အသင်းတော်အတွင်း ၀ိညာဉ်ရေး သြဇာတိက္ကမ ကြီးမားတဲ့အသင်းဂိုဏ်းကြီး ၅ ဂိုဏ်း

ဘက်နက်ဒင်းအသင်းဂိုဏ်း။ 
အသင်းဂိုဏ်းတည်ထောင်သူမှာ စိန်ဘက်နက်ဒစ်ဖြစ်သည်။
၎င်းရဲ့ဆောင်ပုဒ်မှာ - ဆုတောင်းခြင်းနှင့် အလုပ် လို့အဓိပ္ပာယ်ရတဲ့ "Ora et labora" ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့Monastic လို့ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်းနေ အမျိုးအစားဖြစ်ပါတယ်။ ကျောင်းတွင်းနေဘုန်းကြီးများပေါ့ဗျာ။ သူတို့ရဲ့ သင်္ကန်းဝတ်ရုံတွေက အနက်ရောင်ဖြစ်လို့ ဘုန်းကြီးနက်များလို့ပင် ခေါ်ဆိုကြပါတယ်။ သို့သော်လည်း အချို့ဘက်နက်ဒင်းဘုန်းကြီး အဖွဲ့အစည်းများက အဖြူရောင်ဝတ်ပါတယ်။
ဘက်နက်ဒင်းအသင်းဂိုဏ်းရဲ့ ၀ိညာဉ်ရေးကတော့ အဓိကအားဖြင့် ဆုတောင်းခြင်းနှင့်အလုပ်ပါပဲ။ ဘုန်းတော်ကြီးကျောင်းအတွင်းမှာ ဆုတောင်းခြင်းများပြုလုပ်နေကြသလို နေ့စဉ်အလုပ်များလည်း လုပ်ကြပါတယ်။ သူတို့ဘ၀သက်တာမှာတော့ သမ္မာကျမ်းစာနှင့် ဆုတောင်းမေတ္တာစာအုပ် (Divine Office) ဟာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုကဲ့သို့ အရေးကြီးလှပါတယ်။ တချိန်တည်းမှာပဲ ဘုန်းတော်ကြီးကျောင်းအတွင်း အတူတကွနေထိုင်ကြတာမို့ ဘုန်းတော်ကြီးများအကြား ညီအစ်ကိုစိတ်ဓါတ်နှင့်အတူ အဖွဲ့အစည်းနှင့်နေထိုင်တဲ့အသက်တာကိုလည်း ကျင့်ကြံရပါတယ်။ ဒီနောက် နာခံခြင်းကလည်း ပါရမီတစ်ခုပါ။စိန်ဘက်နက်ဒစ်အပြင် အသင်းတော်အတွင်း လူသိများတဲ့ ရဟန္တာများမှာ စိန်ဘက်နက်ဒစ်ရဲ့ညီမ သံတာစကော်လစ္စကာနှင့် ကြီးမြတ်သော စိန်ဂရေဂေါ်ရီတို့ပါ။
စိန်ဘက်နက်ဒစ် - ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။ အာမင်။


ဖရန်စစ္စကန်အသင်းဂိုဏ်းများ။
ဖရန်စစ္စကန်အသင်းဂိုဏ်းမှာ အဓိက ဂိုဏ်းကွဲသုံးခုရှိပါတယ်။ မိုင်နာဖရိုင်ရာများ၊ ကွန်ဗန့်တုရယ်ရဟန်းများနှင် ကာပူချီနိုရဟန်းတို့ပါ။ 
အသင်းဂိုဏ်းအား အဓိကတည်ထောင်ခဲ့သူမှာ အာစီစီမြို့မှ စိန်ဖရန်စစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ အဓိက ဆောင်ပုဒ်ကတော့ ငြိမ်းချမ်းခြင်းနှင့် ကောင်းမြတ်ခြင်းပင်ဖြစ်ပါတယ်။ 
ဖရန်စစ္စကန်ဝိညာဉ်ရေးကတော့ ဧ၀ံဂေလိတရားတော်အတိုင်း နေထိုင်ခြင်း၊ ခရစ်တော်နောက်သို့ လိုက်ခြင်း၊ ဆင်းရဲခြင်းနှင့် ညီအစ်ကိုစိတ်ထားခြင်းပါပဲ။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ဖရန်စစ္စကန်ရဟန္တာများမှာ စိန်အန်ထော်နီ၊ စိန်ဘောနဲဘမ်ချား၊ သံတာကလဲလ်၊ ပါထရေပီအိုနှင့် စိန်မာစီမီလီယံတို့ဖြစ်ပါတယ်။
စိန်ဖရန်စစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။


