သံလုကာ ၂၄း ၁၃-၃၅ ဧမာဦးခရီးစဉ်မှ သက်သေခံချက်
ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော်ဟာ ယေဇူးခရစ်တော်ရှင်ပြန်ထမြောက်ပြီး တပည့်တော်ကြီးများနှင့် မတွေ့ကြုံရသေးခင် ဖြစ်ရပ်များစွာထဲက ဖြစ်ရပ်တစ်ခုကို အခြေခံပြုစုထားသည့် ဖြစ်ရပ်မှန်သက်သေခံချက် တစ်ခုပင် ဖြစ်ပါတယ်။ အကြောင်းအရာမှာ ယေဇူးခရစ်တော်အသေခံပြီးနောက် သတင်းတွေက မရေမရာ၊ သုံးရက်မြောက်ရှိနေပြီ တချို့ကလည်း အလောင်းတော်ပျောက်နေလို့ အာဏာပိုင်တွေဘက်ကများ ဖျောက်လိုက်ကြသလား၊ ဒါမှမဟုတ် ကိုယ်တော်မိန့်ဆိုခဲ့ဖူးသည့်အတိုင်း ရှင်ပြန်ထမြောက်သွားပြီလား။ ဒီအချိန်မှာ တပည့်တော်ကြီးများကတော့ အကြောက်တရားများဖုံးလွှမ်းခံရပြီး စိတ်ဓါတ်တွေ ဘုန်းဘုန်းကျနေပြီ။ အဲဒီလို စိတ်ဓါတ်တွေကျနေတဲ့ တပည့်တော်ကြီးများထဲမှာ တပည့်တော်ကြီးနှစ်ဦးဟာ ဂျေရုဇလင်ကနေ ထွက်သွားပြီး ဧမာဦးသို့ ခရီးနှင်လာခဲ့ကြပါတယ်။ ထို့သို့ ဧမာဦးသို့ခရီးသွားနေချိန် ယေဇူးသခင်ဟာ သူတို့နှင့်အတူလာရောပြီး ခရီးတလျှောက် စကားများပြောဆိုလာပါတယ်။ သို့ပေမယ့်လည်း ထိုတပည့်တော်ကြီးနှစ်ဦးဟာ သူတို့ဆရာသခင်မှန်း မမှတ်မိကြပါဘူး။
ထိုနောက် ယေဇူးသခင်က လွန်ခဲ့တဲ့သုံးရက်အတွင်းက အဖြစ်အပျက်တွေကို မသိချင်ဟန်ဆောင်ကာ သူတို့ကို ဘာတွေဖြစ်ပျက်လို့ ဒီလောက်သတင်းကြီးနေရသလဲလို့ မေးလိုက်ပါတယ်။ ဒီလောက်သတင်းကြီးတာကို မသိတဲ့သူမို့ တပည့်တော်ကြီးနှစ်ပါးအံ့အားသင့်သွားရပါတယ်။ သို့ပေမယ့်လည်း ယေဇူးသခင်၏ မေးခွန်းဟာ သူတို့ရဲ့ အသိမျက်စိပိတ်နေခြင်းကို ထောက်ပြဖို့ရန်ဆိုတာ သူတို့မသိခဲ့ကြပါဘူး။ ထို့ကြောင့် ကယ်တင်ရှင်ဟာ လူသားများကိုအပြစ်မှကယ်တင်ရန် မိမိကိုယ်ကိုဒုက္ခခံထမ်းပြီး အသက်တော်စွန့်ရမည့် အကြောင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုန်းတန်ခိုးတော်ထင်ရှားမည့်အကြောင်းကို ဓမ္မဟောင်းကာလမှ ကြိုတင်ဟောပြောထားသော်လည်း လူသားများအတွက် လက်ခံရခက်နေတုန်းပါပဲ။ ဒါကြောင့် တပည့်တော်ကြီးနှစ်ဦး၏အတုန့်အပြန်နှင့် ယေဇူးသခင်၏တုန့်ပြန်မှု့ ဤနေရာမှာ ကွာခြားပါတယ်။ ဒါဟာ လူသားအမြင်နဲ့ ဘုရားအမြင်ကွာခြားခြင်းပါပဲ။ ထို့ကြောင့် ယေဇူးသခင်ဟာ ဓမ္မဟောင်းကျမ်းတွေ ကိုးကားပြီး ကယ်တင်ရှင်အကြောင်းဟောထားချက်များကို ကိုးကားပြီး ရှင်းပြပါတော့တယ်။ ဒါကိုပင် ဆရာသခင်မှန်း မသိကြသေးဘူး။
ထို့နောက် ရွာအနီးရောက်တဲ့အချိန် ညနေမှောင်ရီစပျိုးနေပြီဖြစ်၍ တပည့်တော်ကြီးနှစ်ဦးဟာ ကိုယ်တော့်အား သူတို့နှင့်အတူ တည်းခိုရန် ဖိတ်ခေါ်ပါတယ်။ ညနေချိန် စားသောက်ခါနီးမှ ကိုယ်တော်ဟာ မုန့်ကိုယူ၍ ဖဲ့တော်မူပြီး သူတို့အားပေးသည့်အချိန်မှ သူတို့မျက်စိတို့ လုံးလုံးပွင့်ခဲ့ရပါတော့တယ်။ တကယ်တော့ တပည့်တော်ကြီးနှစ်ပါး၏ နှလုံးသားများဟာ ၎င်းတို့အတွင်း၌သာ တောက်လောင်နေ၍ အခြားအရာတွေကို ဂရုပြုနိုင်ခြင်းမရှိခဲ့တာပါ။ ထို့ကြောင့်လည်း မိမိတို့ဆရာသခင်ကိုပင် မမှတ်မိလောက်အောင် ရှန်နေခဲ့ကြတယ်။
မိတ်ဆွေ၊ ဒီဧမာဦးခရီးစဉ်ဖြစ်ရပ် (သို့) ဧမာဦးခရီးစဉ်မှ သက်သေခံချက်အားဖြင့် ကျွန်တော်တို့တတွေလည်း ဘယ်လိုတရားမှတ်ယူနိုင်ကြမလဲ။ တပည့်တော်ကြီှးနှစ်ပါး၏ အဖြစ်တွေဟာ ဒီနေ့ ကျွန်တော်တို့တစ်ဦးချင်းစီမှာ ဖြစ်ပျက်တတ်ပါတယ်။ ယေဇူးခရစ်တော်မီးမောင်းထိုးပြရာလမ်းမှာ ယုံကြည်ခြင်းမျက်စိကိုဖွင့်ပြီး လျှောက်လှမ်းနေသော်လည်း မကြာခဏဆိုသလို စိတ်ပျက်အားငယ်တတ်ကြတယ်၊ အမြင်တွေရှန်ပြီး လမ်းလွဲကုန်တတ်ကြတယ်၊ အမြင်တွေကျဉ်းလာတတ်ကြတယ်၊ နောက်ဆုံး ယုံကြည်ခြင်းပင် ပျက်စီးလာတတ်ကြတယ်။ ထို့ကြောင့် ဒီနေ့ဖြစ်ရပ်တွေ ဒီသက်သေခံချက်တွေကို ထောက်ရှု့စဉ်းစားပြီး ခွန်အားထပ်ကာ ထပ်ကာ ယူဖို့လိုအပ်ပါတယ်။
တခါတရံ ကျွန်တော်တို့ဘ၀မှာ ဒုက္ခဝေဒနာတွေနဲ့ ဘ၀အခက်ခဲတွေ ဆက်တိုက်ဆက်တိုက် ဖြစ်နေလွန်းလို့ မိမိဘ၀မှာ ဘုရားသခင်အတူတူရှိနေပါလားဆိုတဲ့ အသိတွေ၊ ယုံကြည်ခြင်းတွေ ပျောက်လာနေတတ်ပါတယ်။ တခါတလေ ကြမ်းတမ်းလှတဲ့ ဘ၀မုန်တိုင်းတွေဟာ ကိုယ့်တယောက်တည်းကိုပဲ ရွေးပြီးတိုက်နေသလား ထင်မှားရအောင် ဘ၀မှာ ရုန်းကန်ရလွန်းလို့၊ ၀န်ထုတ်ဝန်ပိုးတွေ ပိလွန်းလို့ မိမိရဲ့ဆုတောင်းသံတွေကို နားထောင်ပေးနေတဲ့ ခရစ်တော်ကို အသိမှတ်ပြုဖို့ ခက်ခဲလာတတ်ကြပါတယ်။
