စိန်မိုင်ကယ်၊ စိန်ဂဗြရယ်နှင့် စိန်ရာဖာအဲလ်


ကောင်းကင်တမန်တော်ကြီးသုံးပါးဖြစ်သည့် မိုင်ကယ်၊ ဂေဗြရယ်နှင့် ရာဖာအဲလ်တို့မှာ သမ္မာကျမ်းစာတော်ထဲ၌ ဖော်ပြထားသော သုံးပါးတည်းသော ကောင်းကင်တမန်တော်ကြီးများပင်ဖြစ်ပြီး ကယ်တင်ခြင်းသမိုင်းတွင် အဓိကအရေးကြီးသောအခန်း(role)မှ ပါဝင်နေကြသည်။

မိုင်ကယ်။        ။ မိုင်ကယ်ဟူသောအမည်မှာ “အဘယ်သူသည်ဘုရားနှင့်တူသနည်း”ဟုအဓိပ္ပါယ်ရသည်။ ကျမ်းစာသုံးအုပ်ဖြစ်သည့် ဒံနီယဲကျမ်း၊ဗျာဒိတ်တော်ကျမ်းနှင့် ဂျု့ရေးသောစာ များ၌ မိုင်ကယ်၏အကြောင်းကို ဖော်ပြပြောဆိုထားကြသည်။ ဗျာဒိတ်ကျမ်း(၁၂း၇-၉)တွင် “ဤတွင် ကောင်းကင်၌စစ်ကြီးဖြစ်လေရာ မိုင်ကယ်နှင့် သူ၏ကောင်းကင်တမန်တော်များသည် နဂါးကြီးကိုတိုက်ခိုက်ကြ၏။ နဂါးကြီးနှင့်သူ၏ တမန်တော်များသည်လည်း ပြန်လည်တိုက်ခိုက်ကြလေသည်။ -သို့ရာတွင် သူတို့သည်စစ်ရှုံးသောကြောင့် ကောင်းကင်ဘုံ၌သူတို့အတွက် နေရာမရှိတော့ပေ။- ထိုအခါကမ္ဘာတခုလုံးကိုလှည့်စားပြီး စာတန်နတ်ဆိုးဟုခေါ်တွင်သော ရှေးမြွေနဂါးဖြစ်သည့် နဂါးကြီးသည် မိမိ၏တမန်များနှင့်အတူ မြေပေါ်သို့ပစ်ချခြင်းကိုခံရလေ၏” ဟူ၍ ကောင်းကင်နိုင်ငံ၏တကယ့်စစ်ပွဲကြီးအကြောင်းကို ဖတ်သိရတယ်။ မိုင်ကယ်ဟာ ဘုရားသခင်ပေါ်သစ္စာရှိမှု့၌ချန်ပီယံဖြစ်လေသည်။ ထိုကြောင့် စိန်မိုင်ကယ်ထံမှာ ခရစ်တော်အားပိုပြီးချစ်နိုင်အောင် သစ္စာရှိနိုင်အောင်နှင့် ကာသိုလ်လစ်အသင်းတော်၏ ယုံကြည်ရာချက်များကို မှန်ကန်စွာ ကျင့်ကြံနိုင်အောင် ဆုတောင်းနိုင်ပါတယ်။

ဂေဗြရယ်။       ။ဂေဗြရယ်ဆိုသည်မှာ “ဘုရား၏တန်ခိုး”ဟုအဓိပ္ပါယ်ရသည်။ သူ၏အကြောင်းကိုလည်း ဒံနီယဲကျမ်းစာတွင်ဖော်ပြပြောဆိုထားပါသည်။ သံလုကားကျမ်း၌ဖော်ပြရာမှ ဂေဗြရယ်ဆိုသည့် အမည်ဟာ ကျွန်ုပ်တို့နှင့်ပိုမိုကျွမ်းဝင်လာပါသည်။ ကယ်တင်ရှင်မက်စီးယား၏မိခင်ဖြစ်လာမည်ဟု ကညာစင်မာရီယားအား ထိုကောင်းကင်တမန်တော်ကြီးက အမိန့်တော်ပြန်ခဲ့ပါတယ်။ ဇာခရိယနှင့် ဧလီဇဘက်မှ သံယောဟန်ဘတ္တိဇံမွေးဖွားမည်ကိုလည်း ဇာခရိယထံမှာ ပြောဆိုခဲ့ပါသေးသည်။ ဒီတော့ သူ့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ကြေငြာသူ၊ သတင်းကောင်းကြေငြာသူပင်ဖြစ်ပါသည်။ ဒါကြောင့် ကျွန်ုပ်တို့တတွေလည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြားနိုင်ရန် သူ့ထံအကူညီတောင်းကြပါစို့။


ရာဖာအဲလ်။      ။ရာဖာအဲလ်ဆိုသည်မှာ “ဘုရားက ကုသလိုက်ပြီ”ဟု အဓိပ္ပါယ်ရသည်။ တိုဘိယကျမ်းစာ၌ ရာဖာအဲလ်၏စိတ်ဝင်စားဖွယ်အခန်း(role)ကို တွေ့ရှိရပါသည်။ တိုဘိယအား ကာကွယ်ပေးခြင်းနှင့်ကုသခြင်းကို ပြုလုပ်ပေးသူဖြစ်သည်။ ခရီးအဆုံး အရာအားလုံးပြီးပြည့်စုံသောအခါ ရာဖာအဲလ်က သူ၏သရုပ်မှန်ကို ဖော်ပြခဲ့သည်။ သူ့ကိုယ်သူ ဘုရားသခင်၏ပုလ္လင်ရှေ့ရပ်နေသော တမန်တော်ခုနှစ်ပါးမှ တစ်ပါးဖြစ်ကြောင်းပြောဆိုခဲ့သည်။ကျွန်ုပ်တို့တတွေလည်း စိန်ရာဖာအဲလ်ထံတွင် အကာအကွယ်နှင့်အတူ ကုသခြင်းများတောင်းဆိုရင်း အကျင့်ဖျားနာမှု့တွေမှ ကင်းဝေးအောင် ဆုတောင်းကြပါစို့။

မနောအောင်

Post a Comment

0 Comments