Visit ad limina (သို့) ပုပ်ရဟန်းမင်းကြီးထံ လည်ပတ်ခြင်း

ရိုမန်ကက်သလစ်ခရစ်ယာန်အသင်းတော်တွင် Visit ad limina ဆိုတာကို တချို့လည်း ကြားဖူးကောင်းကြားဖူးကြပါလိမ့်မယ်။ တချို့လည်း အသိတမျိုးမျိုးဖြင့် မှတ်သားကောင်း မှတ်သားမိကြပါလိမ့်မယ်။ Visit ad limina ဆိုတာကို ခပ်လွယ်လွယ်ပြောရရင်တော့ ဒေသခံဆရာတော်ကြီးများဟာ အသင်းတော်ကြီးတစ်ခုလုံးရဲ့ဦးသျှောင် ပုပ်ရဟန်းမင်းကြီးထံ ၅ နှစ်တစ်ကြိမ် တရားဝင်လည်ပတ်ခြင်းပေါ့။ ဒီလို လည်ပတ်ခြင်းကို ၅ နှစ်တခါ ၀တ္တရားတစ်ခုအဖြစ် ပြုလုပ်ကြရပါတယ်။ ဒီလို လည်ပတ်ခြင်းပြုတဲ့အခါ ဒေသခံဆရာတော်ကြီးများဟာ မိမိတို့ဒေသအတွင်း ဖြစ်ပျက်သမျှအကြောင်းရာများ၊ အခြေနေများကို ပုပ်ရဟန်းမင်းကြီးထံ ကိုယ်တိုင်တင်ပြဆွေးနွေးရပါတယ်။ ပြီးမှ ပုပ်ရဟန်းမင်းကြီးရဲ့ အကြံညဏ်များ၊ သြ၀ါဒများကို နားယူပြီး ဆက်လက်အကောင်ထည်ဖော်ရမယ့် အနာဂတ်အစီစဉ်များမှာ အသင်းတော်နဲ့တသားတည်းကျအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ခပ်လွယ်လွယ်နဲ့ အဖြေပေးလိုက်တာပါ။ ဒီ Visit ad limina ကို လုံးပတ်လည်အောင် ထပ်ပြောပြချင်ပါသေးတယ်။
Visit ad limina ဆိုတဲ့ လာတင်စပ်ဝေါဟာရဟာ အတိုကောက်သုံးထားဖြစ်ပါတယ်။ ၎င်းရဲ့မူရင်းစကားလုံးအပြည့်ဟာ Visitatio ad limina apostolorum ဖြစ်ပါတယ် - ဆိုလိုသည်မှာ - တမန်တော်ကြီးများ၏ မုဂ်တံခါးများသို့ လည်ပတ်ခြင်းဖြစ်ပါတယ်။ တမန်တော်ကြီးများဆိုတာ သံပေတရူးနှင့် သံပေါလူးတို့ကို ရည်ညွှန်းထားခြင်းဖြစ်ပြီး ၎င်းတို့ရဲ့ အုပ်ဂူများထံသွားရောက် အရိုသေပေးခြင်းကို ဆိုလိုပါတယ်။ ဒီလို လည်ပတ်ခြင်းမျိုးကို ရှေးဦးခရစ်ယာန်များခေတ်ကာလမှာတော့ သာမန်အရိုသေပေးခြင်းအဖြစ် ပြုလုပ်လာခဲ့ပြီး နောက်တဖြည်းဖြည်းနဲ့ အသင်းတော်ဟာ စနစ်တကျဖြစ်လာတဲ့အခါမှာတော့ ဒါကို ၀တ္တရားတစ်ခုအဖြစ် ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ၅ ရာစုမှာပင် ပုပ်ရဟန်းမင်းကြီး လေအို (၁)ဟာ စစ္စလီမှ ဆရာတော်ကြီးသုံးပါးကို ရောမမြို့တော်၊ အသင်းတော်ရဲ့မဟာအစည်းအဝေးကြီးမှာ ကူညီဖို့ ပုံမှန်စေလွှတ်ခြင်းကို စတင်ဝတ္တရားဖော်ခဲ့ပါတယ်။ ၈ ရာစုမှာဆိုရင် ပုပ်ရဟန်းမင်းကြီး ဇာခေဦးက - ရောမအနီးတ၀ိုက်ရှိ ဆရာတော်ကြီးများအနေဖြင့် ၎င်းထံသို့ နှစ်စဉ် ad limina လည်ပတ်ခြင်းကို ကိုယ်တိုင်ပြုလုပ်ကြဖို့ ၀တ္တရားပြုခဲ့ပါတယ်။ ထိုနောက် ဒီဝတ္တရားဟာ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာပြီး ရောမမြို့နဲ့အနီးတ၀ိုက်သာမဟုတ်တော့ဘဲ ၁၁ ရာစုမှာတော့ အခြားမြို့တော်ကြီးများမှ ဆရာတော်ကြီးများလည်း ပုပ်ရဟန်းမင်းကြီးထံ ယခုလိုလည်ပတ်ခြင်းပြုလုပ်ဖို့ ၀တ္တရားဖြစ်လာခဲ့ပါတယ်။ ၁၃ ရာစု၊ ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၉)လက်ထက်မှာတော့ ဆရာတော်ဘိသိပ်မခံယူမှီ ဆရာတော်လောင်းများဟာ ယခုလို ad limina လည်ပတ်ခြင်းကို နှစ်စဉ်၊ မိမိကိုယ်တိုင်သော်လည်ကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း လည်ပတ်ပြုဖို့ ကတိပြုကြရပါတယ်။
