စိန်ဂျွန်ဘောစကို

ဇန်န၀ါရီလ ၃၁ ရက်နေ့။ 

ဂျွန်ဘောစကိုအား ၁၈၁၅ ခုနှစ်၌ အီတလီနိုင်ငံ၊ တူရွင်းဂိုဏ်းချုပ် သာသနာ နယ်ကြီးရှိ ကာတယ်နူဘိုအနီးတွင် မွေးဖွားခဲ့လေသည်။ သူ၏ အသက်နှစ် နှစ်သား အရွယ်မှာပင် ဖခင်ဖြစ်သူ ကွယ်လွန် သွားခဲ့၍ မိခင်ဖြစ်သူ မာဂရက်မှသူ့အား ပြုစု ပျိုးထောင် ပေးခဲ့လေသည်။ လူသားများအတွက် အကျိုး ပြုပြီး ကောင်းမွန်သော ခရစ်ယာန်ပညာရေးများဖြင့် သူ့အား ပြုစု ပျိုးထောင်ပေးခဲ့ခြင်းဖြစ်ပါသည်။ သူ၏အစောပိုင်း နှစ်များတွင် ငွေကြေးအခက် အခဲနှင့် ရင်ဆိုင် ခဲ့ရသည်။ သို့သော် အသက် ၂၀ပြည့်ချိန်၌ ရဟန်းဖြစ်သင် တက္ကသိုလ်သို့ ၀င်ရောက်ခဲ့လေသည်။ သူ၏ငွေကြေး ပြသနာများကို ဖြေရှင်းထောက်ပံ့ပေးခဲ့သူမှာ လူးရစ်စ်ဂွာလာ ဖြစ်ပေသည်။ လူးရစ်စ်ဂွာလာသည် တူရွင်းဂိုဏ်းချုပ်သာသနာနယ်ရှိ စိန်ဖရန်စစ်အာစီစီ ဘုန်းတော်ကြီးကျောင်း၏ တည်ထောင်သူနှင့်ကျောင်းအုပ်ကြီး ဖြစ်လေသည်။ ၁၈၄၂ ခုနှစ်၊ ဂျွန်လ ၅ ရက်နေ့တွင် စိန်ဖရန်စစ်ဒေဆေး၏တရားဟောအသင်းဂိုဏ်းတည်ထောင်သူ ဂျွန်ဘိုးရယ်၏အကူအညီဖြင့် ဂွန်ဘောစကိုသည် ရဟန်းသိက္ခာခံယူခဲ့လေသည်။
ထိုအချိန်ကာလတွင် တူရွင်းနယ်၌ စက်မှု့တော်လှန်ရေး စတင် ဖြစ်ပွားနေပြီး မြောက်များစွာသော စိန်ခေါ်မှု့များနှင့် ပြသနာများစွာ ပေါ်ပေါက် စေခဲ့သည်။ အထူးသဖြင့် လူငယ်များစွာအတွက် ထိုစိန်ခေါ်မှု့များနှင့် ပြသနာများ ပေါ်ပေါက်စေခဲ့သည်။ ပညာရေး ပြုစု ပျိုးထောင်သူနှင့် ခေါင်းဆောင် ဖြစ်သည့်အလျောက်၊ ဒွန်ဘောစကိုသည် “စဉ်းစားတွေးခေါ်မှု့၊ ဘာသာရေးနှင့် ကြင်နာခြင်း”တို့အပေါ် မူတည်၍ ပညာရေးစနစ်တစ်ခုကို တည်ထွင်ခဲ့လေသည်။ ရဟန်းတော်များအား ဆန့်ကျင့်သည့် အကြမ်းဖက်မှု့များနှင့် ဝေဖန်မှု့များအစား၊ ကုန်သည်အရောင်းအ၀ယ်သမားများ၊ လက်လုပ်လက်စား သမားများအတွက် အလုပ်ရုံများကို ဦးဆောင်နိုင်ခဲ့သလို လူငယ်များစွာအတွက်လည်း အနုပညာဝိဇ္ဇာနှင့် သိပံကျောင်းများကို ဦးဆောင်ပေးနိုင်ခဲ့လေသည်။ ထို့အပြင် ရဟန်းဖြစ်ဖို့ ပြင်ဆင်နေကြသော ရဟန်းလောင်းများ အတွက်လည်း လွတ်လပ်သော အနုပညာဝိဇ္ဇာ ကျောင်းများကိုလည်း ဦးဆောင် နိုင်ခဲ့လေသည်။ ၁၈၆၈ ခုနှစ်တွင် ထိုကျောင်းစနစ်၌ ကျောင်းသားပေါင်း ၈၀၀ တက်ရောက် နေလေပြီ။ ဤလုပ်ငန်းအား ဆက်လက် ရှင်သန်ရန် ဒွန်ဘောစကိုသည် စိန်ဖရန်စစ်ဒေဆေး အဖွဲ့အစည်းဟူသော စလေးရှင်း အသင်းဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ ထိုအသင်းဂိုဏ်းသည် ၁၈၆၉ခုနှစ်တွင် အသိမှတ် ပြုခံရသည်။ စစ္စတာမေရီ ဒေါမီနစ် မာဇယ်လို၏ အကူအညီ ဖြင့်လည်း မေရီသြဇီလျားထရစ်၏ သမီးများ အသင်းဂိုဏ်းကိုလည်း တည်ထောင်ခဲ့လေသည်။
၁၈၇၅ ခုနှစ်တွင် လတ်တင်အမေရိကသို့ စတင်တိုးချဲ့သောအခါ စလေးရှင်းအသင်းဂိုဏ်း၏တမန်တော် သာသနာပြု လုပ်ငန်းကိုပါ ထပ်မံတိုးချဲ့ခဲ့လေသည်။ ဒွန်ဘောစကိုသည် သူ၏သာသနာပြု လုပ်ငန်းများအတွက် လိုအပ်သော ရံပုံငွေများရှာဖွေရန် ဥရောပတခွင်၌ ခရီးသွားလာသူဖြစ်ခဲ့ရသည်။ တချို့သော မှတ်တမ်းများက သူ့အား ခေတ်သစ် စိန်ဗင်းဆင့်ဒေပေါလ် ဟုသတ်မှတ်ကြသည်။ သူသည် ဘုရားစကား စာတိုလေးများကိုလည်း စာအုပ်ငယ်လေးများဖြင့်ရေးသားရန် အချိန်ရှာနိုင်ခဲ့သည်။ ထိုစာအုပ်ငယ်လေးများအား အီတလီတခွင်၌ သူ၏စလေးရှင်းစာစောင် အဖြစ်ဖြန့်ဝေခဲ့လေသည်။ လူငယ်များစွာ၏ တမန်တော်ကြီးသည် ၁၈၈၈၊ ဇန်န၀ါရီ ၃၁ ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။
ပုပ်ရဟန်းမင်းကြီး ပီဦး (၁၁)မှ ၁၉၃၄ ခုနှစ်တွင် သူ့အား ရဟန္တာအဖြစ် တင်မြှောက်ပေးခဲ့လေသည်။ ပုပ်ရဟန်းမင်းကြီး ဒုတိမြောက် ဂျွန်ပေါလ်ကလည်း သူ့အား “လူငယ်တို့၏ ဖခင်နှင့်ဆရာ” ဟူ၍ ကင်းမွန်းတပ်ပေးခဲ့လေသည်။
စိန်ဂျွန်ဘောစကိုသည် အလုပ်သင်များ၊ လူငယ်များ၊ စာပေတည်းဖြတ်သူများ၊ မက်စီကိုနိုင်ငံမှ လူငယ်များ၊ အလုပ်သမားများ၊ ကျောင်းနေကလေးငယ်များ၊ ကျောင်းသားကျောင်းသူများနှင့် လူငယ်တိုင်း၏ အားကိုး အားထားရာ သူတော်စင်ရဟန္တာတစ်ပါးဖြစ်ပါသည်။ 
မနောအောင်

Post a Comment

0 Comments