် အစီစီမြို့သို့ စစ်တပ်အစောင့်အကြပ်နှင့်ရောက်ရှိလာသည်။ အစီစီမြို့တွင် ဖရန်စစ်၏ ဆန္ဒအရ St.Mary of the Angels ဘုရားကျောင်းသို့ မခေါ်သွားကြဘဲဆရာတော်ကြီးကျောင်းကို ခေါ်ဆောင်သွားကြသည်။ ၎င်းသည်ရဟန္တာ၏ ကိုယ်ခန္ဓာကို သူခိုးများရှာဖွေခိုးယူခြင်းမှ ကာကွယ်သော နည်းလမ်းတစ်ခုဖြစ်သည်။
ထိုတိတ်ဆိတ်သော နေရာတွင် ဖရန်စစ်သည် အလဟဿမနေဘဲ ဆုတောင်းပဋ္ဌနာပြုခြင်းအပြင် သူ၏ ဇာတိချက်ကြွေမြို့ကလေးကို စောင့်ကြည့်ရှုလျက် ငြိမ်းအေးသာယာခြင်းဆုကျေးဇူးကို ပေးကမ်းလိုသော ဆန္ဒရှိနေသည်။ အကြောင်းမှာ ဆရာတော်ကြီးနှင့် မြို့ဝန်တို့သည် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲနေကြသောကြောင့်တည်း။
ဖရန်စစ်သည် ငြိမ်းအေးသာယာခြင်းနှင့်ပြန်လည်ကြေအေးသင့်မြတ်ခြင်း တို့ကို သူ့ ကိုယ်ပိုင်နည်းလမ်းအသုံးပြုသည်။
ဖရန်စစ်အား ကြည်ညိုလေးစားသော မြို့ဝန်ကို သူ့ထံသို့ လာရန် ဖိတ်ခေါ်လျှက် ဆရာတော်အားလည်း သူ့ထံလာရောက်ပါရန် အနူးအညွတ်အသနားခံခဲ့သည်။ ဖရန်စစ်နှင့်သူတို့နှစ်ဦးလုံး အတူရှိနေစဉ် ဖရိုင်ယာအချို့ကို ခေါ်လျှက်ဤရည်ရွယ်ချက်အတွက်ပြင်ဆင်သီကုံးစပ်ဆိုထားသော ဓမ္မတေးသီချင်းထဲမှ တစ်ပိုဒ်ကို သီဆိုစေခဲ့သည်။
ဘုရားရှင်ကို ချစ်ခင်မြတ်နိုးသောကြောင့် ဤသူတို့အားဖြင့် ခွင့်လွှတ်ခြင်းကို ပေးသနားတော်မူသော သူအားဖြင့် နာမကျန်းနှင့်စုံစမ်းစစ်ဆေးခြင်းကို ကြံ့ကြံ့ခံနိုင်သော  သူအားဖြင့် ကိုယ်တော်ရှင် အားချီးမွမ်းထောပနာရှိပါစေ။
ငြိမ်းအေးသာယာခြင်းနှင့် ကြံ့ကြံ့ခံနိုင်သောသူတို့သည် ရွှင်လန်းဝမ်းမြောက်ခြင်းရှိကြ၏။ သူတို့အား အမြင့်မြတ်ဆုံးသော ဘုရားရှင်သည် သရဖူကို ဆောင်းပေးပါလိမ့်မည်။
ဖရန်စစ်သည် အခြားမည်သည့်နည်းလမ်းနှင့် မျှ မဖြစ်နိုင်သော အံ့ဖွယ်နိမိတ်လက္ခဏာကို ပိုင်ဆိုင်ရရှိသွားခဲ့သည်။ ဖရန်စစ်၏ ငြိမ်းအေးသာယာခြင်းနည်းလမ်းသည် အခက်အခဲများအားလုံးကို တစ်ကြိမ် ပြန်လည်အောင်မြင်မှုကို ရှိခဲ့သည်။
ဖရန်စစ်သည် ဖရိုင်ယာများ၊ လူအများတို့နှင့်အတူ အချိန် အနည်းငယ်နေခဲ့သည်။ နောက်ဆုံးတွင် ဖရန်စစ်ကို St.Mary of the Angels သို့ ခေါ်ဆောင်သွားကြသည်။ ဤနေရာသည် ဖရန်စစ်၏ နှလုံးသားရှိရာနေရာ၊ သူ့ဘဝကို နိဂုံးချုပ်လိုသောဆန္ဒရှိ သည့်နေရာဖြစ်သည်။ ဤနေရာသည် မယ်တော်မာရီယား၏ ကောင်းချီးမင်္ဂလာနှင့်ဘဝကို အစပြုခဲ့သော နေရာလည်းဖြစ်သည်။
အစီစီမြို့မှ ချိုင့်ဝှမ်းဒေသများသို့ ဖရန်စစ်ကို ရွှေ့ပြောင်းသယ်ဆောင်သွားနေစဉ် သူ၏ ထမ်းစင်ကို အစီစီမြို့ဘက်သို့ မျက်နှာမူပေးပါရန် တောင်းခံခဲ့သည်။ စက်တင်ဘာလ၊ ညနေခင်း၏ နေသည် အစီစီမြို့လေးကို လွှမ်းခြုံထားသောကြောင့် ထင်ထင်ရှားရှားမြင် နေရပါသည်။ ဖရန်စစ်သည် အစီစီမြို့ကို ကောင်းချီးမင်္ဂလာတေးသီချင်းလေးနှင့် ကောင်းချီးပေးခဲ့ပါသည်။ ဤတေးသီချင်းလေးအား အစီစီကို ချစ်သောသူတို့သည် ယနေ့တိုင်သီဆိုကြဆဲပါ။ “ကိုယ်တော်၏နာမတော်ကို အမှန်တကယ်အသိအမှတ်ပြု၍ ချီးမွမ်းထောပနာပြုသောသူများအားလုံးနှင့် ချီးမွမ်းထောပနာပြုလိုသော သူများ အားလုံးတို့၏ မွေးရပ်ဌာနနှင့် နေထိုင်ရာအမိအိမ်အဖြစ် သင့်ကို ရွေးချယ်သောသူတို့ ကို သခင်ဘုရားကောင်းချီးပေးပါစေသော်။”
“လှပစွာ သေဆုံးခြင်း”
ဖရန်စစ်၏ နောက်ဆုံးသော နေ့ရက်များသည် Pontiuncula ဘုရားကျောင်းကလေးနှင့် နီးကပ်စွာရှိသည့် St.Mary of the Angels ၌သာ ကုန်လွန်သွားခဲ့သည်။ ညီမငယ်သေခြင်းကို သူသီဆိုခဲ့သည်မှာ “ညီမငယ်ခန္ဓာငြိမ်းခြင်း၌လည်း ချီးမွမ်းခြင်းခံယူတော်မူပါ။ အသက်ရှင်သူမည်သူမှ မလွတ်ကင်းနိုင်သော ညီမငယ် ခန္ဓာငြိမ်းခြင်း၌လည်းချီးမွမ်းထောပနာရှိပါစေသား။ သေမျိုးအဖြစ်၌ ကွယ်လွန်သူတို့သည် ဒုက္ခကြီးစွာခံရလတ္တံ့။ အရှင်၏ သန့်ရှင်းသော အလိုတော်၌မြင်တွေ့သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမှာ ဒုတိယသေခြင်းသည် သူတို့ကို အန္တရာယ်မပြုနိုင်ပါ။
အို … အကျွန်ုပ်၏ အရှင်ကို ချီးမွမ်း၍ ကောင်းချီးပေးကြလော့။ ကျေးဇူးတင်လျှက် နှိမ့်ချခြင်းနှင့် အားလုံးစုံသော သူအပေါင်းတို့သည် အရှင်၏ အမှုတော်ကို ဆောင်ကြကုန်အံ့။”
ဖရန်စစ်သည် သူ၏ကလေးကဲ့သို့ ချစ်ခင်သော ဆွေကြီး၊ မျိုးကြီး၊ ရောမသူလေး “Friar Jacopa” ကိုခေါ်ခိုင်းလိုက်သည်။ မကြာခဏတောင်းစားပြီး၊ ယခုလည်းစားချင်သောဆန္ဒရှိသော ကွတ်ကီးမုန့်ကို Friar Jacopa က ဖရန်စစ်အား ကျွေးခဲ့သည်။ ထိုကွတ်ကီးမုန့်ကို ဂျုံနှင့် ကြက်ဥဖြင့် လုပ်ကာ ယနေ့တိုင် St.Mary of the Angels ဘုရားရှိခိုးကျောင်းတွင် နာမည်ကျော်ကြားသော “mostaccioli” ဟုခေါ်တွင်သည်။
ကလဲနှင့် သူ့အပေါင်းအပါ သီလရှင်များကိုလည်း သတိရခဲ့သည်။ သူတို့ အတွက်ကောင်းချီးမင်္ဂလာမေတ္တာကဗျာတစ်ပုဒ်ကို အလွတ်သင်ကြားပေးခဲ့သည်။ “ဘုရား သခင် ခေါ်တော်မူခဲ့သည့် ဆင်းရဲနိမ့်ကျသည့် သီလရှင်များ၊ နားဆင်ကြလော့။”
ထို့နောက် သတိပေးသည့်အနေနှင့် သွန်သင်ဆုံးမစာနှင့်ကောင်းချီးမင်္ဂလာကို သူ၏ ဖရိုင်ယာများအတွက် သေတမ်းစာကို သူကိုယ်တိုင် စပ်ဆို ရေးသားခဲ့သည်။
ညီမငယ်သေခြင်းကျရောက်လာတော့မည့် အချိန်၌ ဖရန်စစ်သည် သူ၏ ချစ်ခြင်း မေတ္တာကို ဇာတ်အမူအရာများနှင့် သရုပ်ဖော်ပြခဲ့သည်။
