သံမာကု ၉း၃၀-၃၇
ယနေ့ကျမ်းစာကတော့ လူ့လောကရဲ့ သဘောသဘာဝတစ်ခုကို ကွက်ကွက်ကွင်းကွင်း မြင်မိစေတာပဲ။ သခင်ဖြစ်သူက မိမိကိုယ်ကို ဘယ်လိုဘယ်ပုံနဲ့ အနိမ့်ကျခံပြီး အားလုံးအတွက် မိမိအသက်ကို ဘယ်လိုပေးဆပ်မလဲဆိုတာ ကြိုတင်ပြောပြနေချိန်မှာ တပည့်တော်ကြီးတွေကတော့ တို့တတွေထဲက ဘယ်သူက အမြင့်မြတ်ဆုံးလဲလို့ ငြင်းခုံနေကြပါတော့တယ်။
ကျွန်ုပ်တို့လူတွေကြားမှာ တစ်ဦးထက်တစ်ဦး ပို၍သာလွန်စိတ်၊ တနေရာမဟုတ် တနေရာမှာဖြစ်ဖြစ် သူ့ထက်ငါသာလိုက်ချင်တယ်ဆိုတဲ့စိတ်တွေ ရှိနေတတ်တာ သဘာဝပါ။ အကယ်၍များ အဲဒီလို သူ့ထက်ငါ မသာလိုက်ရပါက မိမိကိုယ်ကို စိန်ခေါ်ခံနေရပြီလို့ ခံစားတတ်ကြတာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခုပါပဲ။ ဒီလိုခံစားတတ်ခြင်းနှင့် ဖြစ်တတ်ခြင်းဟာ မှားယွင်းခြင်းမဟုတ်ပါဘူး။ သို့သော်လည်း ကျွန်တော်တို့တတွေအနေဖြင့် တစ်ဦးထက်တစ်ဦး အမှန်တကယ်သာလွန်လိုပါက ဤနည်းဟာဖြင့် အလုပ်မဖြစ်ကြောင်း ခရစ်တော်က မီးမှောင်းထိုးပြပြီး မြင့်မြတ်ပြီး အများတကာထက် ထိပ်ဆုံးမှာ ဖြစ်နေချင်သူဟာ အများတကာရဲ့ကို အစေခံနိုင်သူဖြစ်ပြီး မိမိဟာ အမြဲတမ်း နောက်ဆုံး၊ အောက်ဆုံးမှာနေတတ်သူ ဖြစ်ရမယ်ဟု သွန်သင်ပါတယ်။
မိတ်ဆွေ၊ ဒီနေ့တရားနဲ့အတူ သင်ခန်းစာပေးနေတာကတော့ -
သင်ဟာ ခေါင်းဆောင်းကောင်းဖြစ်လိုလျှင်တော့ အများတကာကို နှိမ့်ချခြင်းဖြင့် အောက်ကြို့ခံကာ အစေခံနိုင်သူဖြစ်ဖို့လိုပါလိမ့်မယ်။ သို့မဟုတ်လျှင် သင်ဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘဲ အာဏာရှင်၍ နေရာမက်သူသာ ဖြစ်နေပြီး အများတကာအသိမှတ်ပြုတဲ့ ခေါင်းဆောင်ကောင်းမဟုတ်ဘဲ၊ မိမိကိုယ်တိုင် မတရားနည်းဖြင့် ရယူထားတဲ့ ခေါင်းဆောင်နေရာပဲ ရနေသူဖြစ်ပါလိမ့်မယ်။
သင်ဟာ ကြီးမြတ်သူဖြစ်လိုလျှင်တော့ မြင့်မြတ်တဲ့စိတ်နဲ့ ကြီးမြတ်တဲ့နှလုံးသား ရှိနေဖို့လိုပါတယ်။ အားလုံးကို လက်ခံတတ်ပြီး နားလည်ပေးတတ်ဖို့လိုပါတယ်။ ထို့ကြောင့် ခရစ်တော်က ကလေးသူငယ်ကိုပင် ပုံနမူနာခေါ်ပြီး ဤကလေးငယ်လိုသူကို လက်ခံလျှင် သူ့ကိုလက်ခံပြီး သူ့ကို လက်ခံလျှင် သူ့ကိုစေလွှတ်သူအားလက်ခံပါတယ်ဟု မိန့်ဆိုပါတယ်။ ကြီးမြတ်သူတစ်ဦးမှာ ကျောသားရင်သားခွဲခြားမှု့မရှိပါဘူး။ ထိုသို့မျက်နှာလိုက်ခြင်းကိုလည်း မရှိပါ။ အကယ်၍ သင့်မှာ ထိုသို့မြင့်မြတ်တဲ့စိတ်နဲ့ ကြီးမြတ်တဲ့နှလုံးသားမရှိလျှင် သင်ဟာ ဂုဏ်မက်မောပြီး အတ္တကြီးသူသာဖြစ်နေပါလိမ့်မယ်။
ခရစ်ယာန်များပီပီ ကျွန်တော်တို့တတွေဟာ အများတကာကို နှိမ့်ချစွာ အစေခံပြုရင်း ခေါင်းဆောင်ကောင်းများဖြစ်နေရမှာဖြစ်သလို ကျောသားရင်သားခွဲခြားမှု့ မပြုဘဲ အားလုံးသောသူတွေကို မိမိတို့၏ညီအစ်ကိုမောင်နှမတွေလို သဘောထားပြီး မြင့်မြတ်တဲ့စိတ်နဲ့ ကြီးမြတ်တဲ့နှလုံးသားများဖြင့် ခရစ်တော်သွန်သင်မိန့်ဆိုတဲ့ ကြီးမြတ်သူဖြစ်နည်းလမ်းစဉ်ကို ကျင့်ကြံရင်း လောကကမ္ဘာကို အလင်းဆောင်ပေးကြပါစို့။
ကိုရင် (ဒိုမီနီကန်)
0 Comments