ခရစ္စမတ်အောက်တေ့ဗ် (ရှစ်ရက် မင်္ဂလာခရစ္စမတ်)
အောက်တေ့ဗ် (Octave) ဆိုသည့် စကားလုံးမှာ လာတင်းစကားလုံး (Octava)မှ ဆင်းသက်လာပြီး အဓိပ္ပာယ်က ရှစ်ဟု အမည်ရပါသည်။ ထိုကြောင့် ခရစ္စမတ်ရက်ကို ထူးထူးခြားခြား ရှစ်ရက် ကျင်းပသည်ဟုလည်း အဓိပ္ပာယ် သက်ရောက်သည်။ ခရစ္စမတ်ပွဲသည် ဘုရားသခင်၏ လူ့အဖြစ်ယူခြင်းကို အမှတ်ရ၍ ကျွန်တော်တို့ ခရစ်ယာန်များ အားလုံးက ကျင်းပနေကြခြင်းဖြစ်သည်။ ထိုသို့ကျင်းပရာတွင် ကယ်ရယ် သီချင်းလေးများဆိုခြင်း၊ မိသားစုဆုံစည်းခြင်း၊ လက်ဆောင်များပေးခြင်း၊ နှုတ်ဆက်ကဒ်များ ပိုသခြင်း စသည့် လူမှု့ရေးများ ပြုလုပ်ကျင်းပခြင်းထက် ၀ိညာဉ်ရေးရာက အဓိကဖြစ်ကြောင်းကိုလည်း မမေ့သင့်ပါ။ ထိုကြောင့် ဤခရစ္စမတ် ရှစ်ရက် မင်္ဂလာအားဖြင့် ကျွန်တော်တို့ ၀ိညာဉ်ရေးကို ပြန်လည် ပြင်ဆင်နိုင်မှာ ဖြစ်ပါသည်။
ဤရှစ်ရက် မင်္ဂလာခရစ္စမတ်ပွဲသည် ရှေးအစဉ်လာကတည်းက ကျင်းပ လာခဲ့ပေသည်။ ဘယ်လောက်ထိ ရှေးကြသလဲ ဆိုရင်ဖြင့် ဟိုး ဓမ္မဟောင်းကျမ်းမှ ဟေဗြဲလူမျိုးများ ထိတိုင် ရှေးကျလွန်းသည်။ ရှေးဟေဗြဲ လူမျိုးများသည် “ဘုရားသခင် ဌာပနာများပွဲ”နှင့် “ဘုရားဗိမ္မာန်တော် အပ်နှံပွဲ” တို့တွင် ထိုသို့ရှစ်ရက်တိတိ ကျင်းပ လေ့ရှိသည်။ ကက်သလစ် ဓလေ့ထုံးတမ်းတွင်မူ အင်ပါယာ ကွန်စတန်တီနိုမှ ထိုဟေဗြဲဓလေ့ကို အခြေခံ၍ ကက်သလစ် ဘာစီလီကာ ကျောင်းဆောင်ကြီးများ အပ်နှံပွဲကို ထိုသို့ရှစ်ရက်တိတိ ကျင်းပ လေ့ရှိသည်။ ထိုမှ ၁၉၆၅ခုနှစ်တွင် ပြီးစီးသွားသော ဒုတိယအကြိမ်မြောက် ဗာတီကန် အစည်းဝေးကြီးတွင် အသင်းတော်မှ ထိုရှစ်ရက် မင်္ဂလာပွဲကို အောက်တေ့ဗ်ဟု သတ်မှတ် ပေးခဲ့သည်။ ခရစ္စမတ်ပွဲတွင် သာမကဘဲ ၀ါကျွတ် ပွဲတော်ကြီး၊ ၀ိညာဉ်တော်ဘုရား ဆင်းသက် ကြွရောက်ခြင်းပွဲ (ပမ်တီးကော့စ်)၊ မင်းသုံးပါးပွဲ၊ စိန်ပီတာနှင့် စိန်ပေါလူးပွဲနေ့၊ စိန်လော်ရန့်စ်ပွဲနေ့နှင့် စိန်အားဂညှက်ပွဲနေတို့သည်လည်း အထူး မှတ်သားရမည့် ပွဲများအဖြစ် မှတ်သားစေသည်။ ယနေ့ခေတ်တွင် အသင်းတော်၌ ရှစ်ရက် မင်္ဂလာအဖြစ် ကျင်းပသည့် ပွဲတော်နှစ်ခုရှိပြီး ၎င်းတို့မှာ ၀ါကျွတ် ပွဲတော်ကြီးနှင့် ခရစ္စမတ်ပွဲတော်ပင် ဖြစ်ပါသည်။
