ပဉ္စမအကြိမ်မြောက် သာမန်တနင်္ဂနွေနေ့


ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားကျမ်းပိုဒ်သည် ကျွန်ုပ်တို့တတွေဟာ လောက၏ဆား၊ လောက၏အလင်းတွေ ဖြစ်ကြသည်ဟု တိုက်ရိုက်ညွှန်းဆိုထားပါတယ်။ ဤသံမာတေဦးကျမ်းပိုဒ်အရ ယေဇူးခရစ်တော်သည် ကျွန်ုပ်တို့၏မူလဇာတိမှန်ကို ညွှန်းဆိုထားခြင်းဖြစ်ပါတယ်။ ထိုကြောင့် ဤလောကတွင် ကျွန်ုပ်တို့ တစ်ဦးစီတိုင်းမှာ ကောင်းကင်နိုင်ငံတော်ကို သက်သေခံဖို့ သီးသန့်တာဝန်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေဟာ ဆားကဲ့သို့ အငံဓါတ်ကို မပေးနိုင်လျှင်၊ အလင်းကဲ့သို့ လမ်းမပြနိုင်လျှင် ကျွန်ုပ်တို့၏မူလဇာတိမှန်ပျောက်၍ အသုံးမကျသူများ ဖြစ်နေပါလိမ့်မည်။ ထိုအခါ ခရစ်ယာန်ဆိုသည့် ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန်အယောင်ဆောင်များသာ၊ အမည်ခံများသာ ဖြစ်နေပါလိမ့်မည်။

ကျွန်ုပ်တို့တတွေ လောက၏ဆား၊ လောက၏အလင်းအဖြစ် ဤလောကတွင် ကောင်းကင်နိုင်ငံတော်ကို မည်သို့သက်သေခံနိုင်ကြပါမည်နည်း။ တကယ်တော့ ဒီမေးခွန်းဟာ အခြားလောကသားများကို သက်သေခံဖို့ မေးခွန်းတစ်ခုဖြစ်သော်လည်း မိမိတို့ကိုယ်တိုင်လည်း ကောင်းကင်နိုင်ငံတော်ကို မြည်းစမ်းနိုင်မည့် အခွင့်အရေး ဖြစ်ပါတယ်။ ဤမေးခွန်းအား ထောက်ရှု့စဉ်းစားကြည့်လျှင် ကျွန်ုပ်တို့အတွက် တစ်ချက်ခုပ် နှစ်ချက်ပြတ်မည့် အဖြေလိုပဲ - ကိုယ့်ဘ၀တန်ဖိုးကိုလည်း ရှာတွေ့မည်ဖြစ်သလို၊ သူတစ်ပါးကိုလည်း လမ်းပြပေးနိုင်မည့် လမ်းစဉ်ကိုရှာတွေ့ပါလိမ့်မယ်။ ထိုကြောင့် စဉ်းစားထောက်ရှု့ကြည့်ကြပါစို့။
လူသည် ဘုရားသခင်၏ပုံနှင့် သာန်ဆင်တူစွာ ဖန်ဆင်းခံရကြောင်း ကမ္ဘာဦးကျမ်းတွင် ဖော်ပြထားပါတယ်။ ဘုရားသခင်မူကား အနန္တတန်ခိုးတော်ရှိ၍ ပြီးပြည့်စုံခြင်း၊ အမှန်တရား၊ လှပခြင်း၊ မေတ္တာတရား၊ ကောင်းမြတ်ခြင်းနှင့် ကောင်းသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပါတယ်။ ထိုကြောင့် ဘုရားသခင်၏ ပုံနှင့်သာန်အဆင်းတူစွာ ဖန်ဆင်းခံထားရသည့် ကျွန်ုပ်တို့လူသားတွေဟာ အထက်ဖော်ပြပါ ကောင်းမြတ်သော ဂုဏ်သတ္တိတွေနှင့် ဇာတိတည်နေပါတယ်။ သို့ဖြစ်၍ ကျွန်ုပ်တို့လူသားတွေအား ကျေနပ်မှုအပေးနိုင်ဆုံးမှာ ကောင်းမြတ်သည့်လုပ်ရပ်တွေကို လုပ်လိုက်ရခြင်း၊ ခံစားလိုက်ရခြင်းပါပဲ။

သို့သော်လည်း အပြစ်ကြောင့် ကျွန်ုပ်တို့တတွေ ထိုဇာတိဂုဏ်သတ္တိများ လျော့နည်းကင်းမဲ့လာ၍ ကောင်းမြတ်သည့်အရာတွေကို လုပ်ဆောင်ဖို့ အတ္တတို့နှင့်ယှဉ်ပြိုင်နေရပါတယ်။ ဒါပေမယ့် ခရစ်တော်၏ လူ့အဖြစ်ကိုယူတော်မူခြင်း၊ အသေခံခြင်း၊နှင့် ရှင်ပြန်ထမြောက်ခြင်းတို့အားဖြင့် ကျွန်ုပ်တို့တတွေအား ထိုဇာတိဂုဏ်သတ္တိများကို ပြန်လည်ရယူနိုင်ဖို့ ကျေးဇူးတော်များ ရရှိပါတယ်။ ဤသည်ပင် ခရစ်ယာန်များ ဖြစ်ကြပါတယ်။ ခရစ်ယာန်ဆိုသည်မှာ အလင်းပေးသောယေဇူးခရစ်တော်နောက်လိုက်၍ ထိုအလင်းတရားကို အခြားသူများအား တဆင့်ဖြန့်ဝေပေးသူများ ဖြစ်ပါတယ်။ တနည်းအားဖြင့် ၀ိညာဉ်တော်ဘုရား၏ အကူအညီဖြင့် ခရစ်တော်ထံမှ ဖြာထွက်လာသည့် ကျေးဇူးတော်များကို တခြားသူများအတွက် မီးအိမ်သဖွယ် အလင်းပေးသူများဖြစ်ပါတယ်။ ထိုကြောင့်လည်း ခရစ်တော်က - မည်သူမျှ ဆီမီးကိုထွန်း၍ တောင်ဇလားအောက်၌ ၀ှက်ထားလေ့မရှိဟု မိန့်ဆိုပါတယ်။

ဆားနှင့်အလင်းဆိုသည်မှာ ကျွန်ုပ်တို့ဘ၀မှာ အခြေခံကျလွန်း၍ လူတိုင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိနေသည့် ပုံဥပမာပါပဲ။ ဆားဟာ သူ၏အငံဓါတ်ကြောင့် ကျွန်ုပ်တို့အသက်ရှင်ဖို့ မရှိမဖြစ်အခြေခံကျသည့် လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ ထို့အပြင် ဆားကို အခြားအရာတွေအတွက်လည်း အသုံးပြုကြပါတယ်။ ဥပမာ- ဆားကို အပုပ်အသိုးတွေ စင်ကြယ်စေဖို့အသုံးပြုသလို၊ အသားငါးတွေ ကြာရှည်ခံဖို့ ဆားနှင့်သိပ်ထားရပါတယ်။ အစားအသောက်တွင်လည်း အဓိကအရသာကို ပေးပါတယ်။ ထို့ကြောင့်ရှေးခေတ်ကာလတွင် ဆားကို ရွှေကဲ့သို့ ကူးသန်းရောင်းဝယ်မှုပင် ပြုကြပါတယ်။ ထိုကြောင့် ခရစ်တော်က သူ၏နောက်လိုက် တပည့်များ (ကျွန်ုပ်တို့အပါအ၀င်)ကို ဆားကဲ့သို့ မူလဂုဏ်သတ္တိအငံဓါတ်ဖြင့် ဒီကမ္ဘာကြီးအား စင်ကြယ်စေဖို့၊ ကြာရှည်ခံထိန်းသိမ်းစေဖို့နှင့် အရသာကောင်းကို ထိုးဖောက်ပေးစေဖို့ ညွှန်းကြားလိုက်ခြင်းဖြစ်ပါတယ်။

အလင်းနှင့် မီးအိမ်ကိုလည်း ခရစ်တော်က ပုံဥပမာအဖြစ် သရုပ်ဖော်ပေးခဲ့ပါတယ်။ အလင်းဟာ ဘယ်လောက်ထိတန်ဖိုးကြီးပြီး အသုံးဝင်သလဲဆိုတာ လူ့သားအစဉ်အဆက် သိကြပါတယ်။ အမှောင်ထဲတွင် ရှင်သန်၍မရ၊ အလုပ် လုပ်ကိုင်၍မရ၊ ဘယ်အရာမှ မမြင်နိုင်၍ ခလုပ်ခညှောင့်တွေကိုလည်း မရှောင်နိုင်ပါဘူး။ ထိုကြောင့် လျှပ်စစ်မတည်ထွင်နိုင်ချိန် ရှေးခေတ်ကာလတွင် မီးအိမ်ဟာ လူသားတို့အတွက် အဓိကလမ်းပြ အဖြစ်အသုံးဝင်ပါတယ်။ ယနေ့ လျှပ်စစ်မရသေးသည့်နေရာများပင် ထိုအတိုင်းပါပဲ။ ထိုကြောင့် အလင်းအားဖြင့် ခရစ်တော်က ကျွန်ုပ်တို့ကို ဘုရားသခင်၏ဂုဏ်သတ္တိများ၊ ကျွန်ုပ်တို့၏ မူလဇာတိများကို မြင်နိုင်ဖို့ ညွှန်းဆိုပါတယ်။ ကိုယ်တော်၏အလင်းတော်ထဲ၌ အကျွန်ုပ်တို့သည် အလင်းကို မြင်ကြရပါ၏။ (ဆာလံ ၃၆း၉)တွင် ဆိုထားပါတယ်။ ထိုအလင်းအားဖြင့် ဘုရားသခင်၏ ပြီးပြည့်စုံခြင်း၊ အမှန်တရား၊ လှပခြင်း၊ မေတ္တာတရား၊ ကောင်းမြတ်ခြင်းနှင့် ကောင်းသောအရာအားလုံး၏ အရင်းအမြစ်တွေကို မြင်တွေ့နိုင်ပါလိမ့်မယ်။ ထိုမှတဆင့် ကျွန်ုပ်တို့တတွေဟာ အလင်းထွန်းညှိခံရသည့် မီးအိမ်များအဖြစ် အသွင်ပြောင်းကာ ကမ္ဘာကြီးကို လမ်းပြနိုင်မှာဖြစ်ပါတယ်။

မိတ်ဆွေ၊ ပရော်ဖက် ဟေရှာယကြီးက ကျွန်ုပ်တို့တတွေအား ကမ္ဘာကြီးအတွက် ဆားနှင့်အလင်းဖြစ်ဖို့ ဆိုသည်မှာ - ဆာလောင်ငတ်မွတ်သူများနှင့် အစားစာကိုဝေမျှရမည်။ နေအိမ်မရှိသူများကို ခိုလှုံခွင့်ပေးနိုင်ရမည်။ ကိုယ်တီးတီးဖြစ်နေသူများကို အ၀တ်များပေးကမ်းနိုင်ရမည် . . . စသဖြင့် လူသားအချင်းအချင်း မေတ္တာဂရုဏာဆက်စပ်နေမှရမည် ဖြစ်သည်ဟု ပြောဆိုထားပါတယ်။ ဆာလံကျမ်းတွင်လည်း ဖြောင့်မတ်သောသူဟာ အမှောင်ကမ္ဘာထဲတွင် အလင်းဖြစ်သည်ဟု ဆိုထားပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ဖန်ဆင်းခြင်းကတည်းက ရရှိခဲ့သည့် ကျွန်ုပ်တို့၏ မူလဇာတိအရ ဘုရားသခင်နှင့်ဆိုင်ရာ ဂုဏ်သတ္တိတွေရှိသည့် ကောင်းမြတ်သည့်အရာတွေကို လုပ်ဆောင်ခြင်းအားဖြင့် ဘ၀ကျေနပ်မှု့ရရှိမည်ဖြစ်ပြီး ကျွန်ုပ်တို့နှင့်နီးစပ်သူများ၊ လိုအပ်နေသူများကို မေတ္တာတရားကွန်ယက်ဖြင့် ချိတ်ဆက်ကူညီမှု့ပေးခြင်းအားဖြင့် လောက၏ဆားနှင့်အလင်းတို့ဖြစ်ကြမည် ဖြစ်ပါတယ်။ ဒါဟာ လူသားဆန်သည်ဟု ခေါ်ရပါ့မယ်။ ထို့ကြောင့် ဘ၀မှာ အရေးအကြီးဆုံးဟာ လူသားဆန်ရမှာ မကြောက်ဖို့ပါပဲ။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း လူသားပီပီ လူသားဆန်ရမှာမကြောက်ဘဲ လောက၏ ဆားနှင့်အလင်းအဖြစ် ကြိုးစားအသက်ရှင်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



Post a Comment

0 Comments