၁၅၈၅ ခုနှစ်၊ ပုပ်ရဟန်းမင်းကြီး စစ္စတု (၅)လက်ထက်မှာတော့ Romanus Pontifex အဖြစ် ရိုမန်ပုပ်ရဟန်းမင်းကြီးဆိုင်ရာ စည်းမျဉ်းထုတ်ပြီး ad limina လည်ပတ်ခြင်းအတွက် စည်းမျဉ်းများ သေချာထုတ်ပြန်ခဲ့ပါတယ်။ ဒီစည်းမျဥ်းထဲမှာတော့ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ဆရာတော်ကြီးများဟာ မိမိတို့တာဝန်ယူထားတဲ့ နေရာအတိုင်းအတာအရ ဘယ်အချိန်၊ ဘယ်နှစ်ခါ စသဖြင့် ad limina လည်ပတ်ရမယ်ဆိုတာကို ညွှန်ကြားထားပါတယ်။
ယနေ့လက်ရှိ ညွှန်ကြားချက်စည်းမျဉ်းကတော့ ၁၉၀၉တွင် ပုပ်ရဟန်းမင်းကြီး ပီအို (၉)ရဲ့ စည်းမျဉ်းလို့ပြောရမှာပါ။ ဒီစည်းမျဉ်းအရ၊ ဒေသခံဆရာတော်တစ်ပါးချင်းစီဟာ ၎င်းရဲ့ သာသနာနယ်အတွင်းမှ ဖြစ်ပျက်သမျှကို ပုပ်ရဟန်းမင်းကြီးနဲ့ကိုယ်တိုင်တွေ့ပြီး ပေးပို့ရပါတယ်။ ဒီလို ၅ နှစ်တခါ သတ်မှတ်ပြီး ကျင့်သုံးလာတာတော့ ၁၉၁၁ ခုနှစ်မှ စတင်ခဲ့ပါတယ်။
ဒီလို ad limina လည်ပတ်ခြင်းမှာ ရည်ရွယ်ချက် သုံးခုရှိပါတယ်။ ပထမ- အဓိကတမန်တော်ကြီးနှစ်ပါးဖြစ်တဲ့ သံပေတရူးနှင့် သံပေါလူးတို့အားအရိုသေပေးခြင်း၊ ဒုတိယ - သံပေတရူးရဲ့အရိုက်ရာအား ဆက်ခံလာသူ ပုပ်ရဟန်းမင်းကြီးအား အရိုသေဂါဝရပြုခြင်း၊ တတိယ - မိမိတို့သာသနာနယ်အတွင်း ဖြစ်ပျက်သမျှအကြောင်းရာများ၊ အရေးတကြီးလိုအပ်သည်များကို ကိုယ်တိုင်တင်ပြဆွေးနွေးပြီး အကြံညဏ်များ၊ အကူညီများရယူခြင်းတို့ပင် ဖြစ်ပါတယ်။
ဆရာတော်ကြီးများ ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံရန် စာင့်ဆိုင်းနေစဉ်။
ဒီနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၈၊ မေလ ၁ -၁၁ အရက်အတွင်းမှာတော့ မြန်မာနိုင်ငံမှ ဆရာတော်ကြီးများသည်လည်း ad limina လည်ပတ်ခြင်းအနေဖြင့် ရောမမြို့တော်သို့ ရောက်ရှိနေကြပါတယ်။ ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာများအားဖြင့် ဆရာတော်ကြီးများရဲ့ လမ်းခရီး၊ လုပ်ဆောင်သမျှ၊ အခြားအကျိုးပြုစေမယ့် အလည်အပတ်များ အစစအရာရာ ဘုရားသခင်ရဲ့ကောင်းကြီးတော်ဖြင့် အဆင်ပြေနိုင်ကြပါစေကြောင်း ဆုတောင်းပေးကြရင်း ဆရာတော်ကြီးများနဲ့အတူ တလုံးတ၀တည်း ရပ်တည်ကြပါစို့။

ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com

Post a Comment

0 Comments