ပထမနေ့ (ဒီဇင်ဘာ ၂၅ရက်နေ့)။ ။ခရစ်တော်၏ မွေးဖွားခြင်းကို ကျင်းပသည်။ ထိုနေ့တွင် ကျမ်းစာတော်မြတ်၌ ခရစ်တော်၏ မွေးဖွားခြင်းအကြောင်းကို ကြားနား ရပါလိမ့်မည်။ ထိုနေ့တွင် ဘုရားသခင်၏ လူ့အဖြစ် ယူခြင်း အပေါ် အာရုံစူးစိုက်ကာ ကမ္မဋ္ဌာန်း ထောက်ရှု့ဖို့ လိုအပ်ပါသည်။ ယနေ့ခေတ်ကာလတွင် ကုန်ပစ္စည်း အရောင်းအ၀ယ် ကြော်ငြာတွေက ကျွန်တော်တို့ ခရစ္စမတ်ကို အဓိပ္ပာယ် ကောက်လွဲစေသည်။ သို့ဖြစ်၍ ကျွန်တော်တို့ဟာ ခရစ္စမတ်၏ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ပြန်လည် ရှာဖွေဖို့လိုအပ်လာပါသည်။ ထိုကြောင့် ဤပထမနေ့သည် ခရစ္စမတ်၏ စစ်မှန်သည့် အဓိပ္ပာယ်ကို ရှာဖွေရန်နေ့ဖြစ်ပေသည်။ ပုပ်ရဟန်းမင်းကြီး ၁၆ကြိမ်မြောက် ဘက်နက်ဒစ်မှလည်း ထိုနေ့တွင် ရှေးခရစ်ယာန်တို၏ အလေ့အထများကို ပြန်လည် ဖော်ဆောင်ကာ ခရစ္စမတ်၏ စစ်မှန်သည့် အဓိပ္ပာယ်ကို ရှာဖွေကြဖို့တိုက်တွန်း ထားလေသည်။ သူငယ်တော်အိမ်ကို ကျွန်တော်တို့ အိမ်တွေမှာလည်း ဆောက်လုပ်ကာ ထိုသူငယ်တော်အိမ်အားဖြင့် ခရစ္စမတ်အကြောင်း ကမ္မဋ္ဌာန်း ထောက်ရှု့နိုင်ပါလိမ့်မည်။
ဒုတိယနေ့ (ဒီဇင်ဘာ ၂၆ရက်နေ့)။ ။အသင်းတော်၏ ပထမဆုံး ဓမ္မအာဇာနည် စိန်စတီးဗင်း အကြောင်းကို ကမ္မဋ္ဌာန်း ထောက်ရှု့ရလိမ့်မည်။ ထိုနေ့ ကျမ်းစာတော်မြတ်သည်လည်း တမန်တော်ဝတ္ထုမှ စိန်စတီးဗင်း၏ အကြောင်းကို ကြားနာရပါလိမ့်မည်။ ဤနေ့တွင် ဥစ္စာ ဓန ကြွယ်ဝသူများမှ ဆင်းရဲသူများကို ဝေမျှစွန့်ကြဲခြင်း ပြုလုပ်ရန် တနည်းအားဖြင့် လိုအပ်နေသူများကို မျှဝေတတ်ရန် ဤနေတွင် စဉ်းစား ထောက်ရှု့ရမှာ ဖြစ်သလို ကျင့်ကြံရမည် ဖြစ်ပါသည်။ ဒုတိယမြောက် ဗာတီကန် အစည်းဝေးမှ အသင်းတော် ဖခင်ကြီးများက ဆင်းရဲသားဟူသော အဓိပ္ပာယ်မှာ မည်သူမဆို လိုအပ်ချက် ရှိနေသူများ၊ လိုအပ်နေသူ ဟူသမျှအား ဆင်းရဲသားဟု ဆိုလိုပါသည်။ ထိုကြောင့် ကျွန်တော်တို့ ဝေမျှစွန့်ကြဲရမည်မှာ ဥစ္စာ ပစ္စည်းသာမဟုတ်ဘဲ အထီးကျန်နေသူများအား အဖော်ပြုခြင်း၊ မေ့လျော်ခံရသူများအား သတိတရထားခြင်း၊ လှောင်ပိတ် ခံနေရသူများအား ကူညီ ရိုင်းပင်းခြင်း၊ မကျန်းမာသူများအား ပြုစု ယုယခြင်း၊ ၀ိညာဉ်ရေးရာ ဆင်းရဲသူများအား တရားလမ်းပြခြင်း၊ စသဖြင့်သော အမျိုးမျိုးပုံစံဖြင့် ဆင်းရဲသူများအား ကူညီ ပံ့ပိုး ရမည်ဖြစ်ပါသည်။ ဒီနေ့ကမ္ဘာကြီးမှာ ကျွန်တော်တို့အကူအညီကို စောင့်မျှော်နေသော ဆင်းရဲသားများစွာ ရှိနေပါသည်။ မမေ့ပါနှင့်။
