မိဘတို့အား ရိုသေခြင်းကိုပြုလော့ . . .


ကမ္ဘာပေါ်ရှိသန်းပေါင်းများစွာထဲမှာမှ ကျွန်တော်တို့အတွက် မိဘဆိုတာ တိတိကျပြောရလျှင်တော့ ဖေဖေနှင့်မေမေဟူသော လူသားနှစ်ဦးတည်းသာ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ကျွန်တော်တို့ဘ၀မှာ ထိုဖေဖေနှင့်မေမေကဲ့သို့သော တန်ဖိုးမဖြတ်နိုင်သော မေတ္တာတရားပိုင်ရှင် ပုဂ္ဂိုလ်များဟာလည်း မိဘများအဖြစ် အရိုသေပေးခြင်း ခံထိုက်သူများဖြစ်ပါတယ်။ ထို့ကြောင့် မိဘဆိုတဲ့ ဝေါဟာရအဓိပ္ပာယ်ဟာလည်း ကျယ်ပြန့်လွန်းပါတယ်။ ကျွန်တော်တို့မွေးဖွားချိန်မှစ၍ ကြီးပြင်းလာရာ ဘ၀ခရီးတလျှောက် မိဘမေတ္တာကို မိမိ၏ ဖခင်နှင့် မိခင်တို့ကဲ့သို့ ပေးကမ်းနိုင်ကြသူတိုင်းဟာ မိဘတွေဟု ခေါ်ဆိုထိုက်၍ လက်ခုပ်ဦးမျှော် ပူဇော်ဂါဝရပြုခံ ထိုက်သူများဖြစ်ပါတယ်။

ဗုဒ္ဓ၏မြတ်သောဝါဒလွှမ်းမိုးထားသည့် မြန်မာ့နိတိကျမ်းသွန်သင်ချက်ထဲမှာ မိဘဆိုတာ အနန္တော အနန္တ ဂိုဏ်းဝင်ဖြစ်ပြီး ပူဇော်ရိုသေထိုက်သူများအဖြစ် သွန်သင်ထားပါတယ်။ ထို့အတူ ကျွန်တော်တို့ ခရစ်ယာန်၏ မြတ်သောဝါဒမှာလည်း မိဘဆိုတာ ရိုသေထိုက်သူသာ မဟုတ်ဘဲ ကျွန်တော်တို့လို သားသမီးများအတွက် ဤလောကတွင် ဘုရားသခင်ခန့်အပ်ထားသည့် ကိုယ်စားလှယ်များဖြစ်ကြ၍ မိဘဆိုတာ နာခံထိုက်သူများ ဖြစ်ကြောင်း၊ ကြောက်ရွံ့ရိုသေထိုက်သူများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သွန်သင်ထားပါတယ်။ သခင်ခရစ်တော်ယေဇူးကိုယ်တော်တိုင် လောကသို့ကြွဆင်းခဲ့စဉ် သံဇူဇယ်နှင့် မာရိယာတို့အား မိဘများအဖြစ် ကြောက်ရွံ့ရိုသေစွာ နာခံ၍ နေထိုင်ခဲ့ကြောင်း ဧ၀ံဂေလိကျမ်းများတွင် မှတ်တမ်းတင်ထားပါတယ်။ ထို့ကြောင့် သံပေါလူးက ထပ်ဆင့်၍ သားသမီးများတို့ မိဘတို့စကားကို နားထောင်ကြလော့။ ဤအမှုသည် ဘုရားသခင်နှစ်သက်တော်မူသော အမှုဖြစ်၏ (ကော်လောဆေ ၃း၂၀) မှာ သွန်သင်မိန့်ကြားခဲ့ပါတယ်။

