ယေဇူးသခင် ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်း


သံမာကု ၁၆း ၁၅ - ၂၀

ယေဇူးသခင်သည် ကောင်းကင်ဘုံသို့တက်ကြွတော်မူကြောင်းကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအချုပ်ထဲမှာ ထည့်ဆိုလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤအချက်ဟာ ကျွန်ုပ်တို့ခရစ်ယာန်ဘ၀မှာ အင်မတန်မှ အရေးပါရုံမကဘဲ တစ်ဦးချင်းစီတိုင်းအတွက်လည်း နေ့စဉ်ထောက်ရှု့မျှော်လင့်ရာဘ၀အသက်တာတစ်ခု ဖြစ်ပါတယ်။ ယနေ့ သံမာကု၏ဧ၀ံဂေလိတရားတော်မှာ ယေဇူးခရစ်တော်သခင်ဟာ တပည့်တော်ကြီးများအရှေ့မှာပင် ကောင်းကင်ဘုံသို့တက်ကြွတော်မူကြောင်းကို ရေးသားထားပါတယ်။ အမှန်တော့ ယေဇူးသခင် ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်အကြောင်းအရာထက် ကိုယ်တော်၏တပည့်တော်ကြီးများကို ကမ္ဘာအရပ်ရပ်သို့စေလွှတ်နေသည့်အကြောင်းအရာက ပို၍အရေးပေးဖော်ပြထားပါတယ်။ ဒီတော့ ခရစ်တော်၏ ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းဟာ ဧ၀ံဂေလိတရားတော်ကို အပ်နှင်းခြင်းဟု ဆိုနိုင်ပါတယ်။ သို့ဖြစ်၍ တပည့်တော်ကြီးများဟာ ထိုဧ၀ံဂေလိတရားတော်ကို ကမ္ဘာအရပ်ရပ်သို့ လိုက်လံဟောပြောသက်သေခံနိုင်ကြမှာဖြစ်ပါတယ်။

ဧကန်မုချပါပဲ။ တပည့်တော်ကြီးတွေဟာ ခရစ်တော်အပ်နှင်းခဲ့သော ဧ၀ံဂေလိတရားတော်ကို ကမ္ဘာအရပ်ရပ်သို့ သူတို့အစွမ်းရှိသလောက် ဟောပြောဖြန့်ဝေနိုင်ခဲ့ပါတယ်။ ထို့နောက် အဆင့်ဆင့်သော တပည့်တော်ကြီးများပေါ်ထွန်းကာ ထိုဧ၀ံဂေလိတရားတော်ကို ထပ်၍ ဖြန့်ဝေဟောပြောလာတာဟာ ယခု ကျွန်ုပ်တို့အချိန်ရောက်ရှိလာနေပါပြီ။ ကျွန်ုပ်တို့တတွေလည်း ထပ်ဆင့်တပည့်တော်ကြီးတွေလား…
ယုံကြည်၍ဆေးကြောခြင်းခံယူသူ ခရစ်ယာန်တိုင်းဟာ တနည်းအားဖြင့် ခရစ်တော်၏ ဧ၀ံဂေလိတရားတော်ကို ဟောပြောသက်သေခံရန်အတွက် ခေါ်တော်မူခြင်းခံရသူများဖြစ်ပါတယ်။ ထို့ကြောင့် ဘာသာရေးအလုပ်ဆိုပြီးခွဲခြားကာ ရဟန်းတော်များ၊ သီလှရှင်များ၊နှင့် ဘာသာရေးခေါင်းဆောင်များသာ လုပ်ပါစေဆိုပြီး လစ်လျူရှု၍မရပါတာ အသေအချာပါပဲ။ အထူးသဖြင့် ယနေ့အပြောင်းအလဲအလွန်များဆန်လာတဲ့ ကမ္ဘာ့ပေါ်ရှိ လူမှု့အသိုင်းအ၀ိုင်းကြားမှာ ကျွန်တော်တို့ ခရစ်ယာန်တစ်ဦးချင်းစီတိုင်းဟာ ခရစ်တော်၏အထူးစေလွှတ်ခံ တပည့်တော်များဖြစ်ကြပါတယ်။