ဖရန်စစ်အတွက် ဇာတ်အမူအရာအသုံးအနှုန်းများသည် အသစ်အဆန်းမဟုတ်တော့ပေ။ သူ၏အကြောင်းကို ပထမဦးဆုံးရေးသားသော Thomas of Celanoပြောချက်အရ “သူမုန့်အချို့ကို တောင်းပြီးလျှင် ကောင်းချီးပေးကာ ဖဲ့ပြီး အယောက်တိုင်း စားသုံးရန် တဖဲ့စီပေးတော်မူ၏။ သမ္မာကျမ်းစာအုပ်ကိုလည်း တောင်း၍ သံယောဟန်သမ္မာကျမ်းမှ “ပသခါပွဲမတိုင်မီ …” အစပြုကာ ဖတ်စေ၏။ ၎င်းသည် ခရစ်တော်၏ အပြုအမူကို ပုံအတုယူသည်မှာ ထင်ရှားသိသာပေ၏။
ထို့နောက် အောက်တိုဘာလ ၃ရက်နေ့ညနေပိုင်းတွင် သူ၏ အဖျားပိုကြီး လာကာ ပိုမိုအားအင်ချိနဲ့လာသည်။ ဖရန်စစ်သည်မြေကြီးပေါ်တွင် အဝတ်ဗလာနိတ္ထိနှင့် လဲလျောင်းနေလိုစိတ်ရှိခဲ့သည်။ ဘုရားသခင်နှင့် တွေ့ဆုံလိုသော ဆန္ဒပြင်းပြသည်ကို ဖွဲ့ဆိုထားသော ဆာလံ ၁၄၁ကို သီဆိုစေခဲ့သည်။ သူကိုယ်တိုင်လည်း အတတ်နိုင်ဆုံးပါဝင်သီဆိုခဲ့သည်။
“အိုသခင် ကူညီမစတော်မူပါရန် တောင်းလျှောက်ပါသည်။ တပည့်တော်၏ အသံနှင့် ကိုယ်တော့်ကို အသနားခံပါသည်။”
နောက်ဆုံးအပိုဒ်အထိသူတို့ ဆိုသွားကြသည်။ “ကိုယ်တော်၏ နာမတော်ကို ချီးမွမ်းထောပနာပြုရန်၊ တပည့်တော်၏ ဘဝအသက်ကို အကျဉ်းထောင်ထဲမှ လွတ်လပ်ခွင့်ကို ပေးသနားတော်မူပါ။ ကိုယ်တော်သည် တပည်တော်အားပေးသနားတော်မူသောအခါဖြောင့်မတ်သောသူတို့သည် တပည့်တော် ၏ ပတ်ပတ်လည်တွင် ဝိုင်းရံကြပါလိမ့်မည်။”
ဆာလံသီချင်းသီဆိုပြီးသွားသည်နှင့် ဖရန်စစ်၏အသက်သည်လည်း ဘုရားသခင်ရွှေ လက်တော်၌ ရောက်ရှိနေပါသည်။ ၎င်းသည် ညနေချမ်းအချိန်ဖြစ်၍ ဖရိုင်ယာများ၏ ဝတ်ရုံကဲ့သို့ အသွေးအရောင်ရှိ၍ ဖရန်စစ်ချစ်သော ဘီလုံးငှက်များသည် ညနေဆည်းဆာ တေးသီချင်းများကို သီဆို ဧကျူးကုန်ကြလေတော့သည်။
၎င်းသည် ၁၂၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၃ရက်၊ စနေနေ့ဖြစ်ပါသည်။ နောက်တစ်နေ့မနက် တွင် အစီစီမြို့သူမြို့သားတို့သည် သူ့အလောင်းကို မြို့သို့ သယ်ယူလာရန် ဆင်းသွားကြသည်။ အကြောင်းမှာ ဘုရားသခင်သည် အစီစီမြို့ကို ကူညီစောင်မသည့်အာမခံချက်ရရှိရန်နှင့် အလောင်းကို ကာကွယ်ထိန်းသိမ်းရန် ဖြစ်သည်။ အစီစီမြို့ကိုသယ်ဆောင်သွားရာ San Damiano ဘုရားရှိခိုးကျောင်း၌ ဝမ်းနည်းငိုကြွေးလျှက်စောင့်မျှော်နေကြသော ကလဲနှင့် ဆင်းရဲ နိမ့်ကျသော သီလရှင်များနေရာ၌ ခေတ္တရပ်
တန့်ခဲ့ကြသည်။ ဖရန်စစ်သည် ဤသီလရှင်များအား နောက်တစ်ခါ ပြန်လည် တွေ့ဆုံ ကြလိမ့်မည်ဟု ကတိထားခဲ့ဖူးသည်။
                                                               ဘုရားသခင်ကို ချီးမွမ်းထောပနာပြုခြင်း၌ …. အာမင်

Post a Comment

0 Comments