မိဘဟူသည်ကား “မကောင်းမြစ်ထာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်း” ဟူသော ၀တ္တရားငါးခုအား ၀တ္တရားအဖြစ်မဟုတ်ဘဲ  မိမိတို့ဘ၀အဖြစ် ကျင့်ဆောက်တည်ကြသူများ ဖြစ်ပါတယ်။ ထို့ကြောင့်လည်း ၎င်းတို့၏မေတ္တာကျေးဇူးအား မြင့်မိုရ်တောင်ဦး မကကျူးဟု တင်စားပြောဆိုတတ်ကြသည်မှာ မလွန်ပါ။ ထို့အပြင် မိဘဟူသည်ကား လက်ဦးဆရာဟုလည်း တင်စားခေါ်ဆိုကြသည့်အတိုင်း ရင်သွေးငယ်တို့ စကားမပြောတတ်မီကပင်စ၍ ၎င်းတို့ဘ၀ချုပ်ငြိမ်းသွားသည့်တိုင်အောင် အကွက်စေ့စေ့ဖြင့် မရိုးနိုင်အောင် သွန်သင်ပေးကြပါတယ်။ မိဘတိုင်းဟာ မိမိတို့၏ရင်သွေးငယ် ရတနာများအားလုံးကို လိမ္မာစေချင်ကြပါတယ်။ အနာဂတ်ကောင်းတွေကို ပိုင်ဆိုင်စေလိုကြတယ်။ တခါတရံ မိသားစုအတွင်း ပြောဆို ဆုံးမစကားကို လုံးဝ နားမထောင်သော သားသမီးများနှင့် ရင်ဆိုင်လာကြရတဲ့အခါ အင်မတန်မှ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ သို့သော်လည်း ဘယ်မိဘမှ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိပါဘူး။

မိဘမေတ္တာကိုယ်က မြင့်မြတ်လွန်းပါတယ်။ မည်သို့မည်မျှပင် ဆိုးသွမ်းခဲ့စေကာမူ မိဘဟူသော မေတ္တာရင်မှာ စတင်ကိန်းအောင်းလာချိန်မှစ၍ ထိုပုဂ္ဂိုလ်တို့ဟာ လောကကြီးပေါ်မှာ သူတို့ရဲ့အမြင်တွေ ပြောင်းလဲလာခဲ့ပါတယ်။ တနည်းအားဖြင့် မိဘမေတ္တာအားဖြင့် လောကကို ရှု့မြင်လာတော့တာပါပဲ။ ထို့ကြောင့် မဟာသမုဒ္ဒရာ၊ မြင့်မိုရ်တောင်နှင့် အဇာ ကောင်းကင်ကြီးတို့ပင် မိဘမေတ္တာနှင့် နှိုင်းယှဉ်လျှင် သေးငယ်သွားကြရသည်ဟု ဆိုကြပါတယ်။

ကျွန်တော်တို့၏မြတ်သော ခရစ်ယာန်တရားတော်တွင် မိဘတို့အားရိုသေခြင်းကိုပြုလော့ဟု၍ ဂျူးတို့၏ဓမ္မခေတ်ကာလသွန်သင်ချက်အား အခြေခံပါတယ်။ ထိုခေတ်ထိုကာလ ကယ်တင်ရှင်ဘုရား ဆင်းမကြွလာမှီအချိန် ဘုရားသခင်သည် တမန်တော်ကြီးမိုးဇယ်မှတဆင့် ပညတ်တော်ဆယ်ပါးကို ပေးခဲ့ပါတယ်။ ပညတ်တော် ဆယ်ပါးတွင် ပထမ ပညတ်သုံးခုမှာ ဘုရားသခင်အပေါ် ကျွန်တော်တို့ လူသားများထားရမည့် စိတ်နေသဘောထားနှင့် စပ်လျဉ်း၍ သွန်သင်ထားပြီး ကျန်သည့် ခုနှစ်ချက်မှာ ကျွန်တော်တို့လူသားအချင်းချင်းကြား ထားရှိကြရမည့် စိတ်နေသဘောထားနှင့် စပ်လျဉ်း၍ သွန်သင်ထားပါတယ်။ ထိုသို့ လူသားအချင်းချင်းကြားထားရှိကြရမည့် စိတ်နေသဘောထားမှာ မိဘဟာ ပထမဦးဆုံးနေရာယူထားပါတယ်။ အမှန်တကယ်လည်း ကျွန်တော်တို့ဘ၀၏ ပထမဆုံးသောနေရာကို ပိုင်ဆိုင်သူများဖြစ်ပါတယ်။ ကျွန်တော်တို့အား လူ့ဘ၀သို့ခေါ်ဆောင်ပေးသူ ပထမဆုံးထိတွေ့ရသူတွေဟာ မိဘတွေပါပဲ။ ကျွန်တော်တို့ကို ပထမဆုံးပညာပေးသူများဟာလည်း မိဘတွေဖြစ်၍ လက်ဦးဆရာဟုပင် တင်စားခံရသူတွေပါ။ ကျွန်တော်တို့အား နားလည်ပေးနိုင်ဆုံးသော ပထမဆုံးသူတွေဟာလည်း မိဘတွေဖြစ်တာမို့ “တောင်းစုတ် ပလုပ်စုတ်တွေသာပစ်ရိုးထုံးစံရှိပေမယ့် သားဆိုးသမီးဆိုးတော့ ပစ်ရိုးထုံးစံမရှိ” စာဆိုပေါ်ထွက်လာခဲ့တာပါ။ မိဘမေတ္တာဟာ ရိုးရှင်းပေမယ့် မရိုးနိုင်တာအောင် ကြီးမြတ်တာမို့ စာပေဖွဲ့မမှီအောင်ပင် ရှိလှပါတယ်။ မြင့်မိုရ်တောင်ပင် သေးငယ်ရပါတယ်။ တကယ့်ကို မာတုရမေတ္တာပါပဲ။