တတိယမြောက်နေ့ (ဒီဇင်ဘာ ၂၇ရက်နေ့)။ ။တမန်တော်ကြီးနှင့် ကျမ်းရေး ပုဂ္ဂိုလ် သံယောဟန်၏ပွဲနေ့ကို အမှတ်ရ ကျင်းပကြပါသည်။ သံယောဟန်သည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားတော်မြတ် အကြောင်း ရေးသားပြုစုရန် ၀ိညာဉ် လှုံ့ဆော်ခြင်း ခံရသူပါ။ ထိုကြောင့် ယနေ့ကျမ်းစာတော်မြတ်တွင် အသက်ပေး နှုတ်တော်ထွက်အကြောင်းကို ကြားနာကြရမှာ ဖြစ်ပါသည်။ သံယောဟန်သည် ခရစ်တော်၏ ဘုရားအဖြစ် ဇာတိကို ဖော်ကြူး ရှင်းလင်းထားသူဖြစ်သည့် အလျောက် ကျွန်တော်တို့ တတွေဟာ ဤယနေ့မှာ ထိုမြင့်မြတ်သော ကျမ်းပိုဒ်ကို လေ့လာ မှတ်သားရ ပါလိမ့်မည်။ ထိုသို့ လေ့လာမှတ်သားရန် အသင်းတော်၏ သွန်သင်ချက်တွင်လည်း အားပေး တိုက်တွန်းထားပါသည်။ စိန်ဂျေရုမ်း၏ စကားအရ- ကျမ်းစာတော်မြတ်ကို လစ်လျူရှုခြင်းသည် ခရစ်တော်ကို လစ်လျူရှုခြင်းပင် ဖြစ်နေ ပါလိမ့်မည်။
စတုတ္ထမြောက်နေ့(ဒီဇင်ဘာ ၂၈ရက်နေ့)။ ။ခရစ်တော် အတွက် အသက်ပေးဆပ်ခဲ့ရသော သန်ရှင်းသော သူငယ်ကလေးများ၏ ပွဲနေ့ကို အမှတ်ရ ကျင်းပကြပါသည်။ ထိုကြောင့် ယနေ့ဖတ်ရမည့် ကျမ်းပိုဒ်မှာလည်း ထိုကလေးသူငယ်လေးများအား မတရား အသတ်ခံရသည့်အကြောင်းနှင့် သူငယ်တော် ယေဇူးအား သံဇူဇယ်မှ ကယ်ထုတ်သွားသည့် အကြောင်းကို ကြားနာရမည် ဖြစ်ပါသည်။ ယနေကျမ်းစာ အားဖတ်ရှု့ရင်း စဉ်းစားရမည်မှာ ယနေ့ခေတ် ကလေးသူငယ်များအား သတ်ဖြတ်ခြင်း နည်းလမ်းများပင် ဖြစ်ပါသည်။ ဥပမာ-သန္ဓေဖြတ်ချခြင်း၊ ဆေးထိုးသတ်ခြင်း၊ တခြားသော နည်းလမ်းများဖြစ်ပါသည်။ ဒါတွေဟာ ကလေးသူငယ်များအား မတရား သတ်ဖြတ်ရန် ခေတ်သစ်နည်းလမ်းများ ဖြစ်ပါသည်။ တကယ်ဆို ခရစ္စမတ်ဆိုသည်ကား ကလေးသူငယ်များနှင့် တူပါသည်။ ခရစ်တော်သည်လည်း ကလေးငယ် တစ်ဦးကဲ့သူ သူငယ်တော် ယေဇူးလေးဟု ကင်းမွန်းတပ် ခေါ်ခံရသကဲ့သို့ ဒီနေ့ မတရား သတ်ဖြတ်ခံရသည့် ကလေးသူငယ်များကိုလည်း