တရားဟောသူတော်စင်များ (ခ) ဒိုမီနီကန်များ

သံမာတေဦး ၂၈း၁၉-၂၀ မှာ ခရစ်တော်က «သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကို ငါ၏တပည့်များ ဖြစ်စေကြလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်၌ သူတို့ကို ဆေးကြောကြလော့။ -သင်တို့အား ငါမိန့်မှာထားသမျှကို လိုက်နာကျင့်ကြံစေခြင်းငှာ သူတို့ကို သွန်သင်ကြလော့» ဟုမိန့်ဆိုခဲ့လေ၏။
တမန်တော်ကြီးများသည်လည်း မိန့်ဆိုသည့်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။ သူတို့တတွေဟာ အရှေ့အနောက် တောင်မြောက် အဘက်ဘက်သို့ လမ်းစဖွင့်ကာ သူတို့ကြားသိ ကြုံတွေ့ခဲ့ရသော ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် လူသားတို့အား အသက်သစ်ပေးသော သတင်းကောင်းကို ကမ္ဘာ တ၀ှမ်းလုံးမှာ ဟောပြောခဲ့ကြသည်။ နှုတ်တော်ထွက်တရားတော်ကို ဟောပြောခြင်းသည် သူတို့၏တာဝန်ဝတ္တရားနှင့် ရည်မှန်းချက် ဖြစ်သည့်အတိုင်း သူတို့ဟောပြောခဲ့ကြသည်။ ထို့နောက် အခြားသူများကိုလည်း ခရစ်တော်၏ နာမတော်မြတ်၌ သူတို့ကဲ့သို့ လုပ်ဆောင်ကြရန် လှုံ့ဆော် တာဝန်ခွဲ ပေးအပ်ခဲ့ကြသည်။ ဒါ့ကြောင့် နှစ်တွေ ကြာလာသည်နှင့်အမျှ၊ ရာစုတွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာပြီးသောအခါ နှုတ်တော်ထွက်တရားတော်သည် ကမ္ဘာတဝှမ်းလုံး၌ ပဲ့တင်ထပ်လာခဲ့ပေတော့သည်။ ခရစ်တော်၏တပည့်များသည်လည်း တိုးပွားလာကာ ကမ္ဘာ့လူဦးရေ အများဆုံးမှာ ခရစ်ယာန်များပင် ဖြစ်လာပေတော့သည်။ ဥရောပတိုက်တစ်ခုလုံးကိုမူ ခရစ်ယာန်များဒေသ (Christian Land) ဟုပင် လူသိများလာခဲ့သည်။
သို့သော်လည်း နှုတ်တော်ထွက်တရားတော်ကို ဟောပြောခြင်းသည် တစ်ကြိမ်တစ်ခါတည်းနှင့် လုပ်ဆောင်ပြီးစီးသည့် အရာမဟုတ်ပေ။ ဤအတိုင်းသာဆိုရလျှင် ယုံကြည်ခြင်းကို လက်ခံရုံမျှနှင့် ရင့်ကျက်ပြီ၊ တစ်သက်စာပြီးပြီဟု ဆိုရလိမ့်မည်။ သို့သ်ာလည်း ဤသို့မဟုတ်ပေ။ ယုံကြည်ခြင်းသည် ဝိညာဉ်၏အသက်ဆိုသည်ထက် ခန္တာ၏အသက်နှင့်ပိုတူသည်ဟု ဆိုရလိမ့်မည်။ ၎င်းသည် ဒီရေကဲ့သို့အတက်အကျတို့ရှိပြီး အတားအဆီးများ၊ အန္တရာယ်များလည်း ၎င်းကို ဝိုင်းရံနေကြသည်။ ထို့ကြောင့် အမြဲတမ်းခွန်အားယူလျက်၊ အမြဲတမ်းပြန်လည်သုံးသပ်ကာ ပျောက်ဆုံးလျှင်ပင် ပြန်တွေ့အောင် ကြိုးစားရပေလိမ့်မည်။
ယုံကြည်ခြင်းလမ်း၌ လျှောက်လှမ်းရာတွင် နေ့စဉ်ပုံမှန်ကြုံတွေ့နေရသော သာမန်အတားအဆီးများ- ဥပမာ-အပြစ်၌ယိမ်းယိုင်ခြင်း၊ အနှောက်ယှက်များ၊ အပြစ်ပြုမိရန် အခွင့်အခါများနှင့် ဖောက်ပြန်ပျက်စီးတတ်သော လူ့သဘောသဘာဝမှ အလားတူအခြအနေများအပြင် တစ်ခါတစ်ရံ ဘုရားသခင်၏လူမျိုးများ၌ရှိသော ယုံကြည်ခြင်းသည် ပြင်ပဖိအားများဖြင့် တိုက်ခိုက်ခံနေရတတ်သည်။ ဤကဲ့သို့သော အကြောင်းတရားများကြောင့် ခရစ်ယာန် အသက်တာအပေါ် နာလည်ခြင်းနှင့် ကျင့်ကြံနေထိုင်ခြင်းတို့မှာ ရှုပ်ထွေးစေပြီး အသင်းတော်၏ ဘဝအသက်တာကိုလည်း တဖြည်းဖြည်းထိခိုက်စေသည်။
ယုံကြည်ခြင်း၏အဓိက ရန်သူမှာ အယူဝါဒလွဲမှားသည့်ဝါဒီ(heresy) ပင် ဖြစ်သည်။ ဆိုလိုသည်မှာ-အသင်းတော်၏ မူရင်းယုံကြည်ချက်ဝါဒီမှ ဆန့်ကျင်ပြီး ဟောပြောသွန်သင်ကြခြင်း၊ ကျင့်ကြံနေထိုင်ကြခြင်း၊ ယုံကြည်ခြင်းကို မိမိစိတ်ထင်သည့်အတိုင်း ထင်ရာစိုင်းကာ နေထိုင်ကျင့်ကြံခြင်းပင် ဖြစ်သည်။ ၎င်းအယူဝါဒလွဲမှားမှုများသည် အသင်းတော်သမိုင်း၌ မကြာခဏ ပေါ်ပေါက်ခဲ့တတ်သည်။ အမိအသင်းတော်၏ သွန်သင်ချက်များကို ဆန့်ကျင်လျက် ဝိညာဉ်များစွာအား စစ်မှန်သည့်ခရစ်ယာန်အယူဝါဒနှင့် ဝေးရာသို့ ဆွဲခေါ်နေကြသည်။
၁၂ ရာစုနှင့် ၁၃ ရာစုနှစ်တို့သည် ဥရောပ၌ ယုံကြည်ခြင်းပြင်းထန်သည့် ရာစုနှစ်များဟု ဆိုရလိမ့်မည်။ တစ်ချိန်တည်းမှာပင် အယူဝါဒလွဲမှားမှုများလည်း ပြန့်နှံ့နေခဲ့ပြီး ဘုရားသခင်၏လူမျိုးများအား ပျက်စီးခြင်းသို့ ဆွဲခေါ်နေကြသည်ကို တွေ့မြင်နိုင်သည်။ တစ်ခုသောဝါဒပျက်မှု မှာ အာဘီဂျန်းစီယမ်း (Albigensian)ဟု ခေါ်သည်။ [၎င်းသည် ပြင်သစ်ပြည်တောင်ပိုင်း၊ လန်ဂွါဒေါ့နယ်၊ အာဘီမြို့မှစတင်သောကြောင့် အာဘီဂျန်းစီယမ်းဟု ခေါ်ရခြင်းဖြစ်သည်။] အာဘီဂျန်းစီယမ်းတို့သည် ရှေးမနီခီယမ်း (Manichaean)တို့ ယုံကြည်ကြသည့်အတိုင်း ဖန်ဆင်းခြင်းနိယာမနှစ်ခုကို ယုံကြည်နေကြသည်။ ဤတစ်ခုသည်ကောင်း၏။ ကျန်တစ်ခုသည်ဆိုး၏။ ထို့အတူ ဝိညာဉ်ရေးသည်အကောင်းတရားဖြစ်သည်။ အခြားလောက ရုပ်ဝတ္ထုများသည် အဆိုးတရားဖြစ်သည်။ လောကရုပ်ဝတ္ထုတိုင်းသည် အဆိုးတရားဖြစ်သည်ဟု ထင်မြင်ယူဆနေပါက လူသားသည် မိမိကိုယ်ကို အဆိုးတရားဦးစီးသော ခန္တာ၏အကျဉ်းထောင်သား ဖြစ်နေတော့မည်။ သူ၏တစ်ခုတည်းသော ကယ်တင်ခြင်းမျှော်လင့်ချက်သည် လောကရုပ်ဝတ္ထုများအားလုံးကို ငြင်းပယ် စွန့်လွှတ်မှသာဖြစ်တော့မည်။ ဒါမှ အကောင်းတရားဖြစ်သည့် ဝိညာဉ်ရေးသက်သက်သာ ဖြစ်တော့မည်ဟု ယူဆကျင့်ကြံခဲ့ကြသည်။ ၎င်းအာဘီဂျန်းစီယမ်းတို့သည် သမ္မာကျမ်းစာ၏ အစိတ်အပိုင်းတစ်ချို့ကို လက်ခံလျက် မိမိတို့ကိုယ်ကို ခရစ်ယာန်များဟု ကြွေးကြော်ကြသည်။ သူတို့၏ ခေါင်းဆောင်များဆိုရင်လည်း ပြီးပြည့်စုံသူများဟု အသိများပြီး ဘုရားသခင်၏စစ်မှန်သော ကိုယ်စားလှယ်သန့်သန့်များဟု မှတ်ထင်ကြသည်။ သူတို့က ခြိုးခြံ၊ ကျင့်ကြံခြင်းအားဖြင့် ဖိနပ်မစီးဘဲလှည့်လည်ကာ သူတို့၏ ခရစ်ယာန်ဂိုဏ်းခွဲ အကြောင်းကိုဟောပြောခဲ့ကြသည်။ ထိုသို့တရားဟောရာတွင် အသင်းတော်၏ အခွင့်အာဏာနှင့် သွန်သင်ချက်များကိုမူ အမြဲတမ်း ဝေဖန်ရှုံ့ချ တိုက်ခိုက်ခဲ့ကြသည်။ ကက်သလစ်သာဝင်များအား သွေးထိုးခဲ့ကြသည်။ သူတို့သွားလေရာတိုင်းမှာ ထိုအတိုင်းပင် ပြုလုပ်နေကြတော့သည်။
ထိုမျှော်လင့်ချက်မဲ့နေသည့် အခြေနေဆိုးကနေ လွတ်မြောက်ပြီး ဘုန်းမြင့်လာမည့် အချိုးအကွေ့ အလှည့်အပြောင်းတစ်ခုသည် အသင်းတော်၏သမိုင်းတွင် ဘုရားသခင်၏ကူညီမစခြင်းဖြင့် ပြန်လည်အသက်ဝင်လာခဲ့လေပြီ။ အဖြစ်ပျက်များသည် ဆက်စပ်မှုမရှိဟု ထင်ရသည်။ သို့သော်လည်း အာဘီဂျန်းစီယမ်းတို့နယ်များမှာ ပြသနာများဖြေရှင်းရန် ပုပ်ရဟန်းမင်းကြီး တတိယမြောက်အင်းနိုးဆင့် (Pope Innocent (III)) အတွက်တော့ စိန်ဒေါမီနစ်ဂူစ်မာန် (St. Dominic of Guzman)သည်၊ ၁၂၀၆ခုနှစ်တွင် ဘုရားသခင်ပို့ခဲ့သော ကူညီမ, စခြင်းပင် ဖြစ်ပေလိမ့်မည်။
၎င်းတာဝန်သည် စိန်ဒေါမီနစ်ထံ မမျှော်လင့်ဘဲ ရောက်လာခဲ့သော်လည်း သူတော်စင်ကြီးကတော့ အဆင့်သင့် ဖြစ်နေသည်ထက်ပင် ပို၍အဆင်သင့် ဖြစ်နေခဲ့သည်။ စိန်ဒေါမီနစ်အား ၁၁၇၀ခုနှစ်တွင် စပိန်နိုင်ငံ၊ကာလယ်ရုအလ်ဂါနယ်ရှိ ရဲတိုက်ဟောင်းတွင် (Caleruega,Spain) မွေးဖွားခဲ့သည်။ ငယ်စဉ်ဘ၀တွင် အနီးနားမြို့ရှိ သူ၏ဦးလေးဘုန်းတော်ကြီးသည် သူ့အား အခြေခံပညာ သင်ပေးခဲ့ပြီး အရွယ်ရောက်လာသောအခါ ဗာလင်စီယာတက္ကသိုလ်တွင် အမည်စာရင်းသွင်းကာ ပညာများ ဆက်လက်ဆည်းပူးခဲ့သည်။ တက္ကသိုလ် ပထမ(၆)နှစ်တွင် လစ်ဘရယ်ဝိဇ္ဇာ ဘာသာရပ်များ(Liberal Arts)ကို လေ့လာဆည်းပူးခဲ့ပြီးနောက် ဘုရားသခင်နှင့် တရားတော် အကြောင်းကို လေ့လာဆည်းပူးရသည့် ဓမ္မသင်္ဂြိုလ်ပညာ(Theology)နှင့် ကျမ်းစာများကို နောက်ထပ် (၄)နှစ်တိတိ ထပ်မံလေ့လာ ဆည်းပူးခဲ့သည်။ ဘုန်းတော်ကြီးတစ်ပါးအဖြစ် သိက္ခာခံယူခဲ့ပြီးနောက်၊ အိုစမာမြို့ရှိ ဘူးရ်ဂိုကက်သီဒြရယ်(Cathedral of Burgo de Osma)တွင် အမြဲတမ်းဝိနည်းတော်ဝင် ရဟန်းတော်များအဖွဲ့၌ ဝင်ရောက်ခဲ့လေသည်။ ဤတွင် စာဂျပိုးဘာသာရေးပါရဂူကြီးသည် ဘာသာရေး၌ တွေးခေါ်ထောက်ရှု့သော သီးသန့်ဘဝဖြင့်နေထိုင်ရင်း တရားသမားပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့ပေတော့သည်။
ထိုကဲ့သို့ ပညာရေးနှင့် ဝိညာဉ်ရေးပိုင်းတွင် နက်နက်ရှိုင်ရှိုင်း ကြိုးစားပြင်ဆင်ပြီးချိန်၊ စိန်ဒေါမီနစ်အသက်(၃၀) ဝန်းကျင်တွင် တမန်တော်တစ်ဦးကဲ့သို့ပင် ဖြစ်လာခဲ့လေသည်။ ဒါဟာ ပုပ်ရဟန်းမင်းကြီး အသိမှတ်ပြုထားသော ဘာသာရေးအသင်းဂိုဏ်းများနှင့် လိုက်လျောညီထွေမှုရှိရုံမကဘဲ သူ့ဘ၀အတွက်လည်း ခေါ်တော်မူခြင်း အသစ် ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ဒိုမီနီကန် ရှေးအစဉ်အလာများ၏ ပြောပြချက်မှာတော့ စိန်ပီတာနှင့် စိန်ပေါလူးတို့သည် ရူပါရုံတစ်ခုတွင် သူ့အား တောင်ဝှေးတစ်ချောင်းနှင့် စာအုပ်တစ်အုပ်ပေးခဲ့ပြီး «သွား၍ဟောပြောလော»ဟု မိန့်ဆိုခဲ့ကြသည်။
အာဘီဂျန်းစီယမ်းတို့၏ သွန်သင်ချက်များနှင့် နည်းလမ်းများအား ရင်းနှီးကျွမ်းဝင်လာသောအခါ စိန်ဒေါမီနစ်သည် ၎င်းတို့အား ၎င်းတို့၏နယ်မြေပေါ်မှာပဲ ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ချက် ချခဲ့လေသည်။ သမ္မာကျမ်းစာတော်များ၊ ဓမ္မသင်္ဂြိုလ်ပညာ(theology)နှင့် အသင်းတော်၏ သမိုင်းကြောင်းများကို လူထုစကားရည်လုပွဲများ ပြုလုပ်ပြီး ရိုစင်းသောလူများအား အယူဝါဒ ရှုပ်ထွေးစေသည့် ဤဘာသာဝါဒပျက်များ၏ မျက်နှာဖုံးများကို