တခါတလေ ဘုရားသခင်အပေါ် အနန္တတန်ခိုးတော်ရှင်၊ အရာရာကို ပေးစွမ်းနိုင်ရှင်၊ လုပ်နိုင်ရှင်၊ စေ တစ်လုံးပိုင်ရှင် စသဖြင့် ကျွန်တော်တို့နားလည်မှုအမြင့်ကြီးမှာ ထားချိန် ဘုရားသခင်ရဲ့ ချည်းကပ်မှု့နှင့် အစီအမံတွေဟာ အောက်ခြေက စလာတဲ့အခါ နားမလည်နိုင်အောင်ဖြစ်ရတတ်ပြီး ယုံကြည်ဖို့ ခက်ခဲလာတတ်ပါတယ်။
မိတ်ဆွေ၊ ဘ၀မှာ ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လောက်ပြင်းထန်တဲ့ ဘ၀မုန်တိုင်းတွေ တိုက်နေပါစေ၊ ဘ၀မှာ ဘယ်လိုပင် ရုန်းကန်နေရသည်ဖြစ်ပါစေ၊ ၀န်ထုတ်တွေဘယ်လောက် ပိပိဖြစ်နေပါစေ၊ ကျွန်တော်တို့အတွက် အမှန်နှင့်အဖြေ (ဘ၀အဖြေ)ကို သတိထားမိချိန်၊ တွေ့မြင်လိုက်ရတဲ့အချိန်၊ အဖြေရှာတွေ့မိတဲ့အချိန်ဆိုတာလေးတွေ အသေအချာကို ရှိနေပါတယ်။ အယူအဆလေးတွေ မှားတတ်ကြသည် ဖြစ်ပါစေ . . . မှားသွားပြီဆိုတဲ့အမြင်နဲ့ အမှန်ကိုရွေးချယ်ရမယ့်အချိန်လေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တတွေဟာ မိမိရဲ့ဘ၀အခက်ခဲတွေ၊ တယူသန်မှု့တွေ၊ ၀န်ထုတ်ဝန်ပိုးတွေအတွင်းမှာသာ တောက်လောင်နေ၍ ဒီအချိန်လေးတွေကို သတိမထားမိဘဲ ဖြစ်နေကြရတာပါ။ ဒါကြောင့်လည်း ဘ၀နား ခေတ္တအနားယူပြီး စဉ်းစားဖို့အချိန်လေးတွေ ရှိနေသင့်တယ်။ ဥပုသ်ယူပြီး ဘ၀ကို မကြာမကြာသုံးသပ်နေဖို့ လိုအပ်တယ်။ တကယ့်ကို ဧမာဦးမြို့သွားတဲ့ တပည့်တော်ကြီးနှစ်ပါးလိုပဲ - ခရစ်တော်သခင် မုန့်ကိုဖဲ့၍ ပေးမှ ဆရာသခင်ဆိုတာ သိလာကြရတယ်။ ဒါဆို ကျွန်တော်တို့ဘ၀မှာလည်း ဘယ်လိုအရာလေးတွေကို မြင်မိစဉ်းစားမိမှ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သိလာကြမလဲ။
ဘ၀ဆိုတာ အခက်အခဲတွေကို ကျော်ဖြတ်ရတဲ့ ဂိမ်းကစားနည်းတမျိုးလို့ သဘောထားပြီး ထိုအခက်အခဲတွေထဲမှာ မိမိဘ၀ကို နစ်မနေစေဘဲ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးခရစ်တော်ထံမှ ခွန်အားယူကာ မိမိတို့ယုံကြည်ခြင်းအားဖြင့် ဘ၀ရဲ့ ဂိမ်းကစားခြင်းကို အောင်မြင်နိုင်ကြပါစေ။
ကိုရင် (ဒိုမီနီကန်)
0 Comments