သံမာတေဦး ၂၈း ၁၆ -၂၀
ယနေ့အသင်းတော်တွင် အမြင့်ဆုံးသောနက်နဲဖွယ်ရာဖြ စ်သည့် သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲနေ့ကို ကျင်းပခြင်းအားဖြင့် ဘာသာဝင်များ၏ အသိဉာဏ်နှင့် နှလုံးသားကို ဆော်အော်နေပါတယ်။ ယေဇူးခရစ်တော်၏သွန်သင်ချက်များအပေါ် အခြေခံ၍ စစ်မှန်သော ကက်သလစ် အသင်းတော်၏သွန်သင်ချက်တွင် ဘုရားဟာတစ်ဆူတည်းဖြစ်သော်လည်း ပုဂ္ဂိုလ်သုံးပါးဖြင့် ပေါင်းစပ်ထားပြီး ထိုပုဂ္ဂိုလ်သုံးပါးဟာ ခွဲခြား၍မရပေ။ တချိန်တည်းမှာပင် ထိုပုဂ္ဂိုလ်သုံးပါးဟာ တစ်ဦးစီသီးသန့်ရပ်တည်ပြီး အချင်းချင်းတန်းတူဖြစ်သည်ဟု ဆိုပါတယ်။ (ဤသွန်သင်ချက်ဖြင့် ကျွန်ုပ်တို့ဟာ ဘုရားကို အကန့်သပ်လုပ်လိုက်ခြင်းမဟုတ်ပါဘူး။ လူ့အသိညဏ်ဖြင့် နားလည်နိုင်အောင် ဘုရားကိုယ်တော်တိုင် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကိုဖြတ်သန်းပြီး ထုတ်ဖော်ပြသခဲ့သည့် သူ၏ဇာတိကို ပြန်လည်ပဲ့တင်ထပ်ခြင်းသာ ဖြစ်ပါတယ်)။
သို့သော်လည်း ယနေ့ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်အားဖြင့် အသင်းတော်က ထိုသို့သောနက်နဲဖွယ်ရာ ဓမ္မသိပ္ပံကိုထောက်ရှု့ဖို့ထက် ပို၍အားပေးနေသည်မှာ သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးတို့၏ “Relationshiop”- ဆက်နွယ်နေမှု့ကို မီးမှောင်းထိုးပြနေပါတယ်။ ထို့ကြောင့် ယနေ့ဤပွဲတော်ကြီးအားဖြင့် ကျွန်ုပ်တို့ကို တရားနှစ်ချက်ထောက်ရှု့စရာအဖြစ် မီးမောင်းထိုးပြနေပါတယ်။ ၁။ ကျွန်ုပ်တို့တတွေအားလုံးဟာ သန့်ရှင်းသောပုဂ္ဂိုလ်သုံးကဲ့သို့ အချင်းချင်းဆက်နွယ်မှု့အားဖြင့် ရှင်သန်ကြရန် ဖိတ်ခေါ်နေပါတယ်။ ၂။ ဤဆက်နွယ်နေခြင်းကို ဤကမ္ဘာလောကကြီးမှာ သက်သေခံကြဖို့ ခရစ်ယာန်တွေဟာ ခေါ်တော်မူခြင်းခံရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ဧ၀ံဂေလိတရားတော်မှာအထူးအလေးပေးထားသည်မှာ “သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကို ငါ၏တပည့်များဖြစ်စေကြလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်၏နာမတော်မြတ်၌ ဆေးကြောခြင်းမင်္ဂလာကို ပေးကြလော့။”
ချစ်စွာသောဓမ္မမိတ်ဆွေများ၊ ကျွန်ုပ်တို့တတွေအားလုံးဟာ သန့်ရှင်းသောပုဂ္ဂိုလ်သုံးကဲ့သို့ အချင်းချင်းဆက်နွယ်မှု့အားဖြင့် ရှင်သန်ကြရန် ဖိတ်ခေါ်နေပါတယ်။ Objective Science အဖြစ် ဆက်နွယ်မှု့ (Relationship)အား လေ့လာစမ်းစစ်ကြည့်သောအခါ ထူးထူးဆန်းဆန်းအဖြေမှာ ဆက်နွယ်မှု့တစ်ခုကို တည်ဆောက်ဖို့ အနည်းဆုံး အကြောင်းရင်းသုံးခု လိုအပ်ပါတယ်။ ပြုလုပ်သူကံ၊ ပြုလုပ်ခံတစုံတရာ နှင့် ၎င်းတို့နှစ်ခုအကြား ဆက်နွယ်မှု့အကြောင်းရင်း တစ်ခု လိုအပ်ပါတယ်။ ထိုကြောင့် အနည်းဆုံး တြိဂံတစ်ခုအားဖြင့်သာ ဆက်နွယ်မှု့ကို ပြည့်စုံစွာပြသနိုင်ပါတယ်။ ဒီလိုပါပဲ- ကျွန်တော်တို့တတွေလည်း Relationship-ဆက်နွယ်မှု့တစ်ခုကို တည်ဆောက်ဖို့အတွက် မိမိကိုယ်တိုင်စတင်သူကံအဖြစ် ပါဝင်ဖို့လိုအပ်သလို၊ မိမိဟာတပါးသူ၏ဆက်နွယ်လာမှု့ကိုတုန့်ပြန်ရမည့် ဒုတိယပြုလုပ်ခံကံတစ်ခုအဖြစ်လည်း ပါဝင်ရပါလိမ့်မယ်။ ထိုမှသာ - နှစ်ဦးနှစ်ဖက်အကြား