- သံယောဟန် ၁၀း၁၁-၁၈
ယနေ့ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့မှာ ဖတ်ရှုရတဲ့ ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်က မိမိကိုယ်ကို ကောင်းသောသိုးထိန်းအဖြစ်နှင့် အခြားအငှားသိုးထိန်းအား ဆန့်ကျင့်ဘက်အဖြစ် နှိုင်းယှဉ်ထားပါတယ်။ အငှားသိုးထိန်းဆိုတာတော့ မိမိအကျိုးအမြတ်အတွက်သာ သိုးကျောင်းရခြင်းအလုပ်ကို လုပ်ကိုင်ခြင်းဖြစ်ပြီး ၎င်းအတွက်အကျိုးအမြတ်မရှိတော့လျှင် သိုးတွေကိုထိန်းကျောင်းတော့မည်မဟုတ်ပါ။ သို့သော်လည်း ကောင်းသောသိုးထိန်းကတော့ မိမိသိုးတွေကို မေတ္တာစေတနာအပြည့်ဖြင့် စောင့်ရှောက်ပြီး မိမိသိုးတွေအတွက် အသက်ကိုပင်ပဓနမထားပဲ စွန့်လွှတ်ပါတယ်။
ကောင်းသောသိုးထိန်းအဖြစ် မိမိတို့ခေါင်းဆောင်ကောင်းတွေကို နှိုင်းယှဉ်ခဲ့တာ အရှေ့အလယ်ပိုင်းဒေသလို သိုးမွေးမြူရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုရာဒေသတွေမှ စတင်ခဲ့သည်ဟု ဆိုရမည်ထင်ပါတယ်။ အီစရာအဲလ်ဒေသနှင့် လူမျိုးတို့အသိုင်းအ၀ိုင်းမှာပင် ထိုခိုင်းနှိုင်းမှုတွေကို သေချာတွေ့နေရပါတယ်။ ဥပမာ - အာဗြရာဟံ၊ ဣဇာတ်၊ယာဂုတ်၊ မိုးဇယ်၊ ဒါဝိတ် အစရှိသည့် သူရဲကောင်းကြီးများသည် သိုးထိန်းကောင်းများပင် ဖြစ်ပါတယ်။ ဓမ္မသစ်မှာလည်း ခရစ်တော်သည် မိမိကိုယ်တိုင် သိုးထိန်းနှင့် ခိုင်းနှိုင်းထားပါတယ်။ ကောင်းကင်ဘုံသို့ မတက်ကြွမှီ သံပေတရူးကိုလည်း သိုးများကို စောင့်ရှောက်ဖို့ မိန့်မှာခဲ့ပါတယ်။ ထို့နည်းတူ မကောင်းသောသိုးထိန်း (သို့) မစစ်မှန်သောသိုးထိန်းအဖြစ်လည်း မကောင်းသော ခေါင်းဆောင်တွေကို ခိုင်းနှိုင်းကြပါတယ်။ ထို့ကြောင့် ခရစ်တော်က ယနေ့မိမိကိုယ်ကို အငှားသိုးထိန်းမှ ခြားနားသော သိုးထိန်းကောင်းအဖြစ် ခွဲခြားပြောဆိုပါတယ်။ သိုးထိန်းကောင်းဆိုတာ သိုးများ၏အသိအမှတ်ပြုခြင်းရဖို့အတွက် မိမိဘ၀ကို ပေးဆပ်သည့်တိုင်အောင်၊ လမ်းကောင်းပြနိုင်အောင်၊ စားကျက်ဆီသို့ခေါ်ဆောင်သွားနိုင်အောင် အမြဲကြိုးစားနေရသူပါ။ ဤသို့သော သိုးထိန်းကောင်းမှာခရစ်တော်သခင်ပါပဲ။
ယနေ့ခေတ်ကာလမှာ လူတွေကတပါးသူကို အကူအညီတစ်ခုပေးရလျှင် အတုံ့အပြန်အဖြစ် အကျိုးအမြတ်တစ်ခုခုတော့ မျှော်လင့်နေကြတတ်တာ လောကနိယာမတစ်ခုလိုပင် ဖြစ်လာနေပါပြီ။ ယနေ့ခေတ်ကာလမှာ ပရဟိတအသင်းအဖွဲ့အစည်းတွေ၊ စေတနာ့အဖွဲ့အစည်းတွေ အမြောက်အများပေါ်လာပြီး လူသားထုအား၊ အထူးသဖြင့် ဆင်းရဲသားများနှင့် လိုအပ်နေသူများအား တက်ကြွစွာ ကူညီပံ့ပိုးနေကြလို့ ၀မ်းသာစိတ်အေးရသော်လည်း သဘာဝမကျသော စေတနာတွေမှာ အတ္တတို့နှင့်အတူ အချို့လောဘများလည်း ပေါင်းစပ်ပြီး ထိုပရဟိတအသင်းအဖွဲ့များဖြင့် မိမိတို့ကိုယ်ကျိုးအတွက်လုပ်ဆောင်နေသူ အများအပြားကို တွေ့ရ၍လည်း အင်မတန်မှ စိတ်မကောင်းဖြစ်ရသလို၊ စိတ်မကောင်းလည်း ဖြစ်မိရပါတယ်။ ထိုသူတွေဟာ အငှားသိုးထိန်းတွေများလားခင်ဗျာ။ ခရစ်ယာန်တို့အတွက်လည်း ထိုကဲ့သို့သော မေတ္တာနှင့်အတ္တ၊ စေတနာနှင့်လောဘတို့ ရောယှက်နေတဲ့ ဒွိဟစိန်ခေါ်မှု့ကြီးတွေကို ရင်ဆိုင်နေရတာ သတိပြုမိဖို့လိုအပ်နေပါပြီ။
ငါ၏သိုးတို့သည်ငါ့ကိုသိကြ၏။ ငါ့အသံကိုလည်းသိကြ၏။ ဟုခရစ်တော်မိန့်ဆိုထားပါတယ်။ ဒီတော့ ကျွန်ုပ်တို့တတွေအနေဖြင့် ခရစ်တော်၏နောက်လိုက်ပါဟု ကြွေးကြော်နေသူတွေ အမှန်တကယ်ကော သူ့အသံကို သိကြရဲ့လား။ သိုးထိန်းအသံဆိုတာ ကျွန်ုပ်တို့အတွက် ခရစ်တော်၏အသံပင်ဖြစ်ပါတယ်။ ခရစ်တော်၏အသံဆိုသည်မှာလည်း ဘုရားသခင်ကိုယ်တော်တိုင်၏အသံပင် ဖြစ်ပါတယ် (ခမည်းတော်နှင့် ငါသည် တလုံးတ၀တည်းဖြစ်၍ တစ်ဆူတည်းဖြစ်ပေသည်)။ သိုးထိန်းအသံမှာ (၁) သူ့အားယုံကြည်ရန်၊ (၂) သူအား ကိုယ်ရောစိတ်ပါ ချစ်ရန်နှင့် (၃) မိမိနှင့်နီးစပ်သူများအား မိမိကိုယ်ကိုချစ်သကဲ့သို့ချစ်ရန်ပင် ဖြစ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏အသံ (ဘုရား၏အသံ)ကို ကြားနိုင်ဖို့ စွမ်းရည်ပေးပါတယ်။ ထိုစွမ်းရည်အားဖြင့် ယုံကြည်ပြီး ယုံကြည်ရခြင်းသည်ပင် ချစ်မြတ်နိုးရာအကြောင်းဖြစ်စေပါတယ်။ ဘုရားကို ချစ်မြတ်နိုးခြင်းသည်လည်း မိမိနှင့်နီးစပ်သူများအား မိမိကိုယ်တိုင်ကဲ့သို့ ချစ်မြတ်နိုးစေရာ အကြောင်းဖြစ်စေပါတယ်။ ဒါဟာ ပြည့်စုံတဲ့ ခရစ်ယာန်ဘ၀အသက်တာပါပဲ။
ကျွန်ုပ်တို့အတွေ သူ့အသံ (သိုးထိန်းသံ)ကို ကြားကြပြီလား။ မာသာရ်ထရေဇားဟာ ရထားဘူတာတစ်ခုမှာ အလွန်ရေငတ်နေတဲ့ ဆင်းရဲသားအဖိုးအိုကြီးမှ “ကျွန်တော်ရေငတ်တယ်”ဟု အော်ရာမှ ခရစ်တော်၏အသံကို ကြားခဲ့ရတယ်။ သူမဘ၀ကို ဆင်းရဲနုံချာသူများ၊ စွန့်ပစ်ခံများ၊ အားနည်းသူများအကြားမှ သိုးထိန်အသံအတိုင်း လိုက်လျှောက်ရင်း ဘ၀ကို ကျေနပ်စွာဖြတ်သန်းခဲ့တယ်။ ယနေ့ ကျွန်ုပ်တို့ကမ္ဘာမှာ ပတ်ဝန်းကျင်မှာ ဒီလိုဆင်းရဲသားတွေ၊ အားနည်းသူတွေ၊ အပယ်ခံတွေ အများကြီးရှိနေပါသေးတယ်။ သိုးထိန်းအသံကို ကြားရလျှင် သင်နားထောင်ကြည့်ပါ။ ပြီးလျှင် ကျွန်တော်တို့ကိုယ်တိုင်လည်း ကောင်းသောသိုးထိန်းတော်မြတ်ကြီးကို အတုယူလိုက်နာရင်း အခြားသူများအတွက်၊ အထူးသဖြင့် ဆင်းရဲသားများနှင့် လိုအပ်နေသူများအတွက် ကောင်းသောသိုးထိန်းဖြစ်ဖို့လိုအပ်ပါတယ်။
ကောင်းသောသိုးထိန်းမြတ်
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့၏ ဘ၀ဖြစ်နေပေးပါ . . .
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့ဘ၀၏ အလင်းဖြစ်နေပေးပါ . . .
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့အတွက် နှုတ်တော်ထွက်စကားတော် ဖြစ်နေပေးပါ . . .
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့ဘ၀၏ မျှော်လင့်ရာ ပန်းတိုင်ဖြစ်နေပေးပါ . . .
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့ဘ၀၏ ငြိမ်းချမ်းရာ ရင်ခွင်တော်ဖြစ်နေပေးပါ . . .
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့ဘ၀၏ တည်မြဲရာ ချစ်ခြင်းမေတ္တာ ဖြစ်နေပေးပါ . . .
ကိုရင် (ဒိုမီနီကန်)
0 Comments