သို့သော်လည်း ယနေ့ခေတ် သက်ကြီးရွယ်အိုမိဘတွေဟာ သနားစရာအဖြစ်သို့ရောက်နေပါပြီ။ စီးပွားရေးကို ဦးစားပေးလွန်းတဲ့ခေတ်မို့ အရာရာဟာ တွက်ချက်ခံနေရတဲ့အခါ မိဘတွေဆိုတာလည်း ဘယ်လောက် အသုံးဝင်သလဲလို့ တွက်ချက်ခံနေကြရပြီ။ မိဘဟာ အသက်အရွယ်ထောက်လာလို့ အသုံးမ၀င်တော့ဘူးလို့ တွက်ချက်ခံလိုက်ရပြီဆိုရင် ပို့ခံရမည့်နေရာက သက်ကြီးရွယ်အိုဂေဟာပါပဲ။ တချို့ပိုဆိုးတာက သားသမီးများက စွန့်ခွာထွက်ပြေးသွားကြတာပဲ။ လူ့မိသားစုအသိုက်အမြုံမှာ မေတ္တာတရားတွေလည်း စီးပွားရေးဆန်ဆန် တွက်ချက်ခံနေရပြီလား။ သက်ကြီးရွယ်အိုဂေဟာများကိုလည်း အသင့်ပြုလုပ်ထားတဲ့ မိဘစွန့်ပစ်ရာနေရာတစ်ခုလိုပဲ လူအများတွက်ဆလာကြတယ်။ တကယ့်ကို စိတ်မကောင်းစရာကောင်းပါတယ်။

မိတ်ဆွေများခင်ဗျာ - ကျွန်တော်တို့တတွေ ယနေ့မိဘများပွဲနေ့မှာ ဒါတွေကို လေးလေးနက်နက် စဉ်းစားဖို့ ဖိတ်ခေါ်ပါရစေ။ အထူးသဖြင့် ခရစ်တော်သခင်အား အတုယူကျင့်ကြံနေကြသော ခရစ်ယာန်၏ မြတ်သောအယူဝါဒတွင် မေတ္တာတရားဟာ အင်မတန်ကြီးမြတ်လေးနက်ပါတယ်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်အထိပင် ကျွန်တော်တို့တတွေဟာ ချစ်ခြင်းမေတ္တာအားဖြင့် ဘုရားသခင်၏ သားသမီးများအဖြစ် ဒီကမ္ဘာလောကကြီးကို သက်သေခံသွားကြရမှာဖြစ်ပါတယ်။ ထိုသို့ မေတ္တာတရားကို သက်သေခံရာတွင် ဘ၀အစ ပထမဆုံး ထိတွေ့ရတဲ့ မိဘတွေဟာ သက်သေခံရာ ပထမဆုံးသော မေတ္တာရှင်တွေ ဖြစ်တာမို့ ထိုမေတ္တာရှင်တွေနဲ့ ပူးတွဲကျင့်ကြံခြင်းဟာ ဘုရားသခင်၏မိသားစု တည်ဆောက်ရာ စံနမူနာများဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် အသင်းတော်၏သွန်သင်ချက်အတိုင်း မိဘတွေဟာ ရိုသေထိုက်ပြီး နာခံထိုက်သူများဖြစ်ပါတယ်။ ၎င်းတို့၏အခွင့်အရေးအရပင် ကျွန်တော်တို့တတွေဟာ မိဘတွေကို နာခံရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဘုရားသခင်အပေါ် ကျွန်တော်တို့၏ စိတ်နေသဘောထားကို မိဘများအား နာခံခြင်းအားဖြင့် လက်တွေ့ကျကျ ကျင့်ကြံနိုင်စေတာလည်း ဖြစ်ပါတယ်။

မနောအောင်



Post a Comment

0 Comments