ကာဒီနယ်ကြီးများ (၁၉)ပါး အသစ်ကိုရွေးချယ်တင်မြှောက်


၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ စိန်ပီတာ၏ပလ္လင်ခုံပွဲတော်နေ့တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ကာဒီနယ်ကြီးများ (၁၉)ပါး အသစ်ကိုရွေးချယ်လိုက်ပါတယ်။ ဤကာဒီနယ်ရွေးကောက်ခြင်းသည် ပါးပါးဖရန်စစ်အတွက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသင်းတော်အားဦးဆောင်တာဝန်ယူချိန်အတွင်း ပထမဆုံးရွေးကောက်ခြင်း ဖြစ်ပါတယ်။ အသစ်သော ကာဒီနယ်ကြီးများအား အသင်းတော်ကို ရဲရဲဝံ့ဝံ့ အစေခံကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ သူ၏သြ၀ါဒတွင် “အသင်းတော်ကြီးဟာ သင်တို့ရဲ့ ရဲဝံ့မှုလိုအပ်ပါတယ်။ ဧ၀ံဂေလိသတင်းကောင်းကို အချိန်အခါ၌သော်လည်းကောင်း၊ အချိန်ခါမဟုတ်သည့်အခါ ၌သော်လည်းကောင်း အချိန်ပြည့် ဟောပြောသက်သေခံနိုင်ရန် သင်တို့၏ရဲဝံ့မှုကို အသင်းတော်ကြီးဟာ လိုအပ်ပါတယ်” ဟုအထူးပြောကြားခဲ့ပါတယ်။

ထိုသို့ ကာဒီနယ်အသစ်များရွေးကောက်ခြင်းကို သက်သေခံဖို့ စိန်ပီတာရင်ပြင်တော်တွင် ၂၀၀ခန့်ရှိသော ကာဒီနယ်ကြီးများ အစုဖြင့်ပြည့်လျှံခဲ့ပါတယ်။ အထူးသဖြင့် အနားယူသွားသော ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)လည်း ဤအခမ်းနားကို တက်ရောက်ကြောင်းတွေ့ရှိရပါတယ်။

အခမ်းအနားကို ရှေးထုံးအစဉ်အလာအတိုင်း လာတင်ဘာသာစကားဖြင့်ပြုလုပ်ကာ အသစ်သော ကာဒီနယ်ကြီးများသည် အနီရောင်ခေါင်းစောင်းနှင့် သင်္ကန်းဝတ်ရုံများကို လက်ခံရယူခဲ့ကြပြီး ဆင်မြန်းခဲ့ကြပါတယ်။

ရွေးကောက်ခံရသည့် ကာဒီနယ်ကြီး အသစ် ၁၉ပါးတွင် ၁၆ပါးဟာ အသက်တော် ၈၀အောက်မှ ဖြစ်၍ နောင်တချိန်စိန်ပီတာ၏အရိုက်ရာကို ရွေးချယ်လျှင် မဲဆန္ဒပေးခွင့်ရှိသူများဖြစ်လာမည် ဖြစ်ပါတယ်။ ကျန်သည့် ၃ပါးမှာ အသက်တော် ၈၀အထက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ၎င်းကာဒီနယ်အသစ် ၁၉ပါးများမှာ -
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ပီအဲထရို ပါရိုလင်း (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး လောရမ်ဇို ဘာဒီဆယ်ရီ (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျာဟတ် လူဝစ်မူလာ (ဂျာမနီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဘမ်နီရာမီနို စတဲလာ (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဗင်းဆင့် နီကိုးလ်စ် (အင်္ဂလန်)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး လိုပါ့ဒို ဟိုစေးဘရဲနက်စ် စိုလိုဇားနို (နီကာရာကွေး)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျယ်ရတ် စီပရီယမ် လာခရွိုက်စ် (ကနေဒါ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျင်းပီအဲယာ ကုဝါ (အိုင်ဗရီကို့စ်)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး သြရာနီ ဂျော်တန်ပက်စ္စတာ (ဘရာဇီးလ်)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဂုအာတီအဲရို ဘာဆယ်တီ (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး မာရီရိုသြရဲလီယို ပိုလီ (အာဂျင်တီနား)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး အမ်ဒရူး ယွမ်ဆူးဂျမ် (တောင်ကိုးရီးယား)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ရီကာဒို အဲဇာတီ အမ်ဒရဲလို (ချီလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဖီလစ်ပေ နာကယ်လမ်တုဘ အွေဒရာဂို (ဘုကီနာဖာစို)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး သြလန်ဒို ဘီ ကွေဗက်ဒို (ဖီလစ်ပိုင်)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ချီဘလီ လန်ဂလွိုက်စ် (ဟေတီ)
-       မွန်စီညှော် လော်ရစ် ဖရန်စစ္စကို ကာပိုဗီလာ (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဖာနန်ဒို ဆာဗက်စတီးယမ်း အာကွီလာ (စပိန်)
-       မွန်စီညှော် ကယ်ဗင် အက်ဒွါတ် ဖဲလစ် (စိန်လုစီယာ)တို့ဖြစ်ကြပါတယ်။

အသင်းတော်နှင့် ဘုရားသခင်၏လူမျိုးတော်အား ရဲရဲဝံ့ဝံ့ဆက်ကပ်အစေခံနိုင်သွားကြစေရန် ဆက်လက်ဆုတောင်းပေးသွားကြပါစို့။


မနောအောင်

Post a Comment

0 Comments