စတုတ္ထမြောက် ၀ါတွင်းတနင်္ဂနွေနေ့

သံယောဟန် ၉း၁-၄၁

ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်တွင် မွေးရာပါ မျက်မမြင်သူတစ်ဦးအား ယေဇူးခရစ်တော် ကုသပေးခြင်းနှင့်အတူ ၎င်းကုသခြင်းကို ဖာရီဇေးဦးတို့က စစ်ဆေးကြသည့်အကြောင်းပင် ဖြစ်ပါတယ်။ ထိုအကြောင်းရာနှစ်ခုဟာ မျက်စိအလင်းပျောက်ကွယ်ခြင်းနှစ်မျိုးကို ကွက်ကွက်ကွင်းကွင်း မြင်သာစေပါတယ်။ ပထမ မျက်စိအလင်းပျောက်ကွယ်ခြင်းဟာ ဇီဝဗေဒဆိုင်ရာ ရုပ်ခန္တာမှ မျက်စိ၏အလင်းကွယ်ခြင်းဖြစ်ပြီး ဒုတိယမျက်မမြင်ခြင်းမှာ ၀ိညာဉ်ရေးရာမျက်စိအလင်းကွယ်ခြင်းပင် ဖြစ်ပါတယ်။ ရုပ်ခန္တာမှ မျက်စိအလင်းပျောက်ကွယ်ခြင်းအတွက် ခရစ်တော်ဟာ လောက၏အလင်းဖြစ်ပြီး အလင်းပျောက်ကွက်နေတဲ့ မျက်စိတိုင်းကို အလင်းပြန်ပေးပါလိမ့်မယ်။ သို့သော်လည်း ၀ိညာဉ်အလင်းပျောက်ကွယ်သူများအတွက်တော့ အပြစ်တည်လျက်ရှိနေဦးမည်ဖြစ်ကြောင်း ခရစ်တော်ထောက်ပြထားပါတယ်။

ထို့အပြင် ဒုတိယတရားထောက်ရှု့စရာမှာ ဘုရားသခင်ရဲ့ ဝေဖန်ဆုံးဖြတ်ပုံနှင့် ကျွန်တော်တို့လူသားတွေရဲ့ ဝေဖန်ဆုံးဖြတ်ပုံကွာခြားနေခြင်းပါပဲ။ ထိုကြောင့် ပထမကျမ်းစာတော်မြတ်တွင် ဒေးဗစ်အား ဘိသိက်ပေးဖို့ရွေးချယ်တဲ့အခါ ပရော်ဖက် ရှမွေလအား ဘုရားသခင်က လူသားတွေ ဝေဖန်ဆုံးဖြတ်တတ်သည့်အတိုင်း အပေါ်ယံအဆင်းသာန်ကို မကြည့်ဘဲ ဘုရားသခင်၏ ဝေဖန်ဆုံးဖြတ်ပုံအတိုင်း နှလုံးသားကိုကြည့်ရှု့ရွေးကောက်ဖို့ မှာကြားတော်မူပါတယ်။ ထို့အတူ ဧ၀ံဂေလိတရားတော်မှာလည်း ဘုရားဖြစ်တော်မူသော ယေဇူးဟာ လူရဲ့နှလုံးသားကိုကြည့်၍ ကုသမှုပေးသော်လည်း ဖာရီဇေးဦးတို့ဟာ လူသားတို့ဝေဖန်ဆုံးဖြတ်တတ်သည့်အတိုင်း ထိုမျက်မမြင်ကို စစ်ဆေးကြပြီး ဥပုသ်နေ့မှာ ကုသခြင်းပြုလုပ်သည့်အတွက်ပင် အပြစ်တင် ဝေဖန်ကြပါတယ်။ ထို့ကြောင့် ယေဇူးခရစ်တော်က ၎င်းဖာရီဇေးဦးတို့ရဲ့ ၀ိညာဉ်ရေးမျက်စိအလင်းပျောက်ကွယ်နေတာကို တွေ့ရှိသောအခါ မျက်စိမမြင်သောသူတို့အား မျက်စိအလင်းရစေ၍ မျက်စိမြင်သောသူတို့ကို မျက်စိကန်းကြစေခြင်းငှာ စီရင်ဆုံးဖြတ်ရန် ငါကြွလာခဲ့သည်ဟု ပြင်းထန်စွာတုန့်ပြန်ခဲ့ပါတယ်။