ဒိုမီနီကန်အသင်းဂိုဏ်း။

အသင်းဂိုဏ်းတည်ထောင်သူဟာ အသင်းတော်အတွင်း စိတ်ပုတီးစိတ်နည်းစတင်ပေးခဲ့သူ စိန်ဒေါမီနစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ ဆောင်ပုဒ်ကိုတော့ ဘုရားသခင်အားချီးမွမ်းရန်၊ ကောင်းကြီးသြဘာပေးရန်နှင့် တရားဟောခြင်းပါ။ အသင်းဂိုဏ်းရဲ့ တရားဝင်အမည်မှာကိုက - တရားဟောသူများအသင်းဂိုဏ်းလို့ အဓိပ္ပာယ်ရတဲ့ Order of Preachers ဖြစ်ပါတယ်။ အသင်းဂိုဏ်းအမျိုးအစားကတော့ နေ့စဉ်ဆွမ်းခံစားတဲ့ Mendicant ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ၁၂၄၇ ခုနှစ်တွင်ပြုလုပ်တဲ့ အသင်းတော်ကြီးညီလာခံမှာ ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၁၀)က ဘာသာဝင်တွေအပေါ်ဝန်မပိစေရန်အတွက် ဆွမ်းခံခြင်းကို ဖြတ်သိမ်းပေးခဲ့ပါတယ်။
ဒိုမီကန်များရဲ့သင်္ကန်းကတော့ အဖြူရောင်ဖြစ်ပြီး အနက်ရောင် ၀တ်ရုံအပေါ်မှာ ခြုံပါတယ်။ အဲဒီနောက် ခါးမှာ ခါးပတ်နှင့်အတူ စိတ်ပုတီးချိတ်ဆွဲထားပါတယ်။ စကာပူလာလည်းပါတယ်။ ခေါင်းစွပ် Hood လည်း ပါပါတယ်။ 


ဒိုမီနီကန်ဝိညာဉ်ရေးကတော့ ဆုတောင်းခြင်း၊ စာပေလေ့လာခြင်း၊ တရားဟောခြင်းနှင့် အဖွဲ့အစည်းလိုက်နေထိုင်ခြင်းပါပဲ။
စိန်ဒေါမီနစ်နှင့်အတူ အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်ကြီးများကတော့ စိန်သောမတ်စ်အကွိုက်နက်စ်၊ စိန်ကက်သရင်းနှင့် ကြီးမြတ်သော စိန်အဲလ်ဘတ်။
စိန်ဒေါမီနစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

ဂျေးဇူးရစ်အသင်းဂိုဏ်း။

အသင်းဂိုဏ်းတည်ထောင်သူဟာ စိန်အစ်ညှားစီအု့စ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ဆောင်ပုဒ်ဟာ လုပ်သမျှ ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်ပို၍ကြီးမြတ်ပါစေ လို့ အဓိပ္ပာယ်ရတဲ့ For the greater glory of God ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့ ဘာသာရေးအသင်းဂိုဏ်းတစ်ခုပါ။ ထို့အပြင် အသင်းဂိုဏ်းမှာတော့ သီးသန့်သင်္ကန်းရယ်လို့မရှိဘဲ ဒေသခံဘုန်းကြီးတွေနဲ့တန်းတူ ယှဉ်ပြီး လိုက်လျောညီထွေစွာဝတ်ဆင်တတ်ကြပါတယ်။
ဂျေးဇူးရစ်ဝိညာဉ်ရေးကတော့ ၀ိညာဉ်ရေးလေ့ကျင့်မှု့တွေပေါ်မှာ မူတည်နေပြီး အစ်ညှေးစီယမ်းဝိညာဉ်ရေးလို့လည်း ခေါ်ဆိုကြပါတယ်။ အဓိကတော့ - အရာရာထဲမှာ ဘုရားသခင်ကို ရှာဖွေခြင်း၊ ခရစ်တော်ကိုချစ်ခြင်း၊ အရေးကြီးတဲ့ အမှု့ဆောင်များပေးခြင်း၊ ၀ိညာဉ်ရေးစမ်းစစ်ဖို့နှင့် ပညာရေးတို့ပင်ဖြစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ရဟန္တာများကတော့ စိန်ဖရန်စစ်ဇေးဗီးယားနှင့် စိန်အလော်ရှိုက်တို့ဖြစ်ပါတယ်။
စိန်အစ်ညှားစီးအု့စ်။-ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

စလေးရှင်းအသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူကတော့ ဂျွန်ဘောစ္စကိုဖြစ်ပြီး အသင်းဂိုဏ်းရဲ့တရားဝင်အမည်မှာ စိန်ဖရန်စစ်ဒေဆားလပ်ရဲ့အဖွဲ့အစည်းပါ။ စလေးရှင်းတို့ရဲ့ ဆောင်ပုဒ်ကတော့ - ၀ိညာဉ်များကို အကျွန်ုပ်အားပေးပြီး ကျန်တာတွေကို ယူဆောင်ပါလို့ အဓိပ္ပာယ်ရတဲ့ Give me souls, take away the rest ပါ။ 
အသင်းဂိုဏ်းအမျိုးအစားကတော့ ဘုန်းကြီးအသင်းဂိုဏ်းတစ်မျိုးဖြစ်ပြီး သင်္ကန်းအမျိုးအစားလည်း သီးသန့်မရှိဘဲ သင့်လျော်တာကို လိုက်လျော်ညီထွေစွာ ၀တ်ဆင်ကြပါတယ်။
ဆလေးရှင်းဝိညာဉ်ရေးကတော့ သိုးထိန်းဆိုင်ရာမေတ္တာတရား၊ ပျော်ရွှင်ခြင်းနှင့်အကောင်းမြင်ဝါဒ၊ အလုပ်နှင့် ခြိုးခြံကျင့်ကြံခြင်း၊ လူငယ်များကို သိုးထိန်းဆိုင်ရာဂရုစိုက်ပျိုးထောင်ပေးခြင်းနှင့် ခရစ်တော်မှာ အမြစ်တွယ်ပြီး မယ်တော်သခင်မရဲ့လက်ထဲမှာ ဘ၀သက်တာကို ဆက်ကပ်နေထိုင်ခြင်းတို့ပင်ဖြစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်များမှာ စိန်ဒေါမီနစ်ဆာဗီယို နှင့် စိန်မေရီမာဇာရက်လိုတို့ဖြစ်ကြပါတယ်။
စိန်ဂျွန်ဘောစကို။ - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com

Post a Comment

0 Comments