မမေ့သင့်ပေ။ ကလေးဆိုသည်ကား ဘ၀အသက်ရှင်ခြင်း လက္ခဏာ၊ ရှေ့ရေးနှင့်အတူ မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဖြူစင် သန့်ရှင်းခြင်း၊ အမှန်အကန် ပြောဆိုတတ်ခြင်း၊ အကြောင်းပြချက် မပါတဲ့ ချစ်ခြင်း မေတ္တာပေးနိုင်ခြင်းတို့ဖြင့် ပြည့်စုံပါသည်။ ဒီနေ့ သင့်မိသားစုနှင့် အတူ နေပါ။ သင့် ကလေးငယ်များကို ဂရုစိုက်ပါ။ သင့် ကလေးငယ်လေးတွေအတွက် အချိန် ပေးလိုက်ပါ။
ပဉ္စမမြောက်နေ့ (ဒီဇင်ဘာ ၂၉ရက်နေ့) ။ ။နောက်ထပ် ဓမ္မအာဇာနည်ဖြစ်တဲ့ ဆရာတော် သောမတ်စ်ဘယ်ကက်၏ ပွဲနေ့ကို အမှတ်ရကျင်းပ ပါသည်။ ထိုနေ့တွင် ဖတ်ရမည့် ကျမ်းစာတော်မြတ်မှာ ခရစ်တော်က “ငါ့နောက်လိုက်လော့” ဟုသည့် ခေါ်သံအကြောင်းပင် ဖြစ်ပါသည်။ ယနေ့တွင် မိမိတိုနှင့် စိတ်ဝမ်းကွဲနေသူများ၊ စကားများ ရန်ဖြစ်ထားသူများအား စည်းလုံးခြင်းနှင့် ငြိမ်းချမ်းခြင်းကို ရှေ့ရှု့ကာ ပြန်လည်ခေါ်ဆို သင့်မြတ်အောင် ပြုလုပ်ရမည် ဖြစ်ပါသည်။ ဓမ္မအာဇာနည် ဆရာတော်သောမတ်စ်သည်လည်း အသင်းတော်အတွင်း လွတ်လပ်စွာနှင့် ငြိမ်းချမ်းရေး စိုးမိုးရန် ဆန္ဒပြင်းပြခဲ့သူပင် ဖြစ်ပါသည်။ ထိုသို့ သင့်မြတ်ရန် ပြုလုပ်နေချိန်တွင် သတိထားရမည့် အချက်မှာ နောက်ထပ် စိတ်ဝမ်းကွဲရန် ဖြစ်စေမည့် အကြောင်းရာများကို ရှောင်ရှားရမည် ဖြစ်ပါသည်။ ပြန်လည် ကြေအေးသင့်မြတ်ဖို့မှာ လုံးဝ ခက်ခဲပါသည်။ သို့သော်လည်း မဖြစ်နိုင်သည့်အရာ မဟုတ်သည့် အတွက် ဆုတောင်းခြင်းဖြင့် စိတ်ကို တည်ငြိမ်အောင်ထားကာ ဆောင်ရွက်ရပါလိမ့်မည်။ အောင်မြင်နိုင်ပါသည်။ တစ်ဦးနှင့် တစ်ဦး စိတ်ဝမ်းကွဲနေရတာ ခံစားရ ခက်ပါသည်။ ထိုကြောင့် ပြန်လည် ကြေအေး သင့်မြတ်အောင် ကြိုးစားကြည့်ခြင်း အားဖြင့် အနာဂတ် စိတ်ချမ်းသာ စေပါလိမ့်မည်။
ဆဌမနေ့ (ဒီဇင်ဘာ ၃၀ရက်နေ့)။ ။သန့်ရှင်းသော မိသားစုပွဲနေ့ကို အမှတ်ရ ကျင်းပပါသည်။ ထိုကြောင့် ယနေ့ ကျမ်းစာတော်မြတ်တွင် သန့်ရှင်းသော မိသားစု၏ ဆက်နွယ် ဆက်ဆံပုံနှင့် တကွ ခရစ်တော်၏ ကာယ သန်စွမ်းမှု့နှင့် ညဏ်ပညာတော် ကြီးထွားလာမှု့တို့ အကြောင်းကို ကြားနာရပါမည်။ အသင်းတော်အတွင်း၌ ခရစ်ယာန် အဖွဲ့အစည်းအတွက် အများကောင်းကျိုးနှင့် မိမိတို့လူမျိုး