ဆက်နွယ်ခြင်းမျဉ်းတစ်ခုအားဖြင့် Relationship- ဆက်နွယ်မှု့ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ထိုသို့ဆက်နွယ်မှု့ကိုတည်ဆောက်ကြတဲ့အခါ ကျွန်တော်တို့တတွေဟာ သင့်လျော်သောဆက်နွယ်ခြင်းမျဉ်းကို မှန်ကန်စွာအသုံးပြုဖို့လိုအပ်ပါတယ်။ အခြားသူတစ်ပါးထံမှ တစ်စုံတစ်ခုကိုရယူလိုချင်သောလောဘစိတ်ကြောင့် ဆက်နွယ်မှု့တစ်ခုကို တည်ဆောက်ခြင်းထက် ခင်မင်မှု့အရင်းခံပြီး တစ်ဦးနှင့်တစ်ဦးအကြား မေတ္တာတရားပွားများသော ဆက်နွယ်မှု့သာလျှင် စစ်မှန်သော ဆက်နွယ်မှု့တည်ဆောက်ခြင်းဖြစ်ပါလိမ့်မယ်။ သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါ ဟာ တစ်ပါးနှင့်တစ်ပါး အတွင်းကျကျ ချစ်ခြင်းမေတ္တာပေါ်မှာ အခြေတည်ပြီး ပေါင်းစီးနေခြင်းဖြစ်ပါတယ်။ ဘုရားဇာတိမှာ ဖန်ဆင်းခံရသည့်လူတွေဟာလည်း တစ်ဦးနှင့်တစ်ဦး အတွင်းကျကျ မေတ္တာတရားဖြင့် ရောနှောဆက်ဆံကြဖို့လိုပါတယ် ။ သဘာဝအလျောက်လည်း ထိုကဲ့သို့ ရောနှောဆက်ဆံတတ်သည့်သတ္တ၀ါများဖြစ်ပါတယ်။ ဒီလိုရောနှောဆက်ဆံ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျွန်ုပ်တို့ရဲ့လူ့အသိုင်းဝိုင်းကြီးဟာ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘ၀ဆိုတာ ထိုကဲ့သို့ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများအပေါ်မှာ တရားမျှတခြင်း၊ တန်းတူညီတူ ဆက်ဆံခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်းတို့ ဖြင့် ရှင်သန်နေပြီး အချင်းချင်းရိုင်းပင်းကူညီရ င်း ရောနှောဆက်ဆံ ပူးပေါင်းကာ ကျွန်ုပ်တို့လောကကြီးကို ကောင်းသထက်ကောင်းအောင် ဖန်တီးသူများ၏ဘ၀ပင် ဖြစ်ရပါမယ်။
ချစ်စွာသောဓမ္မမိတ်ဆွေများ၊ ပုဂ္ဂိုလ်သုံးပါး၏ဆက်နွယ်နေခြင်းကို ဤကမ္ဘာလောကကြီးမှာ သက်သေခံကြဖို့ ခရစ်ယာန်တွေဟာ ခေါ်တော်မူခြင်းခံရခြင်းဖြစ်ပါတယ်။ သက်သေခံခြင်းဟာ အပြောလွယ်သော်လည်း လက်တွေ့ဘ၀ဟာ ခက်ခဲလွန်းတဲ့ အလုပ်တစ်ခုပါပဲ။ သို့ပေမယ့်လည်း ခရစ်တော်ထံမှ ၀ိညာဉ်တော်ခွန်အားနှင့် ကျေးဇူးတော်အားဖြင့် ထိုခက်ခဲတဲ့အလုပ်ဟာ အောင်မြင်လာပါလိမ့်မယ်။ အမှန်စင်စစ်စစ်အားဖြင့် ခရစ်ယာန်တွေဟာ မိမိတို့၏သခင်ဆရာဖြစ်သည့် ခရစ်တော်နှင့်အတွင်းကျကျ ရင်းရင်းနှီးနှီးရှိတဲ့ ဆက်နွယ်မှု့တစ်ခုဟာ အခိုင်အမာရှိနေပါတယ်။ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှု့အောက်မှာ ခရစ်ယာန်ဘ၀ဖြင့်ရှင်သန်နိုင်ကြပါတယ်။ ဤသို့ရှင်သန်နေထိုင်ခြင်းအားဖြင့် ကျွန်တော်တို့ကိုယ်တိုင်ဟာ ၀ိညာဉ်တော်ဘုရား ပြုလုပ်သည့် တန်ခိုးအံ့ဖွယ်တွေရဲ့ တူရိယာတွေ ဖြစ်လာရပါတယ်။ ထို့ကြောင့် မေတ္တာတရားအပေါ် အခြေတည်သည့် ဆက်နွယ်မှု့ကို တဖြည်းဖြည်းချင်းတည်ဆောက်ရင်း ကမ္ဘာကြီးကိုအလှဆင်သူများအဖြစ် သန့်ရှင်းသောပုဂ္ဂိုလ်သုံးကဲ့သို့ အချင်းချင်းဆက်နွယ်မှု့အား သက်သေခံနေသူများ ဖြစ်နေကြမည်ဖြစ်ပါတယ်။
သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါး၏အလင်းကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့တတွေလည်း စစ်မှန်သောခရစ်ယာန်ဘ၀မှာ အကောင်းဆုံးနှင့် သစ္စာအရှိဆုံးနောက်လိုက်များအဖြစ် ရှင်သန်နေထိုင်ရင်း သက်သေခံနိုင်ကြပါစေ။
ကိုရင် (ဒိုမီနီကန်)
0 Comments