ပဉ္စမကြိမ်မြောက် သာမန်တနင်္ဂနွေနေ့





ငါသည် ဧ၀ံဂေလိသတင်းကောင်းကို မဟောပြောလျှင် ငါ၌ အမင်္ဂလာရှိ၏။ (ပ-ကော် ၉း၁၆)

ဤစကားသံသည် သံပေါလူး၏အသံ ပဲ့တင်ထပ်နေသလိုပင် ယနေ့ထပ်မံ ပဲ့ပင်ထပ်လျက်ရှိနေပါတယ်။ ယနေ့ ဖတ်ရှု့ရသည့်ကျမ်းများမှာ ရုပ်ရှင်ဆန်ဆန်ရှိလှသည်ဟုပင် ဆိုရမည်လား။ ပထမကျမ်းမှာ ယောလရဲ့ သနားစဖွယ်ဘ၀အားဖြင့် ကျွန်တော်တို့လောကသားတို့အတွက် လက်တွေ့ဖြစ်ပျက်နေသည်ကို ဖော်ညွှန်းထားပြီး ဆာလံကျမ်းတွင် ကျွန်ုပ်တို့၏ကွဲအက်ကြေမွှနေသော နှလုံးသားများကို ကုစားပေးသည့် သခင်အားချီးမွမ်းကြစို့ဟု ဆိုပါတယ်။ ဤသည်မှာ ကျွန်တော်တို့ရဲ့သနားစဖွယ်ဘ၀ လောကသားတွေအတွက် သတင်းကောင်းတစ်ခုရှိနေကြောင်း၊ မျှော်လင့်ချက်တစ်ခု ရှိနေကြောင်း မီးမောင်းထိုးပြနေခြင်းပင် ဖြစ်ပါတယ်။ 

ကျွန်တော်တို့လောကသားတွေအတွက် ကယ်တင်ခြင်းသတင်းကောင်းထက် ကောင်းတဲ့သတင်းရှိမည် မဟုတ်ပါ။ ထိုကယ်တင်ခြင်းသတင်းကောင်းမှာ ဧ၀ံဂေလိတရားတော်ပင် ဖြစ်ပါတယ်။ ခရစ်တော်၏ တရားတော်ကို ရေးသားခဲ့သည့် တမန်တော်ကြီးဟာ အင်မတန်မှ စိတ်ဝင်စားဖွယ်ကောင်းလှသည့် ဝေါဟာရကို အသုံးပြုခဲ့ပါတယ်။ ထိုဝေါဟာရမှာ ယူအန်ခဲလီယွန် (εὐαγγέλιον) ဖြစ်ပြီး ဆိုလိုရင်းမှာ သတင်းပေးပို့သူဟု ဆိုပါတယ်။ ဆိုလိုရင်းအဓိပာယ်အတိုင်း တဆင့်ပြီးတဆင့်၊ တစ်ဦးမှတစ်ဦး ထိုသတင်းကောင်းကို သတင်းပေးပို့နေတာ ယနေ့ကျွန်တော်တို့ဆီသို့တိုင်ပါပဲ။ ထို့ကြောင့် ယနေ့ ကျွန်တော်တို့တတွေလည်း သတင်းကောင်းကို ပေးပို့ဖို့ တမန်တော်ပေါလူးမိန့်ဆိုသလိုပဲ ကြွားဝါစရာမရှိပေမယ့် ၀တ္တရားရှိပါတယ်။
ယနေ့သတင်းကောင်းမှာတော့ ယေဇူးခရစ်တော်ဟာ ပေတရု၏ယောက္ခကို အဖျားပျောက်ကင်းအောင် ကုသပေးပြီးနောက် လူများစွာကိုလည်း ကုသပေးကာ နောက်မနက်မိုးမလင်းမီ လူသူကင်းရာအရပ်သို့ သွားကာ ဆုတောင်းပြီးနောက် အနီးပတ်ဝန်းကျင်မှာလည်း သတင်းကောင်းကို ဆက်လက်ဟောပြောရမည် ဖြစ်ကြောင်း မိန့်ဆိုကာ ဂါလေလေးယနယ်တစ်ခုလုံးတွင် ဟောပြောသည့်အကြောင်း ဖော်ပြထားပါတယ်။ ထို့ကြောင့် ခရစ်တော်သခင်၏ သာသနာပြုလုပ်ရပ်၊ သတင်းကောင်းဟောပြောရာမှာ တစ်နေရာ တစ်ဒေသထဲမှာ ရပ်တန့်မနေဘဲ နေရာစုံဒေသစုံ ရောက်နိုင်သည်အထိအောင် ဖြန့်ဝေရမည်ဖြစ်ကြောင်း မီးမောင်းထိုးလမ်းညွှန်နေပါတော့တယ်။ 

ယနေ့ကမ္ဘာလောကကြီးဟာ သနားစဖွယ်အဖြစ်အပျက်တွေနဲ့ ပြည့်နက်နေတာ လက်တွေ့ဘ၀ပါပဲ။ အမှန်တကယ်ပါပဲ - ကျွန်ုပ်တို့ဘေးပတ်ဝန်းကျင်မှာ လူတွေရဲ့ အတ္တတွေ၊ လောဘတွေ၊ ဒေါသမောဟတွေကြောင့် ဆူပူမှု့တွေ၊ စစ်မက်တွေ၊ ပိပက္ခတွေနဲ့ လုံးပမ်းပြီး ရုန်းကန်နေကြရတာ အသက်ရှင်ဖို့ပင် စိတ်ပျက်ဖို့ကောင်းလှသည်ဟုပင် ညည်းငြူစရာကောင်းလှပါတယ်။ ထို့အပြင် ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ အသက်ရှင်လျက် သေဆုံးနေသူများ၊ အပယ်ခံများ၊ယုံကြည်ချက်တွေပျောက်၊ မျှော်လင့်ချက်တို့သေဆုံးနေသူများ၊ မေတ္တာတရားငတ်နေသူများလည်း များစွာ များစွာတွေ့နေရပါတယ်။ ထိုသူတို့အတွက် သတင်းကောင်းကို မည်သူသယ်ဆောင်ကြမလဲ။

မိတ်ဆွေ၊ ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ဆေးကြောခြင်းမင်္ဂလာခံယူကတည်းက ၀ိညာဉ်မှာရိုက်ခပ်ခံရသည့် ၀တ္တရားတစ်ခုဟာ ထိုသတင်းကောင်းကို ဖြန့်ဝေနိုင်သလောက် ဖြန့်ဝေဖို့ပင် ဖြစ်ပါတယ်။ မြန်မာစကားပုံမှာ - လူသတင်းလူချင်းဆောင်သည်ဟု ဆိုရိုးရှိသလို၊ သတင်းကောင်း ဧ၀ံဂေလိတရားတော်ကို ခရစ်ယာန်တွေသယ်ဆောင်ရပါမယ်။ ထို့ကြောင့် ကျွန်တော်တို့တတွေဟာ ဆေးကြောခြင်းမင်္ဂလာခံယူပြီး ထိုဝတ္တရားကို မထမ်းဆောင်လျှင် တမန်တော်ကြီးပေါလူးပြောသလိုပဲ ကျွန်ုပ်တို့မှာ အမင်္ဂလာရှိပါစေဟု ပြင်းထန်စွာ ဆိုရပါလိမ့်မယ်။ ထိုသို့ သတင်းကောင်းကို သယ်ဆောင်ရန်လည်း ကျွန်တော်တို့မှာ ကြွားဝါခြင်းမရှိဘဲ အခမဲ့ဟောပြောရမည်ဖြစ်ကြောင်းပါ။

ခရစ်ယာန်မှန်ပါကား သတင်းကောင်းသယ်ဆောင်သူသာ ဖြစ်ရာ၏။
ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments