၃၃ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့


သံမာတေဦး ၂၅း ၁၄-၃၀
ယနေ့ဖတ်ရှုရတဲ့ဧ၀ံဂေလိတရားတော်ထဲမှ ယေဇူးသခင်၏ပုံဥပမာထဲတွင် စီးပွားရေးရှင်ကြီးတစ်ဦးက ၎င်းပိုင်ဆိုင်ရာတွေကို ၎င်း၏၀န်ထမ်းများထံအသီးသီး အပ်နှံပြီး ခရီးထွက်သွားပါသတဲ့။ ထိုသို့ ၀န်ထမ်းများကို အပ်နှံရာမှာတော့ တန်းတူမဟုတ်ဘဲ တစ်ဦးကို ငွေသားအချိန် ၅တာလင်၊ နောက်တစ်ဦးကို ၂ တာလင်၊ ကျန်တစ်ဦးကို ၁ တာလင်ပါ။ စီးပွားရေးရှင်ကြီးတစ်ဦးဖြစ်သည့်အတိုင်း ထိုအပ်နှံထားတဲ့ ငွေသားတွေကို တိုးပွားအောင်လုပ်ဆောင်ဖို့အတွက် တာဝန်ကိုယ်စီပေးခြင်းခံရတာဖြစ်ပါတယ်။ ငွေသား ၅တာလင်ကို လက်ခံရခဲ့သူကတော့ ချက်ချင်းကူသန်းရောင်းဝယ်မှု့ပြုလုပ်၍ နောက်ထပ် ၅တာလင်တိုးပွားပါတယ်။ ထို့အတူ နောက်ထပ် ၂တာလင်ရခဲ့သူဟာလည်း စီးပွားပြုလုပ်ရာ နောက်ထပ် အမြတ် ၂တာလင်ရရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း ငွေ ၁တာလင်ရရှိခဲ့သူကတော့ စီးပွားမလုပ်ဘဲ မြေထဲမှာမြုပ်ထားလိုက်ပါတယ်။ ထိုသူလုပ်ရပ် ဘာများမှားသွားပါသလဲ။

စီးပွားရေးရှင်ကြီးပြန်ရောက်လာချိန်မှာတော့ ငွေသား ၅တာလင် နဲ့ ၂ တာလင်ကို လက်ခံရရှိသူတွေကတော့ နောက်ထပ် ထပ်တူမျှတဲ့အမြတ်တွေရအောင် ဆောင်ရွက်နိုင်သူတွေဖြစ်တာမို့ သူဌေးကြီးရဲ့ စိတ်ကျေနပ်ခြင်း ရတာမို့ နောက်ထပ်ကြီးမားတဲ့လုပ်ငန်းတွေ ပေးအပ်မည်ဟု ဆိုပါတယ်။ သို့ပေမယ့်လည်း ငွေသား ၁တာလင်သာ လက်ခံရရှိသူကတော့ သူဌေးကြီး၏ငွေသားတွေအားဖြင့် စီးပွားမလုပ်သည့်အပြင် အနဲဆုံး ငွေတိုးပေးထားလျှင်ပင် အနဲငယ်တိုးပွားနိုင်သေးတာကို မဆောင်ရွက်သူဖြစ်တာမို့ အလုပ်ထုတ်လိုက်သည့်အပြင် လူတွေငိုကြွေးရတဲ့အရပ်ကို ပို့လိုက်ပါတယ်။
မိတ်ဆွေ၊ ဤပုံဥပမာအားဖြင့် သင်နှင့်ကျွန်ုပ်တို့ ဘာတွေလေ့လာဖြစ်ကြပါသလဲ။ စီးပွားရေးလုပ်ငန်းရှင်ကြီးနှင့် ၎င်း၏၀န်ထမ်းများရဲ့စွမ်းဆောင်ရည်တွေအားဖြင့် ကောင်းကင်နိုင်ငံအကြောင်း ဘာတွေသင်ကြားပေးနေသလဲ။ ဤပုံဥပမာအားဖြင့် ယေဇူးသခင်က ဘုရားသခင်ဟာကျွန်တော်တို့တစ်ဦးချင်းဆီအား ဘယ်လိုဆက်ဆံ သလဲဆိုတာ သင်ပေးနေပါတယ်။

အမှန်တော့ ပုံဥပမာရဲ့ အဓိကသတင်းစကားဟာ “ယုံကြည်မှု့” အကြောင်းပါ။ ပုံဥပမာထဲက စီးပွားရေးရှင်ကြီးဟာ သူ၏၀န်ထမ်းတွေအပေါ် ယုံကြည်မှု့အပြည့်အ၀နဲ့ သူ့ရဲ့ဥစ္စာတွေကို အပ်ခဲ့သလိုပဲ ဘုရားသခင်ကလည်း ကျွန်တော်တို့အယောက်စီတိုင်းကို သူ့ရဲ့ယုံကြည်မှု့အပြည့်အ၀အားဖြင့် အရည်အချင်းတွေအပ်နှံထားပါတယ်။ ဘုရားသခင်၏သားသမီးများ ဖြစ်သည့်အလျောက် ကျွန်တော်တို့အားလုံးဟာ အရည်အချင်းကိုယ်စီပေးထားခြင်းခံရပါတယ်။ ထိုအရည်အချင်းများအလိုက် ကျွန်တော်တို့တတွေဟာလည်း တာဝန်အသီးသီးမှာ ယုံကြည်မှု့အပြည့်အ၀ဖြင့် ပေးအပ်ခံရသူများဖြစ်ပါတယ်။ ဘုရားသခင်၏ ယုံကြည်မှု့ကို ကျွန်တော်တို့ဘယ်လိုသက်သေပြတုန့်ပြန်မလဲဆိုတာတော့ ကျွန်တော်တို့တတွေရဲ့ လုပ်ဆောင်မှု့တွေမှာ မူတည်ပါတယ်။

ဘယ်သူမှ ပြီးပြည့်စုံတဲ့ထိကောင်းအောင် မလုပ်ဆောင်နိုင်ကြပါဘူး။ အဲဒီလိုကောင်းအောင် လုပ်ဆောင်ဖို့လည်း ဘုရားသခင်က ကျွန်တော်တို့ကို မတောင်းဆိုပါဘူး။ သို့ပေမယ့်လည်း ကျွန်တော်တို့တတွေ တတ်နိုင်သလောက်မှာတော့ အကောင်းဆုံးလုပ်ဆောင်တာကိုလိုလားပါတယ်။ ကျွန်တော်တို့တတွေ အကောင်းဆုံးလုပ်လိုက်တဲ့အရာဟာလည်း သူတစ်ပါးတွေလောက် ကောင်းလျှင်မှလည်း ကောင်းပါလိမ့်မယ်။ ကိစ္စမရှိပါဘူး။ တစ်ပါးသူနှင့်နှိုင်းယှဉ်ပြီး အကောင်းဆုံးဆိုတာကို ခွဲခြားတာမဟုတ်ပါဘူး။ ထို့အတွက် ဘုရားသခင် ရီမှတ်တော်မည်မဟုတ်ပါ။ သို့ပေမယ့်လည်း အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းဆုံးလုပ်ဆောင်လိုက်တဲ့ ကျွန်တော်တို့ရဲ့ လုပ်အားဟာ ဘုရားသခင်အလိုရှိတဲ့ အကောင်းဆုံးပါပဲ။ သူငယ်တော်ယေဇူး၏ထရေဇား ပြောသလိုပဲ “မည်မျှပင် သေးငယ်တဲ့အလုပ်ဖြစ်ပါစေ ကြီးမားတဲ့ချစ်ခြင်းမေတ္တာနဲ့လုပ်ဆောင်ပါ” လို့ဆိုပါတယ်။

အရည်အချင်းတွေဘယ်လောက်ပဲပေးထား ပေးထား ကျွန်တော်တို့တတွေက အကောင်းဆုံး မလုပ်ဆောင်လျှင်တော့ ဘုရားသခင်ကို ကျေနပ်စေမှာမဟုတ်ပါဘူး။ ထိုအရည်အချင်းတွေဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးလုပ်ဆောင်မှု့များနှင့် ပေါင်းစပ်မှသာလျှင် ဘုရားသခင်အား ကျေနပ်စေပါတယ်။

ကျွန်တော်တို့တတွေလည်း ဘုရားသခင်၏ယုံကြည်မှု့အပြည့်ဖြင့် ရရှိထားတဲ့အရည်အချင်းတွေကို ကျွန်တော်တို့တတ်နိုင်သည့်အတိုင်းအတာအားဖြင့် အကောင်းဆုံးလုပ်ဆောင်ရင်း ဘုရားသခင်အား ကျေနပ်စေပြီး နောက်ထပ်ကြီးမားသောလုပ်ငန်းတာဝန်များကို ပေးအပ်နိုင်သော ကောင်းကင်ဝန်ထမ်းများ ဖြစ်အောင်အစဉ်ကြိုးစားသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



Post a Comment

0 Comments