တတိယသာမန်တနင်္ဂနွေနေ့





သံမာကု ၁း၁၄-၂၀

ဖတ်ရှု့ရတဲ့ ကျမ်းသုံးကျမ်းလုံးဟာ အချိန်ကာလတစ်ခုကို ညွန်ပြနေပါတယ်။ ပထမကျမ်းတွင် နိနေဝေးမြို့သို့သွား၍ ယောနအား အရက် (၄၀)လွန်သော် နိနေဝေးမြို့ကြီးပျက်စီးမည့်အကြောင်း ဟောပြောစေခဲ့ပါတယ်။ ထို့အတူ ဒုတိယကျမ်းမှာလည်း သံပေါလူးမှ ကော်ရိန့်သုမြို့သားတို့အား အချိန်သည် လွန်စွာတိုတောင်းလာလေပြီ ဟုသတိပေးဟောပြောပါတယ်။ ဧ၀ံဂေလိတရားတော်မှာတော့ ယေဇူးခရစ်တော်က အချိန်သည်ပြည့်စုံလေပြီဟု ဆိုပါတယ်။ တချိန်တည်းမှာပဲ ဧ၀ံဂေလိတရားတော်တွင် ယေဇူးက ပထမဆုံးတပည့်တော်လေးပါးကို ခေါ်တော်မူတဲ့အကြောင်းလည်း ကြားနာရပါတယ်။ ထို့ကြောင့် ယနေ့တရားတော်ဟာ နှစ်ပိုင်းခွဲပြီး စဉ်းစားထောက်ရှု့နိုင်ပါတယ်။ ပထမအပိုင်းမှာ အချိန်ကာလတစ်ခုဟာ ဘယ်လိုမျိုးပါလိမ့်။ ထိုအချိန်ကာလပြည့်စုံခြင်းနှင့် တပည့်တော်လေးပါးရဲ့ ခေါ်တော်မူခြင်းဟာ ဘယ်လိုတုန့်ပြန်မှု့မျိုးပါလိမ့်။

ဒဿနဗေဒမှာတော့ အချိန်ကာလဆိုတာ ကျွန်တော်တို့လောကမှာပဲ အတိုင်းအတာတစ်ခုအနေဖြင့် တည်ရှိနေပါတယ်။ ပြီးတော့ အချိန်ဆိုတာ နောက်ဆုပ်ခြင်းမရှိဘဲ ရှေ့သို့သာ တသက်မတ်တည်းသွားနေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီတော့ လောကမှာ အသက်ရှင်သန်ခြင်းဆိုတာ ဘ၀ခရီးသွားတွေလို့ ဆိုနိုင်ပါတယ်။ ခရစ်ယာန်ဒဿနမှာတော့ လောကမှာ အသက်ရှင်ခြင်းဆိုတာ ဘုရားသခင်ဆီသွားနေတဲ့ ဘုရားဖူးခရီးပါလို့ ဆိုနိုင်ပါတယ်။

ဒီလိုဘ၀ခရီးကိုသွားနေတာပဲဖြစ်ဖြစ်၊ ဘုရားဖူးခရီးကိုသွားနေတာပဲဖြစ်ဖြစ် ကျွန်တော်တို့တတွေ ခရီးသွားတဲ့အခါ လိုအပ်တဲ့အသုံးအဆောင်တွေကိုသယ်သွားရပါတယ်။ ရေဗူးမပါ နွေခါမှသိ၊ တရားမပါ သေခါမှသိ ဆိုတဲ့ စကားပုံလေးက ရှင်းရှင်းလေးညွန်ပြနေတာပါ။ ထို့ကြောင့် ကျွန်တော်တို့ရဲ့ ခရီးမှာ လိုအပ်တာတွေ မမေ့အောင် သတိပေးစရာလေးတွေရှိပါတယ်။ နိနေဝေးမြို့သူမြို့သားတွေ မေ့နေတာတွေကို ယောနအားဖြင့် ဘုရားသခင်က သတိပေးပါတယ်။ သူတို့ချက်ခြင်းသတိထားရလာပြီး နောင်တယူကာ ပြောင်းလဲခဲ့ကြတယ်။ ထို့ကြောင့် ပျက်စီးခြင်းမှလွတ်မြောက်ခဲ့ရပါတယ်။ ထို့အတူ သံပေါလူးကလည်း အချိန်တိုတောင်းလာပြီဖြစ်၍ လောကီအကြောင်းတရားများမှာ စိတ်လျော့ကာ ဘုရားသခင်နှင့် ခရစ်တော်၏သတင်းကောင်းမှာ အစဉ်အာရုံထားကြဖို့ သတိပေးပါတယ်။ သခင်ခရစ်တော်ကိုယ်တော်တိုင်ကလည်း သူ၏ကြွရောက်လာခြင်းနှင့်အတူ အချိန်ပြည့်စုံပြီဖြစ်၍ နောင်တယူကာ ဘုရားသခင်ဆီလှည့်ကြဖို့ ဟောပြောပါတယ်။

ဘ၀ဆိုတာပြောင်းလဲခြင်းလို့ တချို့ကဆိုတတ်ပါတယ်။ သေချာပါတယ်၊ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ပြောင်းလဲနေကြရပါတယ်။ ပြောင်းလဲတဲ့အခါ ဆိုးယုတ်ခြင်းဘက်လား ပို၍ကောင်းတဲ့ဘက်လားဆိုတာ သင်ခန်းစာယူရပါတယ်။ ထိုသို့သင်ခန်းစာယူဖို့ ခဏတဖြုတ်တော့ အနားယူစဉ်းစားကြည့်ဖို့ အချိန်ပေးပါ။ ထိုအချိန်မှာ သင့်ရဲ့ခြေလှမ်းတွေကို တချက်လောက်နောက်ပြန်လှည့်ကြည့်လိုက်ပါ။ ပြီးတော့ သင်သွားမည့်ခရီးကို မျှော်ကြည့်လိုက်ပါ။ သင့်ရဲ့လမ်း၊ သင်လျှောက်နေတဲ့လမ်း အမှန်လား။ သင်လမ်းမှန်ပေါ်မှာရှိလျှင် ရဲရဲဆက်လျှောက်ပါ။ သင်လမ်းမှားသွားလျှင်လည်း စိတ်မပျက်ပါနဲ့။ ခရစ်တော်က နောင်တယူလော့လို့ပြောပါတယ်။ နောင်တယူခြင်းဟာ တကယ်တော့ပြောင်းလဲခြင်း၊ လမ်းမှားမှ လမ်းမှန်သို့ပြောင်းဖို့ ဖိတ်ခေါ်ခြင်းပင် ဖြစ်ပါတယ်။ သင်သတ္တိရှိရှိဖြင့် နောင်တယူလိုက်ပါ။

မိတ်ဆွေ၊ ဘ၀ခရီးသွားများ - ဘုရားဖူးသူတော်စင်များဖြစ်သည့်အလျောက် မိမိရဲ့ခရီးမှာ လိုအပ်တာတွေ အဆင်သင့်ပါပြီလား။ စဉ်းစားစရာပါ။ ရေဗူးမပါတဲ့အဖြစ် နွေခါမှသိတာအချိန်နိုင်သေးပေမယ့် တရားမပါတဲ့အခါ သေခါမှသိတာတော့ သင်နှင့်ကျွန်ုပ်အတွက် ထာဝရနောက်ကျသွားပါပြီ။ ခရီးစဉ်ဆုံးနေပြီမို့ နောင်တဆိုတဲ့ ပြင်ဆင်ချိန်ရဖို့ အခွင့်အရေးမရှိနိုင်တော့ပါဘူး။ အချိန်ရှိခိုက် လုံလစိုက်ပြီး ကိုယ်လျှောက်နေတဲ့လမ်းကို ခဏလောက်နားပြီး သုံးသပ်ကြည့်ကြပါစို့။

ဒီလိုသုံးသပ်ရာမှာ ခရစ်တော်ရဲ့ခေါ်သံကို နားစွင့်နေဖို့ လိုပါလိမ့်မယ်။ ခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ လမ်းပြပါ။ ထို့ကြောင့် သူ့အသံနောက်လိုက်ခြင်းဟာ စိတ်ချရတဲ့ ခရီးလမ်းပဲ ဖြစ်ပါတယ်။ ကိုယ်တော်မိန့်ဆိုသလိုပဲ - သူ့ရဲ့သိုးတွေဖြစ်ရတာ သူ့အသံကို စွဲမြဲစွာမှတ်မိနေပြီး သူခေါ်ဆောင်ရာ လမ်းကိုလိုက်၍ ဘယ်သောအခါမှ လမ်းပျောက်ခြင်းရှိမှာ မဟုတ်ပါဘူး။ အကယ်၍ အဖော်ကွဲပြီး လမ်းပျောက်ခဲ့လျှင်လည်း ခရစ်တော်ဟာ မေတ္တာတရားအလွန်ကြီးမားတဲ့ သိုးထိန်းဖြစ်၍ ကျန်တဲ့ ၉၉ ကောင်ကိုပင်ပစ်ထားခဲ့ပြီး ပျောက်ဆုံးနေတဲ့ သိုးတစ်ကောင် (သင်၊ ကျွန်ုပ်)ကို ပြန်ရှာခေါ်ယူနေမှာပါ။ အပြည့်အ၀ ယုံကြည်၍ ဧ၀ံဂေလိတရားတော်အားဖြင့် ဘ၀ခရီးကို စလိုက်ပါ။ ယနေ့ တပည့်တော်ကြီးလေးပါးလိုပဲ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ရှိအာရုံတွေအားလုံးကို ကိုယ်တော့်ထံ လွှဲလိုက်ပါ။ သေချာမှုက သင်နှင့်ကျွန်ုပ်အတွက် ဘ၀လမ်းအမှန်ဖြစ်ပြီး အဆ ၃၀၊ ၆၀၊ ၁၀၀ ကိုပင် ကောင်းကင်နိုင်ငံမှာ ဆုလာဒ်ရယူသိမ်းပိုဒ်ရပါလိမ့်မယ်။

ခရစ်တော်အားယုံကြည်ပြီး ဧ၀ံဂေလိတရားတော်ကို လက်ခံကာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို တရားမျှတရေး၊ မေတ္တာတရားလွှမ်းမိုးရေးနှင့် ငြိမ်းချမ်းရေးတရားဆီသို့ ပြောင်းလဲခေါ်ဆောင်သွားကြပါစို့။ လုပ်စရာများစွာရှိ၏။ လုပ်ဆောင်သောသူမည်သည်ကား နည်းလှသည်ဖြစ်၍ လုပ်ဆောင်မည့်သူများ စေလွှတ်ပေးပါရန် ခမည်းတော်ဘုရားထံ တောင်းလျှောက်ကြလော့။ အာမင်။

ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments