ပြည်သူ့ဆန္ဒမဲနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအတွက် ပန်ကြားနှိုးဆော်လွှာ


နှစ်ပေါင်း ၆၀ ကျော်နေ၀င်ခဲ့ရပြီး အမှောင်ထုတစ်ခု၏ဖုံးလွှမ်းမှု့ကို ခံခဲ့ရသော မြန်မာနိုင်ငံတော်ကြီးနှင့်အတူ ၎င်းအတွင်းမှီတင်းနေထိုင်ကြသည့် လူမျိုးစု၊တိုင်းရင်းသားနွယ်အပေါင်းတို့ဟာ အလင်းရောင်ကို အလွန်ဆာလောင်နေကြပါတယ်။

လွန်ခဲ့သော ငါးနှစ်မှာ အလင်းတန်းမှိန်မှိန်တစ်ခုကို အကျွန်ုပ်တို့တတွေမြင်တွေ့ခဲ့ရပြီ။ ထို့ကြောင့် နိုင်ငံတော်နှင့်မှီတင်းနေထိုင်သူအားလုံးအတွက် မျှော်လင့်ချက်တို့တဖန်မွေးခဲ့ပါပြီ။ သို့သော်လည်း ထိုမျှော်လင့်ချက်ကို အကောင်ထည်ဖော်နိုင်ဖို့တော့ အကျွန်ုပ်တို့တစ်ဦးချင်းစီ မပါမနေ၊ မဖြစ်မနေ ပါဝင်လှုပ်ရှားကြရပါလိမ့်မယ်။ ထိုအခွင့်အရေးသည်ပင် လူတစ်ဦး၏ အခြေခံအခွင့်အရေးပါ။ ဒီမိုကရေစီမှာ ပြည်သူပြည်သားတစ်ဦးချင်းစီ၏ မဲဆန္ဒတွေဟာ အလွန်တန်ဖိုးကြီးလှပါတယ်။ ထို့ကြောင့် ကြားနေ၍ မဖြစ်ပါ။ မဲပေးကို ပဲရပါမယ်။ အသက်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်ရှိကို ရှိရပါမယ်။ မဲပေးဖို့ဟာ ပြည်သူ ပြည်သား တစ်ဦးချင်းစီ၏ နိုင်ငံ့တာဝန်ပါပဲ။ ဒါကြောင့် မိမိတို့၏မျိုးချစ်စိတ်တွေကို ဤနေရာမှာ အကောင်းဆုံးအသုံးချလိုက်ကြပါ။

ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ ယခုလိုနိုင်ငံမှာ ပါတီပေါင်းများစွာရှိနေတာ မဆန်းပါဘူး။ ဒီလို မတူညီကွဲပြားတဲ့ ပါတီတွေရှိနေတာဟာ နိုင်ငံတော်ကို အကျည်းမတန်စေပါဘူး - တကယ်တော့ အရောင်စုံပြီး ပို၍တင့်တယ်စေပါတယ်။ ပါတီအမျိုးမျိုးမှ အရည်အချင်းမျိုးစုံနှင့်အမတ်လောင်များလည်း နိုင်ငံတော်ကြီး၏အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကို အကောင်ထည်ဖော်ဖို့အတွက် ရရာတာဝန်ထမ်းဆောင်ကြမယ်ဆိုတဲ့ ၎င်းတို့၏ဆန္ဒတွေကို ထုတ်ဖော်ပြသနေကြပါတယ်။ ထိုသို့ပင်ဆိုစေသော်လည်း ပြည်သူတွေအတွက်တော့ မှန်မှန်ကန်ကန်နှင့် အသင့်တော်ဆုံး အမတ်လောင်းကို  မဲပေးရွေးချယ်နိုင်စွမ်းရည်ရှိဖို့တော့ ပို၍လိုအပ်လာပါပြီ။

နှစ်ပေါင်း ၆၀ကျော် အလင်းပျောက်နေတဲ့ နိုင်ငံတော်ကြီးမှာ အနာအဆာ ဒဏ်ရာပေါင်းများစွာဖြင့် ဖြတ်သန်းလာခဲ့ရပါတယ်။ ဒီဒဏ်ရာတွေကို ကုစားပေးဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ထို့ကြောင့် မိမိတို့တတွေဟာ မဲဆန္ဒပေးတော့မည်ဆိုလျှင် တနိုင်ငံလုံးအတိုင်းအတာဖြင့်ကြည့်၍ အမြင်ကျယ်ကျယ်ဖြင့် မဲပေးနိုင်စွမ်းရှိဖို့လိုပါလိမ့်မယ်။ ဒီအချိန်ဟာ နိုင်ငံတော်ကြီးကို ကုစားနေရသည့်အချိန်ဆိုတာ မမေ့ကြပါနှင့်။

ထို့ကြောင့် မိမိတို့တတွေအနေဖြင့် မဲပေးတော့မည်ဆိုလျှင် -
၁။ မြန်မာပြည်အတွင်း ကာလကြာရှည်ဖြစ်ပွားနေသည့် တိုင်းရင်းသားပိပက္ခနှင့် စစ်ပွဲများကို အဆုံးသပ်နိုင်စွမ်းရှိသည့် ပါတီနှင့်၎င်းပါတီဝင်များ

၂။ တကွဲတပြားဖြစ်နေသော နိုင်ငံတော်၏တိုင်းရင်းသားမျိုးနွယ်စုများအား ပြည်ထောင်စုကြီးအဖြစ် စစ်မှန်သည့် စည်းလုံးညီညွှတ်ခြင်းနှင့် အားလုံးတန်းတူအခွင့်အရေးရရှိအောင် ပြုလုပ်ပေးနိုင်စွမ်းရှိသည့် ပါတီနှင့် ၎င်းပါတီဝင်များ

၃။ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသားတိုင်း၏ လူနေမှု့ဘ၀ကို အမှန်တကယ်မြှင့်တင်ပေးနိုင်မည့် ပညာရေး၊ စီးပွားရေး၊နှင့် လူ့အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်မည့် ပါတီနှင့် ၎င်းပါတီဝင်များ

၎။ နိုင်ငံတော်အတွင်းရှိ သဘာဝသံယဇာတများကို နိုင်ငံအကျိုးပြုနှင့် ပြည်သူပြည်သားများလည်း မျှဝေခံစားခွင့်ရှိအောင် အခြားနိုင်ငံများနှင့်လက်တွဲလုပ်ဆောင်သည့်တိုင်အောင် မိမိတို့၏နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးနိုင်ပြီး နိုင်ငံတော်၏သဘာဝအရင်းအမြစ်တွေကို နည်းစနစ်ကျကျအသုံးပြု၍ ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် ပါတီနှင့် ၎င်းပါတီဝင်များ

၅။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်းနှင့် တစ်ထပ်တည်းကျပြီး နိုင်ငံတော်အား စစ်မှန်သည့် စနစ်ကောင်းများဆီသို့ ခေါ်ဆောင်သွားနိုင်သည့် ပါတီနှင့် ၎င်းပါတီဝင်များကို စီစစ်ရွေးချယ်ပြီး မဲပေးနိုင်ကြရပါမယ်။ သို့မှသာလျှင် ကျွန်ုပ်တို့သည်လည်း နိုင်ငံပေးတာဝန်ကို တာဝန်ကျေပွန်စွာ ဖြည့်ဆည်းရာရောက်ပါလိမ့်မယ်။

အကျွန်ုပ်သည် ကက်သလစ်ခရစ်ယာန်ရဟန်းလောင်းဖြစ်သည့်အလျောက် ပါတီနိုင်ငံရေးအား လုပ်ဆောင်ခြင်းမပြုသည့်အတွက် ဘယ်ပါတီကို မဲပေးပါ၊ ဘယ်ပါတီကို ကန့်ကွက်ပါဟူ၍ မဟောပြောပါ။ သို့သော်လည်း နိုင်ငံသားတစ်ဦးဖြစ်သည့်အလျောက်၊ တရားတော်၏သားတော်ဖြစ်သည့်အလျောက် အမျိုးသားနိုင်ငံရေးအရ နိုင်ငံတော်ကို အမှန်တကယ်ငြိမ်းချမ်းစေရန်နှင့် ဘယ်စုံဖွံ့ဖြိုးတိုးတက်စေဖို့ ယေဇူးခရစ်တော်၏မေတ္တာတရား၊ ငြိမ်းချမ်းခြင်းတရားနှင့် တရားမျှခြင်းတရားတို့ကို လက်ကိုင်ထား၍ ယခုလို နိုးဆော်လိုက်ရခြင်းသာ ဖြစ်ပါတယ်။

ဆုတောင်းမေတ္တာ။
တရားမျှတခြင်း၊ မေတ္တာတရားနှင့် အားလုံးစုံကို တတ်နိုင်သောမူသော အိုအဖဘုရားသခင်၊ တပည့်တော်တို့၏နိုင်ငံတော်ကြီးကို ကောင်းကြီးပေးသနားတော်မူပါ။ နိုင်ငံတော်အတွင်းရှိ အုပ်ချုပ်ဦးဆောင်နေသူများကိုကောင်းကြီးပေးတော်မူပါ။ ပြည်သူပြည်သား တစ်ဦးချင်းစီကိုလည်း ကောင်းကြီးပေးတော်မူပါ။ မကြာမှီကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲမှာလည်း ကိုယ်တော်ရှင်အစ၊အလယ်၊ အဆုံးထိတိုင်အောင် ပါဝင်ပြီး ငြိမ်းချမ်းစွာ ကျင်းပပြုလုပ်နိုင်စေဖို့ ကောင်းကြီးပေးတော်မူပါ။ ရွေးကောက်ပွဲကြီးကိုလည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီးဖြစ်စေတော်မူပါ။ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ကြပြီး မဲပေးကြသူတိုင်းလည်း မှန်ကန်လွတ်လပ်စွာ မဲပေးနိုင်ကြစေတော်မူပါ။ အခုရွေးကောက်ပွဲကြီးမှ မြန်မာနိုင်ငံတော်အတွက် ငြိမ်းချမ်းရေးနှင့် ဘက်စုံတိုးတက်မှု့ရှိရန် ဦးဆောင်ဦးရွက်ပြုနိုင်သော အစိုးရဖွဲ့ကို ရွေးကောက်နိုင်စေပါမည့်အကြောင်း ကိုယ်တော်ရှင်၏တစ်ပါးတည်းသော သားတော်ယေဇူးခရစ်တော်ကို အမှီပြု၍တောင်းလျှောက်ကြပါသည်။ အာမင်။


ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments