သံလုကာ ၁း၂၆-၃၈
ခရစ္စမတ်ပွဲတော်ကြီး နီးလာသည်နှင့်အမျှ ဖတ်ရှု့ရသည့်ကျမ်းပိုဒ်တွေဟာလည်း အင်မတန်မှ မျှော်လင့်ချက်တွေနဲ့ ပြည့်စုံလှပါတယ်။ ယနေ့ဖတ်ရှု့ရသည့် ကျမ်းပိုဒ်တွေဟာလည်း ထာဝရဘုရားသခင်က သူ၏တစ်ပါးတည်းသော သားတော်အား ကျွန်ုပ်တို့လူသားများအကြား၊ ကျွန်ုပ်တို့ကဲ့သို့သော လူသားတစ်ဦးအဖြစ်မွေးဖွားလာဖို့အတွက် ပြင်ဆင်နေကြောင်းကို ဖော်ပြနေပါတယ်။ ယနေ့ဧ၀ံဂေလိတရားတော်တွင် ဒါဝိတ်မျိုးနွယ်ဝင် ဂျိုးဇက်နှင့် စေ့စပ်ထားသည့် အပျိုကညာစင် မာရိယာထံသို့ သိကြားတမန်တော်ဂေဗြီအဲလ်ရောက်လာပြီး ၀ိညာဉ်တော်တန်ခိုးအားဖြင့် ပဋိသန္ဓေစွဲ၍ သားယောက်ျားကို ဖွားမြင်ကာ ယေဇူးဟုအမည်ပေးရန် အမိန့်တော်ပြန်ကြောင်းကို ဖတ်ရှု့ရပါတယ်။ ထို့အပြင် ထိုသားယောက်ျားဟာ သူ၏ဘိုးဘေးဖြစ်တဲ့ ဒါဝိတ်၏ရာဇပလ္လင်ကို ဆက်ခံလိမ့်မည်ဟု ဆက်လည်ဖော်ပြထားပါတယ်။
ပထမကျမ်းထဲမှာတော့ ထိုဘိုးဘေး ဒါဝိတ်မင်းကြီးအကြောင်းကို ကြားနာရပါတယ်။ ထိုဒါဝိတ်မင်းကြီးလက်ထက်မှာပဲ ဘုရားသခင်ဟာ အီစ္စရေးလူမျိုးများထံ ငြိမ်းချမ်းရေးကို သယ်ဆောင်ပေးခဲ့သလို သြဇာတန်ခိုးလည်း ကြီးထွားစေခဲ့ပါတယ်။ ထို့ကြောင့် ဒါဝိတ်မင်းကြီးဟာ ထာဝရဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်ရန် စတင်ခဲ့ပါတော့တယ်။ ထိုဗိမာန်တော်ဟာ အီစ္စရေးတစ်မျိုးသားလုံးအတွက် ဗဟိုဖြစ်လာပြီး ဘုရားသခင်တည်ရှိခြင်း အမှတ်လက္ခဏာ သင်္ကေတဖြစ်လာခဲ့ပါတော့တယ်။ ၎င်းကြီးမြတ်သည့်အရာတွေထက် စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဘုရားသခင်၏တုန့်ပြန်မှု့ပါပဲ။ ဒါဝိတ်မင်းကြီးဟာ ဗိမာန်တော်တည်ဆောက်ပေးတာထက် ဘုရားသခင်ကိုယ်တော်တိုင်က လူမျိုးတော်အတွက် အိမ်တော်တည်ဆောက်ပေးမည်ဖြစ်ပြီး ထိုအိမ်တော်ဟာ ဘုရားသခင်မှလွဲ၍ မည်သူမျှတည်ဆောက်ပေးနိုင်သည့်အိမ်တော် မဟုတ်ပါ။ ထိုအိမ်တော်ဟာ ထာဝရအသက်နှင့် ပျော်ရွှင်ခြင်းတည်ရှိရာအိမ်တော်- ကောင်းကင်နိုင်ငံတော်ပင် ဖြစ်ပါတယ်။ ထိုထာဝရအသက်နှင့် ပျော်ရွှင်ခြင်းတည်ရှိရာအိမ်တော်- ကောင်းကင်နိုင်ငံတော် တည်ဆောက်ပေးဖို့အတွက်ပင် ယေဇူးခရစ်တော်ကြွလာတော်မူခဲ့ပါတယ်။
မိတ်ဆွေ။ ကျွန်တော်တို့တတွေလည်း ထိုအိမ်တော်အမွေကို ဆက်ခံဖို့ ကြိုးစားနေသူတွေပင် မဟုတ်ပါလား။ သို့ဖြစ်လျှင် ထိုအိမ်တော်ကို တည်ဆောက်ပေးမည့် သူငယ်တော်ယေဇူးကိုတော့ ကြိုဆိုလက်ခံဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ ဘယ်လိုကြိုဆိုလက်ခံကြမလဲခင်ဗျာ။
အာဝင်ဒူးလ်ဆိုသည့်အဓိပ္ပာယ်ဟာ လာတင်ဘာသာစကား Adventus ဆိုသည့် ကြွလာခြင်း ဖြစ်ပြီး ယေဇူးခရစ်တော်၏ ဒုတိယအကြိမ်မြောက်ကြွလာခြင်းအား ရည်ညွန်းဆိုလိုခြင်းဖြစ်ပါတယ်။ အမှန်တကယ်ပါပဲ -ယေဇူးခရစ်တော်ဟာ ကြွလာနေပါပြီ။ ထိုကြွလာခြင်းအတွက်ပဲ သံယောဟန်ဗတ္တိဇံလို ကျွန်တော်တို့တတွေ ပြင်ဆင်ရပါလိမ့်မယ်။ ထိုသို့ ပြင်ဆင်ခြင်းမှာ ဘုရားသခင်အား ဆာလောင်ခြင်း၊ ရှာဖွေခြင်းနှင့် ဘုရားသခင်ဆီရောက်ရှိခြင်း စသဖြင့်ကြိုးစားနေရပါလိမ့်မယ်။ ထို့ကြောင့် Adventus ဟူသော ကြွလာခြင်းဟာ ခရစ်တော်၏ကြွလာခြင်းအပြင် ကျွန်တော်တို့ကိုယ်တိုင် ခရစ်တော်ထံ လာရောက်ခြင်းဟုလည်း ဆိုလိုနိုင်ပါတယ်။ ခရစ်တော်ဆီ ကျွန်တော်တို့လာရောက်သည့်အခါ ကျွန်တော်တို့နှလုံးသားများကိုဖွင့်၍ ၀ိညာဉ်ရေးမြုံခြင်း ကင်းဖို့လိုအပ်ပါတယ်။
ဒီနေ့ခေတ်ကာလမှာ ခရစ္စမတ်ကာလဆိုတာ ကမ္ဘာအ၀ှမ်း လူတိုင်းသိတဲ့အရာပါ။ သို့ပေမယ့်လည်း သိတာချင်းမတူနိုင်ပါဘူး။ ခရစ်ယာန်ယဉ်ကျေးမှု့တစ်ခု ကမ္ဘာကိုပြန့်နှံ့သွားတယ်ဆို ပါစေ - အဲဒီ ယဉ်ကျေးမှု့ကို ပိုင်ဆိုင်တဲ့ ခရစ်ယာန်တွေပင် ခရစ္စမတ်ကို သိတာချင်းမတူသေးပါဘူး။ ဒီနေ့ဒီခေတ်မှာ ခရစ္စမတ်ဆိုတဲ့ အဓိပ္ပာယ်ပြောင်းလဲလာနေပြီ။ ပြောင်းလဲလာတဲ့ အဓိပ္ပာယ်နဲ့အတူ ခရစ္စမတ်ပွဲတော်ကို ကျင်းပတာတွေလည်း မတူနိုင်ကြတော့ဘူး။ ဥပမာ- ခရစ္စမတ်ပွဲမို့ ကျွန်ုပ်တို့ပတ်ဝန်းကျင်ကို အလှဆင်ကြတယ်။ ရုံးတွေ၊ အိမ်တွေ၊ လမ်းတွေမှာ ခရစ္စမတ်အလှဆင်ထားမှု့တွေက အငွေ့သက်နေပြီ။ ကုန်စည်တွေက ခရစ္စမတ်လျော့ဈေးတဲ့ - စီးပွားရေးကိရိယာတစ်ခုလိုပဲ ။ လူတွေကလည်း ခရစ္စမတ်မို့ အလှတွေဆင်ကြတယ် - လက်ဆောင်တွေပေးကြ - ယူကြနဲ့ ပွဲတော်တစ်ခုပါပဲ။ သို့သော်လည်း ခရစ်တော်ပျောက်နေတဲ့ ခရစ္စမတ်ပဲ။ ခရစ္စမတ်၏ အဓိပ္ပာယ်စစ်စစ်ကို ဖာသိဖာသာထားလိုက်ကြပြီ။ ဒီနေ့ ဒီအချိန်မှာ ခရစ္စမတ်ပွဲတော်အတွက် ၀ိညာဉ်ရေးအလှဆင်သူ ရှားပါးလာပြီ။ မျှော်လင့်ချက်တွေက ၀ိညာဉ်ရေး အလှတရားမှာထက် အပြင်ဘမ်းအလှတရားမှာ ပိုနေပြီ။
ကျွန်တော်တို့ခရစ်ယာန်များအတွက် အပြင်ဘမ်းအလှတရားများထက် ၀ိညာဉ်ရေးအလှဆင်ဖို့ ပို၍လိုအပ်ပါတယ်။ ထို့အတွက် ကျွန်တော်တို့ယုံကြည်ခြင်းနှင့်အတူ အမြဲတမ်း တရားထောက်ရှု့နေဖို့ လိုအပ်ပါတယ်။ တချိန်တခါက ပရော်ဖက်များဟာ ယေဇူးခရစ်တော်ကြွလာခြင်း (လူ့အဖြစ်ကိုယူခြင်း) အတွက် ပြင်ဆင်ဖို့တာဝန်ကို ယူခဲ့ကြသလို ယနေ့ခေတ် ကျွန်တော်တို့ခရစ်ယာန်များအတွက် ယေဇူးခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းအတွက် ပြင်ဆင်နေကြဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ဟာ ခက်ခဲပါတယ် သို့ပေမယ့်လည်း ဘုရားသခင်၏အကူညီအားဖြင့် အားလုံးကို အောင်မြင်စေပါတယ်။
မိတ်ဆွေ၊ ဒီအချိန် ဒီခရစ္စမတ်ဟာ ကျွန်တော်တို့ခရစ်ယာန်များအတွက် စစ်မှန်သည့် ခရစ္စမတ်စိတ်ဓါတ်ဖြင့် ၀ိညာဉ်ရေးရာမှာ သက်သေခံဖို့ အခွင့်အခါကောင်းပါပဲ။ ယနေ့ခေတ်လို လောကကြီးမှာ စစ်မှန်သည့် ခရစ္စမတ်စိတ်ဓါတ်ဖြင့် ခရစ်တော်အားသက်သေခံဖို့ရန် အကောင်းဆုံးအချိန်ကာလပါပဲ။ အသင်းတော်အသင်းတော်၌လည်း ခရစ္စမတ်ပွဲတော် မရောက်ခင်၊ ယေဇူးခရစ်တော်၏မွေးနေ့ပွဲတော် မရောက်ခင် ပြင်ဆင်ဖို့ရန်အတွက် ၎င်း၏၀တ်ပြုကိုးကွယ်ရာ ပြကဒိန်မှာ အာဝင်ဒူးလ်ကာလ ရက်သတ္တပတ်လေးပတ်ကို ထည့်သွင်းပေး၍ ၀ိညာဉ်ရေးရာမှာ ပြင်ဆင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ် ။ ထိုပြင်ဆင်ခြင်းဟာ ခရစ်တော်၏ဒုတိယအကြိမ် ကြွလာခြင်းထိအောင်ပင် အရေးပါနက်ရှိုင်းပါတယ်။ ထိုကြောင့် အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်ဖြင့် အသက်သွင်းစေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့မျှော်လင့်ချက် ဟာ အနာဂတ်ကာလ၏ ကယ်တင်ခြင်းဖြစ်ပြီး ထိုကယ်တင်ခြင်းတရားကို သမိုင်း၏ဖြစ်ရပ်မှန်ဖြင့် သက်သေတည်ပါတယ်။ ဒါကြောင့် ခရစ္စမတ်ဆိုတာ အောက်မေ့သတိရလျက် ဂုဏ်ပြုရုံမကဘဲ ကျွန်ုပ်တို့၏ အနာဂတ်မျှော်လင့်ချက်တို့ကို အပ်နှံစေပါတယ်။
ခရစ္စမတ်အတွက် ကောင်းဆုံးပြင်ဆင်သွားကြပါစို့။ ကျွန်ုပ်တို့မျှော်လင့်ချက် တွေဟာ ဧ၀ံဂေလိတရားတော်ဖြင့် မှန်ကန်ကိုက်ညီနေပါစေ။ လူ့အဖြစ်ကို ယူတော်မူသော ဧမာနူအဲလ်အရှင်သခင်၏ ဧ၀ံဂေလိတရားတော်သည် ကျွန်ုပ်တို့အားလုံး၏ ခွန်အားနှင့် လမ်းဖြစ်စေ၍ ကမ္ဘာမြေကြီးပေါ်၌လည်း ငြိမ်းချမ်းသာယာခြင်းရှိပါေ စ။
ကိုရင် (ဒိုမီနီကန်)
0 Comments