အနားယူသွားသော ပုပ်ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆)ဟာ သူ၏ Deus Caritas Est ဟူသော ပထမဆုံးသော စာချွန်တော်မှာ အသင်းတော်၏သဘောသဘာဝမှာ တာဝန်သုံးခုပေါ်မှာ ရှိနေကြောင်းယခုလို ရေးသားခဲ့ပါတယ်။ အသင်းတော်ဟာ ဘုရားသခင်၏နှုတ်တော်ထွက် တရားတော်ကို ဟောပြောသက်သေခံရန်၊ စက္ကရမင်တူးများကို ကျင်းပဝေငှရန်၊ နှင့် မေတ္တာတရားကို ကျင့်ကြံဆောက်တည်ရန်ဖြစ်ပါတယ်။ ဤတာဝန်သုံးခုဟာ ခွဲခြား၍မရသော အသင်းတော်၏ တာဝန်နှင့်သဘောသဘာဝပင် ဖြစ်ပါတယ်။ ထို့ကြောင့် အသင်းတော်အတွင်းပါဝင်သော သူတိုင်းဟာ၊ အယောက်စီတိုင်းဟာ ထိုတာဝန်သုံးခုနှင့်ဝတ္တရားအတွက် အင်မတန်မှ အရေးပါသူတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းတော်ဟာ ခရစ်တော်၏နာမတော်၌ တစ်ဦးချင်းစီဖြင့် ဖွဲ့စည်းဆောက်တည်နေလို့ပါပဲ။ ယနေ့ထိုအယောက်စီတိုင်းအားဖြင့် ခရစ်တော်၏အသင်းတော်ဟာ ဧ၀ံဂေလိတရားတော်ကိုကမ္ဘာပေါ်မှာ သက်သေခံနေပါတယ်။ မေတ္တာတရားကို အခြေခံထားပြီးကျင့်ကြံဆောက်တည်ကာ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် ရှေ့နေရှေ့ဆောင်ပြုနေပါတယ်။ ၎င်းတို့ကိုသက်သေခံနိုင်ဖို့အတွက် စက္ကရမင်တူးများနှင့် ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်များဟာ အရင်းအမြစ်ပင် ဖြစ်ပါတယ်။

မျက်မှောက်ခေတ်ကာလ၏အရင်းနှီးဆုံးသော သူတော်စင်မသာရ်ကြီး ထရေဇားဟာ တနေကုန် ဂရုဏာလုပ်ငန်းတွေ၊ စေတနာ့လုပ်ငန်းတွေကို ဂရုဏာရှင်မကြီးဟု ကမ္ဘာကြော်သည့်တိုင်အောင် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ထိုသို့လုပ်ကိုင်နိုင်ခြင်း၏ အဓိကလျိုဝှက်ချက်ကတော့ နေ့စဉ်ကိုယ်တော်မြတ် အနဲဆုံးတစ်နာရီဖူးမျှော်ပြီး ခရစ်တော်သခင်ထံမှ ခွန်အားရရှိခြင်းကြောင့်ပင် ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ခရစ်ယာန်အသိုင်းအ၀ိုင်းမှာလည်း ဂရုဏာလုပ်ငန်းများကို တက်တက်ကြွကြွလုပ်ဆောင်နေကြတာ သိပ်ကိုဝမ်းသာစရာကောင်းပါတယ်။ ထိုသူတို့တတွေလည်း မာသာရ်ထရေဇားလို ခရစ်တော်သခင်ထံမှ ခွန်အားများယူနိုင်ကြပါစေလို့ အမြဲဆုတောင်းပေးပါတယ်။

ကျွန်တောတို့ ခရစ်ယာန်တစ်ဦးချင်းစီလည်း မိမိနှင့်နီးစပ်ရာအသိုင်းအ၀ိုင်းမှာ ခရစ်တော်၏ ဧ၀ံဂေလိတရားတော်ကို ခရစ်ယာန်ဘ၀ဖြင့် သက်သေခံနိုင်ကြဖို့ ဆက်လက်ခွန်အားယူကာ ကြိုးစားသွားကြပါစို့။ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းဟာ ကျွန်တော်တို့အတွက် ၀မ်းမြောက်စေရာ ဖြစ်၍ ကိုယ်တော်၏ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းဟာ ကျွန်တော်တို့၏ သေချာမှန်ကန်သည့် အနာဂတ်မျှော်လင့်ရာ ဘ၀ခရီးပင် ဖြစ်ပါတယ်။ သို့ဖြစ်၍ မမြင်နိုင်သော်လည်း ယုံကြည်နိုင်စေတယ်။ ယုံကြည်ခြင်းအားဖြင့် ဘ၀ရှင်သန်ရာအမြင့်ဆုံးသောလမ်းတွေကို ဖွင့်ပေးတယ်။ အာရုံများ မမှီနိုင်ရာကိုပင် ယုံကြည်ခြင်းအားဖြင့် မှီစေတယ်။ ဤအရာသည် ကျွန်တော်တို့၏ကောင်းကင်နိုင်ငံ အမွေပင်ဖြစ်ပေ၏။ အာမင်။


ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments