နှစ်တစ်ရာပြည့် အကြိမ်မြောက် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင် လုပ်သားများနှင့် ခိုလှုံဒုက္ခသည်များနေ့ကျင်းပ

ပို၍ကောင်းသည့် ကမ္ဘာကြီးဆီသို့

နှစ်တစ်ရာပြည့် အကြိမ်မြောက် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်လုပ်သားများနှင့် ခိုလှုံဒုက္ခသည်များနေ့ကို မကာအိုမြို့တော်တွင် ဇန်န၀ါရီလ ၁၉၊ ၂၀၁၄ တွင်ကျင်းပခဲ့ပါတယ်။ ဤပွဲတော်သို့ ပါဝင်သူတစ်ဦးအနေဖြင့် ယဉ်ကျေးမှု့မျိုးစုံမှအ၀တ်အစားများဝတ်စားဆင်ယဉ်ထားသည်ကို မြင်ရသည့်အခါ လုံးဝစိတ်နှလုံး ကြည်နူးပြီး နှစ်ထောင်းအားရအံ့သြသွားမယ်ဆိုတာ အသေအချာပါပဲ။ ပွဲတော်ကို မကာအိုမြို့တော်၏ သမိုင်းဝင်ဘုရားကျောင်းကြီးဖြစ်သည့် စိန်သြဂက်စတင်းကျောင်းတွင် ဆရာတော်ဂျိုးဇက်လှိုင်မှဦးဆောင်သည့် မစ္ဆားတရားတော်ဖြင့် စတင်ခဲ့ပါတယ်။ ထိုနောက် စိန်ဂျိုးဇက်စာသင်ကျောင်းဝင်ရှိ ဇာတ်ရုံတွင် ပွဲတော်ကို ဆက်လက်ကျင်းပခဲ့ကြပါတယ်။ နိုင်ငံတကာမှ အုပ်စုလေးများဟာ မိမိတို့နိုင်ငံမှ အစားအစာများဖြင့် ရာပေါင်းများစွာသော ပွဲတော်ဆင်နွှဲသူများကို ဧည့်ခံခဲ့ကြပါတယ်။ ယခုအကြိမ်ပွဲတော်၏ ဆောင်ပုဒ်ကတော့ - ပို၍ကောင်းသည့်ကမ္ဘာကြီးဆီသို့ ဟူ၍ဖြစ်ပါတယ်။ ဤပွဲတော်ကျင်းပရာ၌ မကာအိုရောက်မြန်မာလူမျိုးများလည်း ပါဝင်ခဲ့ကြပြီး မုန့်ဟင်းခါးနှင့် ရွှေကျီမုန့်ကို ပွဲတော်လာ ဧည့်သည်များအား ဧည့်ခံခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ဆောင်ပုဒ်အားပံ့ပိုးထောက်ပံ့လျက် - ပို၍ကောင်းသည့်ကမ္ဘာကြီးဆီသို့ ဆောင်ပုဒ်အတိုင်း မကာအိုမှကက်သလစ်ဆရာတော်ကြီး ဂျိုးဇက်လှိုင်သည်လည်း ပို၍ကောင်းသည့် ကမ္ဘာကြီးဖန်တီးနိုင်ဖို့၊ တည်ဆောက်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကမ္ဘာဦးကျမ်း ၁း၂၈ အားဖြင့် ကျွန်ုပ်တို့လူသားတွေဟာ ဘုရားသခင်၏ဖန်ဆင်းခြင်းတစ်ခုလုံးကို စောင့်ရှောက်ဖို့ ယုံကြည်အပ်နှံခံရသူများ ဖြစ်၍ ကျွန်ုပ်တို့ကမ္ဘာကြီးအား ပို၍ပို၍ကောင်းလာအောင် တည်ဆောက်ဖို့ ကျွန်ုပ်တို့လူသားတွေမှာ တာဝန်ရှိကြောင်း ဆရာတော်ကြီး၏သြ၀ါဒတွင် ထည့်သွင်းမိန့်ဆိုခဲ့ပါတယ်။ ဆက်လက်၍ ဆရာတော်ကြီးက- ယနေ့ မကာအိုမှာ ဒုက္ခသည်များမရှိသော်လည်း ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများရှိပြီး ၎င်းတို့ဟာ မကာအိုမြို့တော် တိုးတက်ဖွံ့ဖြိုးမှု့၌ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေကြောင်းလည်း ပြောဆိုလိုက်ပါတယ်။ ထို့အပြင် ယခုလိုရွှေ့ပြောင်းနေထိုင်လုပ်ကိုင်ခြင်းဟာ ဘုရားသခင်၏နိုင်ငံတော်သို့ ရွှေ့ပြောင်းလာသည်နှင့် အလားတူပြီး ဘုရားသခင်၏နိုင်ငံတော်မှာ ကျွန်ုပ်တို့တတွေဟာ ညီအစ်ကိုရင်းပမာချစ်ခင်ကြကြောင်း မိန့်ဆိုကာ. . . ယခုကမ္ဘာတွင် ကျွန်ုပ်တို့အားလုံးဟာ ပို၍ကောင်းသည့်ကမ္ဘာဖြစ်သည့် ကောင်းကင်နိုင်ငံတော်သို့ ဦးတည်နေသည့်ရွှေ့ပြောင်းသူများပင် ဖြစ်ကြောင်း တရားမှတ်စရာ ပေးခဲ့ပါတယ်။

မစ္ဆားတရားတော်မြတ်မှာလည်း ရောင်စုံယဉ်ကျေးမှု့နှင့်ဘာသာစကားများဖြင့် လှပတင့်တယ်နေပါတယ်။ ထိုနောက် စိန်ဂျိုးဇက် ကျောင်း၏ဇာတ်ရုံတွင် ယဉ်ကျေးမှု့ ရိုးရာဖျော်ဖြေခြင်းများနှင့် သီချင်းသီဆိုခြင်းများ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ We are the World ခေါင်းစဉ်ဖြင့် သီချင်းကို နိုင်ငံတိုင်းမှ ကိုယ်စားပြုများဖြင့် စုပေါင်းသီဆိုခဲ့ပြီး နိုင်ငံတိုင်းမှာလည်း ၎င်းတို့၏ယဉ်ကျေးမှု့များ ပေါ်လွင်စေသည့်အကများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ မြန်မာလူမျိုးများလည်း “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် တိုင်းရင်းသားစုံညီဝတ်စုံများဖြင့် နိုင်ငံတော်၏ရောင်စုံ ယဉ်ကျေးမှု့နှင့်စည်းလုံးခြင်းကို ဖော်ကျူးခဲ့သလို၊ နောက်ထပ်သီချင်းတစ်ပုဒ်တွင်လည်း မြန်မာ ဒိုမီနီကန်စစ္စတာလေးများမှ ရိုးရာဝတ်စုံလေးတွေကိုယ်စီဖြင့် တေးသရုပ်ဖော်ခဲ့ကြပါတယ်။

ပွဲတော်၏ရာပြည့်အမှတ်တရအဖြစ် “Crossing the Borders”ဟူသော စာအုပ်ကို လက်ဆောင်အဖြစ် ပေးဝေခဲ့ကြပါတယ်။ ထိုနောက် နောက်နှစ်တွင်လည်း ယခုလို ကမ္ဘာ့ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူများနှင့် ခိုလှုံဒုက္ခသည်များနေ့ကို ကျင်းပနိုင်ရန် မျှော်လင့်စောင့်စားရင်း အခမ်းနားကိုရုပ်သိမ်းခဲ့ပါတယ်။


မနောအောင်

Post a Comment

0 Comments