ခွာချပေးခဲ့သည်။ ဒါတင်မကဘဲ ခြေလျင်ခရီးနှင်လျက် ဆင်းရဲခြိုးခြံခြင်း၌ လုံးဝနေထိုင်ခဲ့သည်။ ထို့အပြင် တရားတော်အရ နှိမ့်ချခြင်းဆိုသည်မှာ လူအများအထင်ကြီးစေခြင်းငှာ ကျင့်ကြံပြသည့် အပေါ်ယံသက်သက် မဟုတ်ဘဲ တကယ့်ကို နှလုံးသားမှလာ၍ ခရစ်တော်အား ရိုးရှင်းစွာအတုယူ ကျင့်ကြံခြင်းသာ ဖြစ်ကြောင်းပြသခဲ့သည်။
သူ့ဘဝတွင်ကြုံတွေ့လာမည့် အန္တရာယ်များအတွက်ပင် သူရဲ့လမ်းစဉ်က အတော်လေးကို အောင်မြင်နေခဲ့သည်။ အန္တရာယ်တိုင်းကိုလည်း ကြိုတင်ပြင်ဆင်ထားလေ့ရှိသော လူတစ်ယောက်၏ နှလုံးသားကဲ့သို့ စိတ်အေး သက်သာစွာနှင့် တည်တည်ငြိမ်ငြိမ် ၀မ်းမြောက်ဝမ်းသာ ရင်ဆိုင်ခဲ့လေ့ရှိသည်။ ဖြစ်နိုင်ရင် တရားတော်နှင့် အသင်းတော်အတွက် မိမိအသက်ကိုပင်ပေးဖို့ အဆင်သင့်ရှိသည့်တိုင်အောင် စိတ်အားထက်သန်ခဲ့သည်။
သူ၏တစ်ကိုယ်တော် ကြိုးပမ်းဆောင်ရွက်မှုတို့သည် မည်မျှပင် အောင်မြင်နေခဲ့ပါစေ၊ ၎င်းတာဝန်ကို တစ်ဦးတည်း လုပ်ဆောင်ဖို့ဆိုသည်မှာ အင်မတန်လေးသောဝန်တစ်ခုဆိုတာ သိသာလာခဲ့သည်။ တရားဟော ရဟန်းတော်များ ပို၍လိုအပ်လာခဲ့သည်။ တရားဟောရဟန်းတော်များလည်း စိန်ဒေါမီနစ်ကဲ့သို့ စိတ်ထားရှိခဲ့ကြသည်။ နေ့ရက်တို့ ဖြတ်သန်းလာသည်နှင့်အမျှ အချို့လူငယ်များလည်း သူနှင့်အတူ ပူပေါင်း၍ လတ်တလော တာဝန်အတွက် ပေးဆပ်ခဲ့ကြသည်။ တရားဟောသူတော်စင်များအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ကြသည်။ ဤသည်မှာ ဒိုမီနီကန်အသင်းဂိုဏ်း စတင်ပေါ်ပေါက်လာပုံပင်ဖြစ်သည်။ တရားဟောသူတော်စင်များအသင်းဂိုဏ်း (Order of Preachers)ဆိုသည့် အသင်းဂိုဏ်း၏အမည်မှာ ပုပ်ရဟန်းမင်းကြီး တတိယမြောက်သြောနောရီးအုစ် (Pope Honorius (III)) ပေးခဲ့သာ တရားဝင်အမည်ဖြစ်ပြီး ဒိုမီနီကန်ဆိုသည်မှာ စိန်ဒေါမီနစ်၏ နောက်လိုက်များကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ အသင်းဂိုဏ်းကြီးသည် အတက်အလက်ခွဲများမွေးဖွားပေးခဲ့သည်ကိုလည်း သိထားစေချင်သည်။ 
(၁) Friars (Priests and brothers) (ရဟန်းတော်များနှင့် ကိုရင်များ)
(၂) Contemplative Nuns (တရားထောက်ရှုသော သီလှရှင်များ)
(၃) Sisters of the Active- life (အမှုထမ်းနေသော သီလှရှင်များ/စစ္စတာများ)
(၄) Lay Dominicans (သာမန်လူဝတ်ကြောင်ဒိုမီနီကန်များ)
(၅) Secular Institutes and Confraternities (အခြားသီးသန့်အဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများ) ဟူ၍ အသင်းဂိုဏ်းကြီးအတွင်း အတက်အလက်ခွဲများ ရှိကြသည်။ ၎င်းတို့အားလုံးကို ပေါင်းစပ်၍ ဒိုမီနီကန်မိသားစုဟု ခေါ်ဆိုသည်။
ဒိုမီနီကန်အသင်းဂိုဏ်းသည် ကက်သလစ်အသင်းတော်ကြီးအတွင်း တည်ရှိသော ဘာသာရေးအသင်းဂိုဏ်းကြီး (Order) တစ်ခုဖြစ်သည်။ အခြားအသင်းဂိုဏ်းကြီးများနည်းတူ အခြေခံရည်မှန်းချက် ဖြစ်သည့် “ခရစ်တော်နောက်သို့ လိုက်ခြင်း” ၌ ဆင်းရဲခြင်း၊ ဖြူစင်ခြင်းနှင့် နာခံခြင်း သစ္စာသုံးပါးကို ခံယူလျက် ကျင့်ကြံခြင်းနေထိုင်ကြသည်။ တရားဟောအသင်းဂိုဏ်းကြီးဖြစ်သည့်အလျောက် တရားဟောခြင်းသည် အကျွန်ုပ်တို့၏အဓိကနှင့် အထူးရည်းမှန်းချက် ပန်းတိုင်ဖြစ်သည်။
အမှန်တော့ အသင်းဂိုဏ်းတည်ထောင်ခဲ့ခြင်းမှာ အသင်းတော်အတွင်း၌ အသစ်မွမ်းမံခြင်းပင် ဖြစ်ပေသည်။ ထိုခေတ်အချိန်ကာလ၌ တရားဟောခြင်းအခွင့်အာဏာသည် ဆရာတော်များ၌သာရှိ၍ အထူးခန့်အပ်ခံရသော အချို့ရဟန်းအနည်းငယ်သာလျှင် တရားဟောပြောခွင့်ကို ရရှိခဲ့ကြသည်။ ထို့ကြောင့် စိန်ဒေါမီနစ်သည် တရားဟော သူတော်စင်များအသင်းဂိုဏ်း(Order of Preachers)ကို တည်ထောင်ရန် လျှောက်တင်သောအခါ အသင်းဂိုဏ်းအား ဆရာတော်များဖြင့် ဖွဲ့စည်းမည်လောဟု မေးမြန်းခံခဲ့ရဖူးသည်။ သို့သော်လည်း စိန်ဒေါမီနစ်သည် မေးမြန်းခံခဲ့ရသည့်အတိုင်း အသင်းဂိုဏ်းကို ဆရာတော်များဖြင့် ဖွဲ့စည်းခဲ့ခြင်းမဟုတ်ဘဲ အကျွန်ုပ်တို့ ယနေ့ မြင်တွေ့ကြရသည့်အတိုင်း အသင်းဂိုဏ်းအား ရဟန်းတော်များနှင့်ပင် ဖွဲ့စည်းခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည်လည်း စိန်ဒေါမီနစ်၏အယူအဆကို လက်ခံခဲ့၍ ထိုအတိုင်း တည်ထောင်ရန် အတည်ပြုပေးခဲ့သည်။
ဒီတော့ ဒိုမီနီကန်သူတော်စင်များဆိုသည်မှာ ဘုရားသခင်၏နှုတ်တော်ထွက် တရားတော်ကို ဟောပြော သွန်သင်ရန် စေလွတ်ခံရသူများဖြစ်သည်။

ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com

Post a Comment

0 Comments