ဂျွန်လ ၁၉ ရက်နေ့၊ ၂၀၁၄ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်၏ တောင်ကိုးရီးယားသို့ လည်ပတ်သွားရောက်မည့် ခရီးစဉ်အတွက် အချိန်ဇယားကို ဗာတီကန်ရုံးတော်မှ တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထိုတောင်ကိုးရီးယားခရီးစဉ်တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က အာရှလူငယ်များနှင့် တွေ့ဆုံမှာဖြစ်ပြီး ဓမ္မအာဇာနည် ၁၂၄ ပါးကိုလည်း သူတော်စင်အဖြစ် (beatified) တင်မြှောက်မည့်အကြောင်းလည်း ပါရှိပါတယ်။
ဗာတီကန်ရုံးတော်မှ ကြေငြာချက်ထုတ်ပြန်သည့်အတိုင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ တောင်ကိုးရီးယား ခရီးစဉ်ဟာ သြဂုတ်လ ၁၃ ရက်မှ စတင်ပြီး ၁၈ ရက်နေ့မှာ အဆုံးသပ်မှာ ဖြစ်ပါတယ်။ ထိုခရီးစဉ်အတွက် တောင်ကိုးရီးယားသမ္မတ Park Geun-hye နှင့် ကိုးရီးယားဆရာတော်ကြီးများ၏ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုဖိတ်ကြားချက်ကို ပုပ်ရဟန်းမင်းကြီးက လက်ခံခဲ့၍ ယခုလိုသွားရောက်ဖို့ ခရီးစဉ်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုးရီးယားသို့ စတင်ရောက်ရှိတဲ့နေ့မှာပဲ မစ္ဆားတရားတော်မြတ်ကိုတော့ Apostolic Nunciature မှာပဲ ကျင်းပပြုလုပ်မှာဖြစ်ပြီး တောင်ကိုးရီးယားသမ္မထံသို့ ရင်းနှီးခင်မင်မှုအဖြစ် လည်ပတ်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ထိုနောက် ဒေသခံအာဏာပိုင်အချို့နှင့်တွေ့ဆုံပြီး တဆက်တည်းမှာပဲ ဒေသခံဆရာတော်ကြီးများနှင့် တွေ့ဆုံမှာ ဖြစ်ပါတယ်။
နောက်တနေ့ သြဂုတ်လ ၁၄၊ ကြာသပတေးနေ့မှာတော့ Daejeon ဒေသသို့ ခရီးဆက်ကာ မယ်တော်သခင်မအား အမိန့်တော်ပြန်တော်မူခြင်းပွဲနေ့ကြီး မစ္ဆားတရားကို မြို့တော်ကမ္ဘာ့ဖလားအားကစားကွှုးမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး မွန်းတည့်မေတ္တာကိုလည်း ဦးဆောင်သွားမှာဖြစ်ပါတယ်။ ထို့နောက် Daejeon ရဟန်းဖြစ်တက္ကသိုလ်မှ ကိုရင်များ၊ အဖွဲ့ဝင်များနှင့်အတူ နေ့လည်စာသုံးဆောင်မှာ ဖြစ်ပြီး နောက်တနေ့ သြဂုတ် ၁၅၊ သောကြာနေ့မှာတော့ ဆဌမအကြိမ်မြောက် အာရှလူငယ်များနေ့ကို ကျင်းပပြုလုပ်ရင်း အာရှလူငယ်များနှင့် တွေ့ဆုံမှာဖြစ်ပါတယ်။
သြဂုတ်လ ၁၆၊ စနေနေ့မှာတော့ Seo So mun ၏ဓမ္မအာဇာနည်များ ဗိမာန်သို့ သွားရောက်လည်ပတ်မှာ ဖြစ်ပြီး အဲဒီမှာပဲ မစ္တားတရားတော်မြတ်ပူဇော်ကျင်းပကာ သူတော်စင် Paul Yun Ji-Chung နှင့်အပေါင်းအပါ ၁၂၃ ပါးသော ဓမ္မအာဇာနည်များကို သူတော်စင်အဖြစ် တင်မြှောက်မှာ ဖြစ်ပါတယ်။ မစ္ဆားတရားတော်မြတ် အပြီးမှာတော့ “မျှော်လင့်ခြင်းအိမ်”ဟု အမည်ရှိသော မသန်မစွမ်းကျောင်းကို သွားရောက်လည်ပတ်မှာ ဖြစ်ပြီး လူငယ်တမန်တော်ခေါင်းဆောင်အချို့နှင့်လည်း မြို့တော်၏၀ိညာဉ်ရေးစင်တာမှာ တွေ့ရှိဖို့ရှိပါတယ်။
သြဂုတ်လ ၁၇၊ တနင်္ဂနွေနေ့မှာတော့ Haemi သို့သွားရောက်လည်ပတ်ကာ အာရှဆရာတော်ကြီးများနှင့် တွေ့ဆုံ၍ နေ့လည်စာကိုအတူတကွသုံးဆောင်ကြမှာ ဖြစ်ပါတယ်။ ထို့နောက် ဆဌမအကြိမ်မြောက် အာရှလူငယ်များနေ့၏ ပိတ်ပွဲအဖြစ် မစ္ဆားတရားတော်မြတ် ပူဇော်ကျင်းပပါလိမ့်မယ်။
နောက်ဆုံးနေ့ မပြန်ခင်မှာတော့ အခြားဘာသာပေါင်းစုံမှ ဘာသာရေးနယ်ပယ်အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမှာဖြစ်ပြီး ဆိုးလ်မြို့ကက်သီဒြယ်တွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်ကျေအေးသင့်မြတ်ခြင်းအတွက် မစ္ဆားတရားတော်မြတ်ပူဇော်ကျင်းပမှာ ဖြစ်ပါတယ်။ ထိုနောက်လေယာဉ်ကွင်းတွင် နှုတ်ဆက်ခြင်းအခမ်းအနားနှင့်အတူ ရောမမြို့တော်သို့ ပြန်လည်ကြွရောက်မှာ ဖြစ်ပါတယ်။
ဤလည်ပတ်ခြင်းဟာ ၂၅နှစ်အတွက် ပုပ်ရဟန်းမင်းကြီးတစ်ပါး၏ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က ၁၉၈၉ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဂျွန်ပေါလ် (၂)လည်း လည်ပတ်ခဲ့ဖူးပါတယ်။
ယခုတောင်ကိုးရီးယားခရီးစဉ်အတွက် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်၏ ဆောင်ပုဒ်မှာ - နိုးထလော့ ကိုးရီးယား၊ သင့်ကိုသင် အလင်းတရား၌ဆင်မြန်းလော့။ အကြောင်းမူကား သခင့်ဘုန်းဂုဏ်တော်သည် သင့်အပေါ်သို့ ထွန်းတောက်လေပြီ။
မနောအောင်
0 Comments