သံယောဟန် ၁၆း၁၂-၁၅
ယနေ့ အသင်းတော်ကြီးတွင် သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲတော်ကြီးကို ကျင်းပကြပါတယ်။ အထူးပြောစရာမလိုပါဘူး- သန့်ရှင်းသောဝိညာဉ်တော်ပုဂ္ဂိုလ်သုံးပါးဆိုတာ တလုံးတ၀တည်း ရှိတော်မူသော စိန္တေမြတ်စွာ ထာဝရဘုရားသခင်ဆိုတာ ကျနော်တို့ခရစ်ယာန်တိုင်း ကောင်းစွာသိရှိနားလည်ကြပါတယ်။ တစ်ဆူတည်းသော စိန္တေမြတ်စွာ ထာဝရဘုရားသခင်သည် လုံးဝခွဲခြားမရနိုင်သော တလုံးတ၀တည်း၊ တစ်ဆူတည်းအဖြစ်တည်ရှိနေသော သီးခြားပုဂ္ဂိုလ်သုံးပါးဖြင့် တည်ရှိနေသည်ကို နားလည် သဘောပေါက်စေဖို့ ဓမ္မဟောင်းကျမ်းမှ အရိပ်အမြွက်များနှင့် ဓမ္မသစ်မှ ဘုရား၏သားတော် ခေါ် ဒုတိယပုဂ္ဂိုလ် ရှင်တော်ယေဇူးသခင်မှ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါတယ်။ ထို့ကြောင့် ကယ်တင်ခြင်းသမိုင်းတလျှောက်တွင် ဘုရား၏သားတော် ယေဇူးခရစ်တော်၏လူ့အဖြစ်ယူခြင်း၊ လူတွေကြားမှာ လူသားတစ်ဦးကဲ့သို့ နေထိုင်အသက်ရှင်ခြင်း၊ လူသားတစ်ဦးကဲ့သို့ ဇီဝအသက်ချုပ်ငြိမ်းခြင်း၊ ဘုရားတန်ခိုးတော်ဖြင့် ပြန်လည် ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်း၊ ပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို စေလွှတ်၍ ကျနော်တို့အားဆက်လက် လမ်းပြတော်မူခြင်းတွေဟာ နက်နဲဖွယ်ရာတို့၏ ထုတ်ဖော်ပြသခြင်း အကြီးမားဆုံးသော ဖြစ်ရပ်တွေသာဖြစ်ပါတယ်။ သို့သည့်တိုင်အောင် တစ်ဆူတည်းသော စိန္တေမြတ် ထာဝရဘုရားသခင်သည် နဲနက်စွာ တည်ရှိနေဆဲပင်ဖြစ်ပါတယ်။
ကျနော်တို့လူသားတွေဟာ ဖန်ဆင်းခံတွေထဲမှာ အမြင့်ဆုံးသော သတ္တ၀ါတွေဟု ဆိုရသော်လည်း အကန့်အသပ်ဖြင့် ရှင်သန်နေရဆဲ၊ ဆင်ခြင်တုံတရား၊ ညဏ်ပညာတွေးခေါ်နိုင်စွမ်းတွေမှာ ကန့်သပ်နေသည့်အတွက် အကန့်သပ်မဲ့ ထာဝရဟူသော စိန္တေမြတ်ဘုရားရှင်နှင့် ဆိုင်သည့် နက်နဲလှသော အရာများကို စုံစုံလင်လင် ပြည့်ပြည့်၀၀သိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဟုပင် ပြောရပါလိမ့်မယ်။ သို့သော်လည်း ဘုရား၏ပုံသဏ္ဍန်နှင့် ဆင်တူ ဖန်ဆင်းခံရပြီး ဘုရား၏ဇာတိတော်၌ မိမိ၏ဦးနှောက်ဉာဏ်နှင့် နှလုံးသားဖြင့် ရှင်သန်နေကြ၍ ဘုရားနှင့်လူအကြား မဝေးကွာလှသည်မို့ ဘုရားအကြောင်းကို မသိဘူးလားဆိုတော့လည်း မဟုတ်ပါဘူး-သိကြပါတယ်။ သိကြပါသလားဆိုတော့လည်း - လုံးလုံး၀၀မဟုတ်ပြန်ပါဘူး။ ၎င်းသည်ပင် ကျနော်တို့အတွက် နက်နဲဖွယ်ရာကြီးဖြစ်နေပြန်ပါတယ်။
၅ရာစုအတွင်းက ဓမ္မသင်္ဂြီုလ်ပညာရှင်ကြီး စိန်သြဂက်စတင်းက သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါး၏ နက်နဲဖွယ်ရာကို စဉ်းစားတွေးခေါ်ကြည့်ရင်း ပင်လယ်ကမ်းရိုးတန်းတလျှောက် သို့ လမ်းလျှောက်ထွက်သွားပါသတဲ့။ အဲဒီလို ကမ်းရိုးတန်းမှာ လမ်းလျှောက်နေစဉ်မှာပဲ လူငယ်လေးတစ်ယောက်က ကမ်းခြေမှာ ပေအနည်းငယ်နက်တဲ့ လက်ယက်တွင်းလေးတူးထားပြီး ပင်လယ်ထဲကရေတွေကို သဲကြီးမဲကြီးခပ်ထည့်နေတာကို တွေ့လိုက်ပါသတဲ့။ ဒါနဲ့ဓမ္မပညာရှင်ကြီးလည်း ကြည့်မနေနိုင်ဘဲ အဲဒီလူငယ်လေးကို ဘာလုပ်နေတာလဲလို့ မေးလိုက်ပါတယ်။ ဒီတော့လူငယ်လေးက - ကျွန်တော်လား၊ အဲဒီပင်လယ်ထဲကရေတွေကို ဟောဒီကျွန်တော့်ရဲ့ ကန်လေးထဲကို ပြောင်းထည့်နေတာလေ- လို့ဖြေလိုက်ပါတယ်။ ဒါနဲ့ ပညာရှင်ကြီးသြဂက်စတင်းက - ဒါဟာ လုံးဝမဖြစ်နိုင်တာပဲလို့လူင ယ်လေးကို ပြောလိုက်ပါတယ်။ ဒီတော့ လူငယ်လေးကလည်း - ဟုတ်တယ်လေ၊ မဖြစ်နိုင်ပါဘူး။ သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါး၏နက်နဲရာကို သင်စဉ်းစားတွေးခေါ်တာ မဖြစ်နိုင်သလိုပေါ့ဗျာ- ဟုပြန်လိုက်ပါတယ်။ ပုံပြင်လေးဟာ မရိုးနိုင်အောင်ထပ်ခါထပ်ခါေ ပြာနေရတဲ့ စိန်သြဂက်စတင်းရဲ့ ပုံပြင်တစ်ခု ဖြစ်ပြီး ကျွန်တော်တို့နှင့် ဘုရားသခင်အကြား ခြားနားချက်ကို ထောက်ပြနေတဲ့ အမှန်တရားတစ်ခုလည်း ဖြစ်ပါတယ်။
ချစ်စွာသော ဓမ္မမိတ်ဆွေများ။ ။အထက်ပါ သာဓကများနှင့်အတူ ယနေ့ သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲတော်ကြီးမှာ ကျနော်တို့အတွက် စိန္တေမြတ် ထာဝရဘုရားသခင်၏ နက်နဲဖွယ်ရာများကို နားလည်ဖို့ သိပ္ပံသီအိုရီသုံးကာ အဖြေထုတ်ဖို့မဟုတ်ပါဘူး။ သိပ္ပံသီအိုရီလည်း ၎င်းအတွက် မလုံလောက်လှပါဘူး။ ဤနေ့ပွဲတော်အားဖြင့် ကျနော်တို့ကို တရားပေးခြင်းပင်ဖြစ်ပါတယ်။- ရှင်သန်ခြင်းတရားပင်ဖြစ်ပါတယ်။
သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါ ဟာ တစ်ပါးနှင့်တစ်ပါး တစ်တူတည်းဖြစ်နေသည့်တိုင်အောင် အတွင်းကျကျ ချစ်ခြင်းမေတ္တာပေါ်မှာ အခြေတည်ပြီး ပေါင်းစည်းနေကြခြင်းဖြစ်ပါတယ်။ ထိုကြောင့် ဘုရားဇာတိမှာ ဖန်ဆင်းခံရသည့် ကျနော်တို့လူသားတွေဟာလည်း ဘုရားသခင်ကို အတုယူကာ တစ်ဦးနှင့်တစ်ဦး အတွင်းကျကျ မေတ္တာတရားဖြင့် ရောနှောပေါင်းစည်းနေထိုင်ကြဖို့ပင် ဖြစ်ပါတယ်။ သဘာဝအလျောက်လည်း ထိုကဲ့သို့ ရောနှောပေါင်းသင်းနေထိုင်တတ်သည့်သတ္တ၀ါများဖြစ်ကြပါတယ်။ ဒီလိုရောနှောဆက်ဆံ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျနော်တို့ရဲ့လူ့အသိုင်းဝိုင်းကြီးဟာ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်ယာန်ဘ၀ဆိုတာ ထိုကဲ့သို့ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများအပေါ်မှာ တရားမျှတခြင်း၊ တန်းတူညီတူဆက်ဆံခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်းတို့ ဖြင့် ရှင်သန်နေပြီး အချင်းချင်းရိုင်းပင်းကူညီရ င်း ရောနှောဆက်ဆံ ပူးပေါင်းကာ ကျွန်ုပ်တို့လောကကြီးကို ကောင်းသထက်ကောင်းအောင် ဖန်တီးသူများ၏ဘ၀ပင် ဖြစ်ရပါမယ်။
ချစ်စွာသော ဓမ္မမိတ်ဆွေ။ ။ကျနော်တို့တတွေဟာ စိန္တေမြတ် ထာဝရဘုရားသခင်ကိုရှာဖွေရာမှာ စိန်သြဂက်စတင်းရဲ့ ပုံပြင်လေးလိုပဲ ပင်လယ်ထဲကရေတွေကို မိမိတို့ရဲ့ လက်ယက်တွင်းထဲ ပြောင်းထည့်ဖို့မဟုတ်ပါဘူး။ ကျနော်တို့တတွေဟာ ဘုရားသခင်၏ပုံသဏ္ဍာန်ဆင်တူနေေ ကြာင်း၊ ဘုရားသခင်၏ ဇာတိတော်၌ ရှင်သန်နေကြကြောင်းကို တနေ့ထက်တနေ့ ပိုမိုသိရှိလာကာ ပုဂ္ဂိုလ်သုံးပါဘုရားတစ်ဆူကို ဘ၀၏စံနမူနာထား၍ ရှင်သန်သွားကြဖို့ပင် ဖြစ်ပါတယ်။ ကျနော်တို့ဘ၀ဟာ ဘုရားသခင်ကို သိရှိဖို့နှင့် ချစ်ဖို့ရန် ဖြစ်ပြီး ဘုရားသခင်သည် ကျနော်တို့ဘ၀ စူးစမ်းရှာဖွေခြင်းရဲ့  ဥဿုံပန်းတိုင်ဖြစ်မယ်ဆိုလျှ င် ထိုရှာဖွေခြင်းပန်းတိုင်ကို တိုင်းတာပေးတာ ကျနော်တို့ရဲ့ ကောင်းမြတ်သော လုပ်ရပ်တွေသာဖြစ်ပါလိမ့်မယ်။
ဒိုမီနီကန်ကိုရင်
#Dominicankoyin
0 Comments