ကောင်းစားရေး တာဝန်နှစ်ရပ် ရှိသည်။ ထိုတာဝန်နှစ်ရပ်အား ဖြည့်စည်းရန် အဓိက စံနမူနာများမှာ မိသားစု ဘ၀တည်ထောင်ခြင်းနှင့် ရဟန်း ဘ၀ပင် ဖြစ်ပါသည်။ ထိုကြောင့် မိသားစုဘ၀နှင့် ရဟန်းဘ၀များ အပေါ် အလေးအနက် စဉ်းစား ထောက်ရှု့ရမည် ဖြစ်ပါသည်။ ယနေ့ ခရစ္စမတ် ရက်မြတ် ဆဌမမြောက်နေ့တွင် လုပ်ဆောင်ရမည်မှာ မိမိတို့ မိသားစုများ စုစုစည်းစည်းဖြင့် စုရုံးကြပြီး သန့်ရှင်းသော အိမ်ထောင်စုအပေါ် ကမ္မဌာန်း ထောက်ရှု့၍ ထိုမိသားစုမှ သင်ခန်းစာများကို အတူတကွ လေ့လာယူရမည် ဖြစ်ပါသည်။ ထိုနောက် သန့်ရှင်းသော မိသားစုထံ မိမိတို့၏ မိသားစုများကို အပ်နှံ ထားပါ။ အတူတကွ ဆုတောင်းကြပါ။
သတ္တမနေ့ (ဒီဇင်ဘာ ၃၁ရက်နေ့) ။ ။ရှစ်ရက် မင်္ဂလာခရစ္စမတ်၏ သတ္တမမြောက်နေကို အမှတ်ရ ကျင်းပသလို ပုပ်ရဟန်မင်းကြီး စိုင်ဗက်စတာ(၁)ကိုလည်း အမှတ်ရတဲ့နေ့ပါ။ ဤနေတွင် ကြားနာရမည့် ကျမ်းစာတော်မြတ်မှာ ကောင်းကင်နိုင်ငံ၏ အဓိက သော့ဂလောက်တွေ အကြောင်းပါ။ ထိုသော့ ဂလောက်တွေထဲက သော့တစ်ခုက ငြိမ်းချမ်းခြင်း အကြောင်းပါပဲ။ ပုပ်ရဟန်းမင်းကြီး စိုင်ဗက်စတာ(၁)သည်လည်း ငြိမ်းချမ်းရေး ပုပ်အဖြစ် ကင်းမွန်းတပ်ခံရသူပါ။ ထိုသတ္တမမြောက် ခရစ္စမတ်နေ့တွင် ကျွန်တော်တို့မိသားစုများအကြားပြုလုပ်ရမည့်မှာ အသင်းတော်အကြောင်း ထောက်ရှု့ စဉ်းစားဖို့ပါ။ အသင်းတော် မရှိခဲ့သော် သင်ကော ကျွန်ုပ် ဘယ်နေရာမှာ ဘယ်လိုလူအဖြစ် အသက်ရှင် နေထိုင်မလဲနော်။ ကျွန်တော်တို့ ဘ၀မှာ ဆေးကြော်ခြင်း မင်္ဂလာ၊ ကိုယ်တော်မြတ် စက္ကရမင်တူး၊ ခရစ္စမား အားပေးခြင်း၊ အာပတ်ဖြေ လျှောက်ခြင်းတို့ မရှိခဲ့လျှင်၊ ကျွန်တော်တို့ ယုံကြည်ခြင်းသည် တမန်တော်ကြီးများထံမှ အစဉ်လိုက် ဆင်းသက်လာတာ မဟုတ်လျှင်၊ ကျွန်တော်တို့မှာ လမ်းပြ ခေါင်းဆောင်မည်သူ ဘုံအဖြစ် ပုပ်ရဟန်းမင်းကြီး မရှိခဲ့လျှင်၊ စသည် စသည်ဖြင့်သော မေးခွန်းများကို စဉ်းစား ဖြေကြည့်ပါ။ ကျွန်တော်တို့ အသင်းတော်၏ ဖွဲ့စည်းပုံကို ပြန်လည် စမ်းစစ်ကြည့်ပါ။ ပြီးလျှင် သင် ဂုဏ်ယူမိမှာပါ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ ခရစ်တော် တည်ထောင်သည့် တစ်ခုတည်းသော အသင်းတော်ထဲက အစိတ်အပိုင်း တစ်ခု ဖြစ်နေလို့ပါပဲ။