မွေးရာပါ မျက်မမြင်အား ကုသပေးခြင်းဟာ တပည့်တော်ကြီးများ၏ စူးစမ်းမေးခွန်းကြောင့် ကုသဖြစ်သည်ဟု ဆိုရမယ်ထင်ပါတယ်။ ၎င်းတို့ရဲ့ စူးစမ်းမေးခွန်းဟာ အပြစ်ရင်းနှင့် ကိုယ်တိုင်ကျူးလွန်အပြစ်ကြောင့်ဟူ၍ ဆက်စပ်နေပါတယ်။ ထိုသူဟာ ဘာကြောင့်မွေးရာပါ မျက်စိမမြင်ရပါသလဲပေါ့။ ဂျူးလူမျိုးတွေမှာ ခန္တာကိုယ်ခြို့တဲ့သူတွေ၊ မျက်စိကန်းသူ၊ ရောဂါဝေဒနာစွဲကပ်သူတွေဟာ အပြစ်ကြောင့် ခံစားကြရတယ်လို့ ယုံကြည်ထားကြပါတယ်။ ထိုကြောင့် သူတို့တတွေဟာ လူ့အသိုင်းအ၀ိုင်းကနေ ဖယ်ခံရပါတယ်။ ဘေးထိုးခံရပါတယ်။ ယခုလည်း ဒီယုံကြည်မှုကြောင့် ယခုလိုမေးခွန်းမျိုး ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ သို့သော်လည်း ခရစ်တော်၏အဖြေမှာ ရှင်းပါတယ် - ထိုသူဟာ မိဘအပြစ်ကြောင့်လည်းမဟုတ်၊ သူကိုယ်တိုင် ပြုလုပ်တဲ့အပြစ်ကြောင့်လည်း မဟုတ်ဘဲ - ယခုလို ဝေဒနာခံစားရတာဟာ သူ့မှာ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ထွန်းတောက်စရာဖြစ်ပေါ်စေဖို့ပါပဲ။ မှန်ပါတယ် - ထိုကဲ့သို့ မွေးရာပါမျက်မမြင်တစ်ဦး မျက်စိအလင်းပြန်ရတယ်ကြားရတယ်ဆိုရင်ပဲ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် အံ့ဖွယ်ရာပါ။ အထူးသဖြင့် ဆရာဝန်တွေတောင် လက်လွှတ်ထားရတဲ့ ဝေဒနာ ပျောက်ကင်းသွားတယ်ဆိုရင် အံ့ဖွယ်ရာတွေပါပဲ။ (ဒီလို အံ့ဖွယ်ရာတွေ မကြာခဏဆိုသလို အသင်းတော်အတွင်းမှာ တန်ခိုးလက္ခဏာတွေအဖြစ် ဖြစ်ပေါ်လေ့ရှိနေပါတယ်။) ဒီမျက်မမြင်အား ခရစ်တော်၏တန်ခိုးတော်အစွမ်းဖြင့် ကုသပေးခြင်းဟာ ဘုရားသခင်၏ဘုန်းဂုဏ်တော် ထွန်းတောက်စေရာပါပဲ။

သို့သော်လည်း ဒီလို တန်ခိုးလက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကို ၀ိညာဉ်အလင်းပျောက်ကွယ်နေပါက ကျွန်တော်တို့တွေအတွက် မြင်ဖို့ခက်ခဲပါလိမ့်မယ်။ တနည်းအားဖြင့် ကျွန်တော်တို့တတွေဟာ မျက်စိအလင်း ပျောက်ကွယ်နေသူတွေ ဖြစ်နေပါလိမ့်မယ်။ ဤသည်ပင် ဖာရီဇေးဦးတွေကို ခရစ်တော် သတိပေးခြင်းဖြစ်ပါတယ်။ ထို့အပြင် ဘုရားသခင်မြင်သလို၊ ကြည့်သလို မမြင်တတ် မကြည့်တတ်တဲ့ ကျွန်တော်တို့လူသားတွေအတွက် တခါတရံ ထိုအရာတွေဟာ ကျေနပ်နှစ်သက်စရာ မဟုတ်ဘူး ဖြစ်နေတတ်ပါတယ်။ ဥပမာ- ကိုယ်နဲ့မတည့်သူ၊ ရန်သူလို လူဆီမှာ ဘုရားသခင်ရဲ့ကုသခြင်းနှင့်အတူ တန်ခိုးလက္ခဏာဖြစ်ပေါ်နေပေမယ့်လည်း ကျွန်တော်တို့ရဲ့ အကြည့်၊အမြင်တွေဟာ အပေါ်ယံသာန်ပဲ ဖြစ်နေတဲ့အတွက် မရှု့စိတ်နဲ့အတူ အပြစ်အနာဆာ ရှာတတ်ပါတယ်။ ဤသည်ပင် ဖာရီဇေးဦးတို့ အပြစ်အနာဆာရှာသလိုပဲ - ဘာကြောင့် ဥပုသ်နေ့မှာ ကုသခြင်းပြုလုပ်ရသလဲပေါ့။

မိတ်ဆွေ၊ တခါတရံ ကျွန်တော်တို့တတွေဟာလည်း ထိုဖာရီဇေးဦးတို့လိုပဲ ကျွန်တော်တို့ဘ၀ထဲမှာ ဘုရားသခင်ပြုလုပ်တဲ့ တန်ခိုးလက္ခဏာတွေကိုပင် လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှ အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျေနပ်မှုမရှိဘဲ ဘ၀င်မကျဖြစ်တတ်၍ အဟန့်အတားဖြစ်စေကြပါတယ်။ ဘုရားသခင်နှင့် ကောင်းကင်နိုင်ငံတော်အကြောင်းကိုလည်း သက်သေခံဖို့ သတ္တိမရှိဖြစ်နေတတ်ကြပါတယ်။ ကိုယ့်ဘ၀မှာ ဘုရားသခင်ပြုလုပ်တဲ့ ဘုန်းတန်ခိုးလက္ခဏာကိုပင် သက်သေခံဖို့ သူရဲဘောကြောင်နေတတ်ပါတယ်။ ခရစ်တော်ဟာ မျက်မမြင်ကို ကုသပေးတဲ့အခါ စီလွမ်ရေကန်မှ ရေဖြင့် ဆေးကြောခိုင်းခဲ့ပါတယ်။ စီလွမ်ဆိုသည်မှာ စေလွှတ်ခံရခြင်းဟု ဆိုလိုပါတယ်။ ထိုကြောင့် ကျွန်တော်တို့တတွေဟာလည်း ဘုရားသခင်ရဲ့ဘုန်းတန်ခိုးလက္ခဏာ ကျေးဇူးတော်ကို ခံစားရပါလျှင် ထိုဘုန်းဂုဏ်တော်ထင်ရှားစေဖို့ စေလွှတ်ခံရခြင်းပါပဲ။ သတ္တိရှိကြပါ၊ မကြောက်ကြနှင့်။ မျက်မမြင်ဟာ တရားဇရပ်ထဲကနေ နှင်ထုတ်ခံရသည့်တိုင်အောင် ခရစ်တော်ကို သက်သေခံခဲ့ပါတယ်။ ကျွန်တော်တို့တတွေလည်း ထိုမျက်မမြင်လို ခရစ်တော်ကို အစေခံနိုင်ပြီလား. . .

ဤ၀ါတွင်းကာလမှာ ကျွန်တော်တို့တတွေ ခရစ်တော်ကို အကောင်းဆုံးသက်သေခံနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား၊ ဒါမှမဟုတ် အမြင်ကျဉ်းကျဉ်းနဲ့ပဲ ခရစ်တော်ကို သက်သေခံဖို့ သူရဲဘောကြောင်ကြောင်နဲ့ ငြင်းဆန်နေမိပြီလား။ စဉ်းစားထောက်ရှု့သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



Post a Comment

0 Comments