အဌမနေ့ (ဇန်န၀ါရီ ၁ရက်နေ့)။ ။ရှစ်ရက် မင်္ဂလာခရစ္စမတ်၏ နောက်ဆုံးနေ့ဖြစ်ပြီး ဘုရား၏ မယ်တော်ပွဲနေ့ကို ကျင်းပသည်။ မယ်တော်သခင်မ၏ ဘ၀တွင် ကျွန်ုပ်တို့အတွက် အတုယူစရာများစွာ ရှိသည့် နည်းတူ သူမ၏ မြင့်မြတ်စင်ကြယ်ခြင်းမှာလည်း မည်သည့် လူသားမျှ လိုက်မမှီပါ။ ယနေ့ ဖတ်ရှု့ရမည့် ကျမ်းစာတော်မြတ် (လု ၂း၁၆-၂၁)တွင် မယ်တော်သခင်မသည် ဖြစ်သမျှအကြောင်း အားလုံးကို စိတ်ထဲ၌ သိမ်းထား၍ တရား မှတ်တတ်သည့်အကြောင်းကို ကြားရပါလိမ့်မည်။ သူမသည် ကျွန်ုပ်တို့လူသားများ အားလုံး ကယ်တင်ခြင်း ခံရဖို့အတွက် ဘုရားသခင် လူ့အဖြစ်ယူရာတွင် ပထမ ဦးဆုံးသော လောကတံခါးဝပင် ဖြစ်၍ သူမ၏ လက်ခံခဲ့ခြင်းကပင် လူသားထု တစ်ရပ်လုံးအတွက် ကယ်တင်ခြင်း ချမ်းသာရခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုနောက် သူမ၌ သန့်ရှင်းသော ၀ိညာဉ်တော်ရှိသည့် အတိုင်း သူမ၏ နေထိုင် သွားလာပုံများက ကျွန်တော်တို့ ဆေးကြောခြင်းခံ ဘာသာတူတိုင်း ဖြစ်သင့်သည့် နမူနာပင် ဖြစ်ပါသည်။ မယ်တော်သခင်မ၏ ကောင်းကင် နိုင်ငံရောက် ဆုလာဒ်နှင့် နောင်တချိန် ကျွန်တော်တို့တတွေ ကောင်းကင်နိုင်ငံ ရောက်သောအခါ ရရှိမည့် ဆုလာဒ်အတွက် မျှော်လင့်ခြင်းပါပဲ။ မယ်တော်သခင်မသည် လူသား ဇာတိဖြစ်ပြီး လူသားစစ်စစ် ဖြစ်သော်လည်း ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကြောင့် ဘုရားဇာတိမှာ ပါဝင်ခွင့် ရခဲ့ပါပြီ။ တကယ်ဆိုလျှင် ဤအရာသည် ကျွန်တော်တို့၏ အနာဂတ်မျှော်လင့်ခြင်း မဟုတ်ပါလား။ ကျွန်တော်တို့ အားလုံး ဘုရားသခင်၏ သားသမီးများအဖြစ် ဘုရားဇာတိကို ရရှိရန် မျှော်လင့်ခြင်းပါပဲ။ မယ်တော်သခင်မသည် ဘုရားသခင်၏ မိခင်ဖြစ်ရသလို ကျွန်တော်တို့ တတွေသည်လည်း ခရစ်တော်၏ ညီအစ်ကို မောင်နှမများ အဖြစ် ကောင်းကင်နိုင်ငံသို့ ရောက်ရှိမည့် အကြောင်း မျှော်လင့်ချက်သည် ပို၍ အသက်ဝင်လာသည်။
ယနေ့ မိသားစုအတွင် လုပ်ဆောင်သင့်သည့် အချက်မှာ မိသားစုလိုက် စိတ်ပုတီးစိတ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
မနောအောင်
0 Comments